[irrawaddy_gallery]
မဝေးသေးသော တချိန်က မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ်တွင် အလွန် တန်ခိုးထွားခဲ့သော်လည်း ယခုအခါ အများ ပြည်သူရှေ့က သူတို့ပျောက်ကွယ်ခဲ့ကြပြီ။ သူတို့ ဘယ်မှာရှိနေကြပါလိမ့်။ ဘာများလုပ်နေကြပါလိမ့်။
နီးစပ်သူများ အဆိုအရ ယခုအခါ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး တို့သည် ရန်ကုန်မြို့နှင့် နေပြည်တော်ရှိ လူအများက အလွယ်တကူ မမြင်နိုင်၊ မဝင်ရောက်နိုင်သည့် ခြံဝင်းကြီး များထဲတွင် နေထိုင်လျက်ရှိကြပြီး သူတို့ထံသို့ စစ်ဘက်နှင့် အစိုးရဘက်မှ ပုဂ္ဂိုလ်များ အပါအဝင် ပုံမှန် ရောက်လာသည့် ဧည့်သည်များ၏ ဂါရဝပြုခြင်းကို ခံယူမြဲဖြစ်သည်။ ရန်ကုန်မြို့ သံတမန် သတင်း ရပ်ကွက်များကမူ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေသည် သမ္မတ ဦးသိန်းစိန်နှင့် ဦးရွှေမန်းတို့ကို မကြာသေးခင်က သီးခြားစီ ခေါ်ယူတွေ့ဆုံခဲ့ကြောင်း၊ တွေ့ဆုံချိန် သုံးနာရီခန့် ကြာမြင့်ခဲ့ကြောင်း ပြောဆိုကြသည်။
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက စိတ်ဓာတ်တည်ငြိမ်သူဖြစ်ပြီး နဝတ/နအဖ လက်ထက်တွင် နိုင်ငံရေးကို သူက ကိုင်တွယ်သည်။ စီးပွားရေးကို နဝတ/နအဖ၏ ဒု ဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေးကို လွှဲခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေကို တိုင်းမှူးဘဝက “ဗိုလ်မှူးကြီး အေးမြမြ” ဟု ကွယ်ရာတွင် အရာရှိများ၊ ရဲဘော်များက ခေါ်ဝေါ်ခဲ့ကြသည်။ ကွမ်းတမြုံ့မြုံ့နှင့် သူ၏ ဒေါသစိတ်ခံစားမှုကို မျက်နှာတွင် မြင်ရခဲသည်။ အငြိမ်းစား ယူခဲ့ပြီဆိုသော်လည်း မြန်မာ့နိုင်ငံရေးနှင့် တပ်မတော်အပေါ် ဩဇာရှိဆဲဟု လေ့လာသူများက သုံးသပ်သည်။ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူ့ကိုပြန်ပြီး ချည်းကပ်ဖို့ ကြိုးစား နေသည်ဟူသော သတင်းများလည်း သံတမန် လောကမှာ ပြန်လည်ထွက်ရှိလာ နေချိန်ဖြစ်သည်။
၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်းက မြန်မာ့ရိုးရာ ကထိန်ပွဲတော်တွင် မြန်မာနိုင်ငံမှ အချမ်းသားဆုံး လုပ်ငန်းရှင် သူဌေးကြီးများ၊ သမ္မတ ဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းအပါအဝင် နိုင်ငံရေး နယ်ပယ်မှ ပုဂ္ဂိုလ်များက အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေကို သွားရောက်တွေ့ဆုံ ဂါရဝပြုခဲ့ကြသည်။ စစ်တပ်၏ အာဏာအရှိန်အဝါကို ထူထောင်ခဲ့သော်လည်း အာဏာလွှဲပြောင်းရေး လမ်းပြမြေပုံအား ချမှတ်ကာ သွေးမစွန်းသည့် အသွင်ကူးပြောင်းမှု “မြန်မာ့နွေဦး” အတွက် လမ်းခင်းပေးခဲ့သောကြောင့် စစ်အစိုးရ၏ ဥသျှောင်ဟောင်းကို တပည့်တပန်းများအပြင် နိုင်ငံရေး ဝေဖန်သုံးသပ်သူ အချို့ကပင် အမှတ်ပေးချီးကျူး ဂုဏ်ပြုမှုများ ရှိခဲ့သည်။
အာဏာရှင်ဟောင်း ဦးနေဝင်းက အထွက်မတတ်ခဲ့ဘဲ ဦးသန်းရွှေကတော့ အကွက်စေ့စေ့နှင့် အရှင်ထွက်ထွက် သွားသည်ဟု ရန်ကုန် နိုင်ငံရေးရပ်ကွက်တွင် သုံးသပ်ကြသည်။ ယခုအချိန်တွင် သူ့အချိန်များကို နေပြည်တော်ရှိ နေအိမ်တွင် စာဖတ်ခြင်းဖြင့်သာ ဖြတ်ကျော်နေသည်ဟု ဆိုသော်လည်း ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက မြန်မာနိုင်ငံ၏ အနာဂတ်အရေးအတွက် စိုးရိမ်ပူပန်မိကြောင်း ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့ သီတင်းကျွတ်လပြည့်နေ့တွင် သူရဦးရွှေမန်း မိသားစုက သွား ရောက်ကန်တော့စဉ် ပြောဆိုလိုက်သည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောခဲ့သေးသည်။
အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ဦးမောင်အေးမှာမူ လေဖြတ်ခံထား ရကြောင်း သိရသည်။ နိုင်ငံရေးနှင့် လက်နက်ကိုင်တပ်ဖွဲ့များကို စီမံခန့်ခွဲရေးတို့မှ လုံးလုံးလျားလျား အနားယူလိုက်ပြီဖြစ်သည်ဟုလည်း နီးစပ် သူတို့က ဆိုသည်။
“သူက ဘီးတပ်ကုလားထိုင်နဲ့ နေနေရပြီ။ နိုင်ငံရေးကို စိတ်မဝင်စား တော့ပါဘူး။ သူ့ နောက်ဆုံးအချိန် ရောက်လာမယ့်နေ့ကို စောင့်နေရတယ်” ဟု စစ်အစိုးရဟောင်း၏ ဒုတိယ ခေါင်းဆောင် မိသားစုနှင့် နီးစပ် သူတဦးက ဧရာဝတီကို ပြောပြသည်။ ဝီစကီ အကောင်းစား ကြိုက်တတ်သူဟု လူသိများသော ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေးသည် အခုအချိန်တွင် အသောက်အစား မလုပ်တော့ဘဲ ဘာသာရေး ပိုလုပ်နေသည်ဟုလည်း သိရသည်။ မိတ်ဆွေဟောင်းများ အိမ်ကိုလာလည်လျှင် မျက်ရည်ကျတတ်သည်။ ပြီးခဲ့သည့်လပိုင်းက ဒုတိယ ဗိုလ်ချုပ်မှူးကြီး ဦးမောင်အေး၏ နေအိမ်တွင်ကျင်းပသော ကထိန်သင်္ကန်း ကပ်လှူပွဲသို့ လက်ရှိ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ခဲ့သေးသည်။
“ဗိုလ်ချုပ်ကြီးအေး” ဟု အခေါ်ခံ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေးသည်လည်း တချိန်က မြန်မာ့စီးပွားရေးကို ချုပ်ကိုင်ခဲ့သော ကုန်သွယ်ရေးကောင်စီ (Trade Council) တွင် ကြီးကြပ်တာဝန်ယူခဲ့သူ ဖြစ်သည်။ စီးပွားရေးနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကိုမူ နားလည်သူ မဟုတ်။ ထို့ကြောင့်လည်း သူအမှား တွေလုပ်ခဲ့သည်ဟု လုပ်ဖော်ကိုင်ဖက်များက သုံးသပ်ကြသည်။
စစ်ခေါင်းဆောင် အချင်းချင်း အာဏာလွန်ဆွဲပွဲတွင် ရာထူးမှ ဖယ် ရှားခံရကာ နေအိမ်အကျယ်ချုပ်ချ ဖမ်းဆီး ခံထားရာမှ ပြန်လည်လွတ်မြောက်လာသော စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်ကမူ ကျန်းကျန်းမာမာရှိပြီး ရန်ကုန်မြို့တွင် ပန်းချီပြခန်းတခု ဖွင့်လှစ်ခဲ့သည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီဆန္ဒပြပွဲများကို ဖြိုခွဲခဲ့ပြီးနောက်ပိုင်းတွင် အစိုးရကို ဆန့်ကျင်သူများကို ဖမ်းဆီးနှိပ်စက်မှုများတွင် အဓိကနေရာမှ ပါဝင်ခဲ့သည့် အတွက် ဦးခင်ညွန့်ကို “မိစ္ဆာမင်းသား” ဟု အများက ခေါ်ခဲ့ကြသည်။
မကြာသေးခင်က ပြုလုပ်ခဲ့သည့် ဦးမြတ်ခိုင် ရေးသားထုတ်ဝေသော ဦးခင်ညွန့် အင်တာဗျူး စာအုပ် မိတ်ဆက်ပွဲတွင် နိုင်ငံရေးအကျဉ်းသားများသည် ဥပဒေချိုးဖောက်သော ရာဇဝတ်အကျဉ်းသား များသာဖြစ်ကြောင်း ပြောဆိုခဲ့ခြင်းကြောင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ အကြား အတော်ဂယက် ထခဲ့သည်။ ဦးခင်ညွန့်နှင့် အလုပ်အတူတူတွဲလုပ်ခဲ့သူများ၏အဆိုအရ ဖမ်းဆီးခံရသော နိုင်ငံရေး အကျဉ်းသားများကို ထောင်တွင်းတွင် နှိပ်စက်ညှဉ်းပန်းပြီး ၎င်း၏ လက်အောက်ငယ်သားများအားလည်း “ဒီကောင် ဝန်ခံပြီလား” ဟု နေ့စဉ်မေးမြန်းကြောင်း သိရသည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက စစ်ထောက် လှမ်းရေးတပ်ဖွဲ့ တရားလက်မဲ့ လက်လွန်ခြေလွန်မှုများကြောင့် ထောင်တွင်း အသက်သေဆုံးခဲ့ရသူ ၁၄၀ ရှိသည်ဟု ဆိုသည်။ ယခုမူ ဦးခင်ညွန့်က ပါတီနိုင်ငံရေးမလုပ်၊ “အမျိုးသားနိုင်ငံရေး” လုပ်မည်ဟု ပြောဆိုထားသည်။
အကြောင်းမယ်မယ်ရရမရှိဘဲ လက်ရှိအစိုးရသစ်၏ ဒုတိယသမ္မတ ရာထူးမှ နုတ်ထွက်သွားခဲ့သော သီဟသူရ ဦးတင်အောင်မြင့်ဦးမှာ လည်ချောင်းကင်ဆာ ခံစားနေရသည်ဟု ယခင်က ရေးသားဖော်ပြခဲ့ကြသည်။ ကာယကံရှင်၏ အတည်ပြုချက်တော့ မရှိခဲ့ပါ။ ဤသတင်းက မှားသည်ဟု ဆိုသူကဆိုကြသည်။ သူက ၁၉၇၀ နှစ်များအတွင်း ရှေ့ တန်း စစ်မျက်နှာတွင် ရဲဝံ့စွာ တိုက်ခိုက်ခဲ့သည့်အတွက် ဆုတံဆိပ်များ ရရှိခဲ့သူဖြစ်ပြီး ယခင် စစ်အစိုးရလက်ထက် မြန်မာနိုင်ငံတွင် တန်ခိုးထွားကာ ကုန်သွယ်ရေးကောင်စီကို ထိန်းချုပ်ရသူ ဖြစ်သောကြောင့် မြန်မာနိုင်ငံတွင် အချမ်းသာဆုံးသူ တဦးဖြစ်သည်ဟု အများက သတ်မှတ်ခဲ့ကြသည်။ ယခုအချိန်တွင်မူ ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ တင်အောင်မြင့်ဦးကို လူအများက မေ့သွားကြပြီဖြစ်သည်။
ဦးတင်အောင်မြင့်ဦး၏ နုတ်ထွက်မှုကို ကျန်းမာရေးကြောင့်ဟု အကြောင်းပြခဲ့သော်လည်း “ခေါင်းမာဂိုဏ်းသား” တယောက်ဟု တချိန်က သတ်မှတ်ခြင်းခံခဲ့ရသည့် သူ့ကို အခုတော့ ရန်ကုန်မြို့ရှိ ဂေါက်ကွင်းများတွင် ကျန်းမာစွာဖြင့် ဂေါက်ရိုက် ကစားနေသည်ကို မကြာခဏ မြင်တွေ့ကြသူများ ရှိသည်။ ဦးတင်အောင်မြင့်ဦးက သူဘာကြောင့် ရာထူးမှ နုတ်ထွက်ခဲ့ရသည်ကို ခုချိန်ထိ ရေငုံနှုတ်ပိတ်နေသော်လည်း သမ္မတ ဦးသိန်းစိန်နှင့် ကတောက်ကဆ ဖြစ်ခဲ့ပုံရကြောင်း ရင်းနှီးသူတချို့ က ပြောကြသည်။ နိုင်ငံရေး အသိုင်းအဝိုင်းကမူ သူ့မှာ ဘာရောဂါမှ ကြီးကြီးမားမားမဖြစ်၊ ဦးသိန်းစိန်နှင့် သဘောထားချင်း မတိုက်ဆိုင်၍ နုတ်ထွက်ခဲ့ခြင်းဟု သုံးသပ်ကြသည်။ တိုင်းပြည်၏ သယံဇတများကို အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံကို ရောင်းစားခဲ့သည်ဟု နဝတ/ နအဖ ရပ်ကွက်တွင် သတင်းကြီးသူဖြစ်သည်။
ဂေါက်သီးကစားခြင်းအပြင် ဦးတင်အောင်မြင့်ဦး နောက်ထပ် လုပ်ကိုင်နေသည်မှာ ဧရာဝတီတိုင်းအတွင်း ကြေးခေါင်းလောင်းကြီးတခု သွန်းလုပ်ရန် ဦးဆောင်စီစဉ်နေခြင်း ဖြစ်သည်။ ဦးတင်အောင်မြင့်ဦး ဦးဆောင် သွန်းလုပ်မည့် ခေါင်းလောင်းသည် ၅၅၅၅၅ ပိဿာလေးသည့် စစ်ကိုင်း မင်းကွန်းခေါင်းလောင်းထက် ပိုမို ကြီးမားမည်ဟုလည်း သတင်း ရရှိသည်။ ခေါင်းလောင်းသွန်းလုပ်ရန်အတွက် ကြေးဝါအမြောက်အမြား ဝယ်ယူ စုဆောင်းနေသောကြောင့် ပြည်တွင်း ကြေးဝါဈေး မြင့်သွားခဲ့ရ ကြောင်း သတင်းများက ဆိုသည်။
ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်မည်ဟု ေြွကးကြော်ခဲ့သော စစ်အာဏာရှင်ကြီး များသည် သူတို့ ယုံကြည်စိတ်ချရသော တပည့်ကောင်း၊ တပည့်ဟောင်းများကို အာဏာလွှဲပေးပြီး အငြိမ်းစား ယူသွားခဲ့ခြင်း ဖြစ်ပါသည်။ သို့သော်လည်း လှိုင်းဂယက်တွေ ထနေဆဲဖြစ်သော မြန်မာနိုင်ငံရေးကို ကန့်လန့်ကာ နောက်ကွယ်မှ စောင့်ကြည့်နေဆဲဆိုသည်ကိုမူ သံသယရှိစရာမလိုပြီ။ ထို့နည်းတူ ဤပုဂ္ဂိုလ်များကိုလည်း အနောက်နိုင်ငံများက ပိတ်ဆို့အရေးယူမှုစာရင်း ထဲတွင်ထည့်ထားခြင်းဖြင့် စောင့်ကြည့်နေဆဲဖြစ်ပေသည်။