ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာနိုင်စေရေး အတားအဆီးသဖွယ် ဖြစ်နေသော ပုဒ်မ ၅၉ စ ကို မပြင်လိုသေးဘဲ တိုင်းရင်းသားနှင့် နိုင်ငံသားတို့၏ အခွင့်အရေးကိစ္စများကိုသာ ပြင်ဆင်ရန် အဓိက လုပ်ဆောင်သွားမည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားသည်။
နဝမအကြိမ်မြောက် ပြည်သူ့လွှတ်တော်တွင် ကြံ့ခိုင်ရေးပါတီအနေဖြင့် “တိုင်းရင်းသားတို့၏ အခွင့်အရေး ပိုမိုရရှိလာရေး” ” နိုင်ငံသားတို့၏ အခွင့်အရေး ပိုမို ထိထိရောက်ရောက် ရရှိလာရေးန” နှင့် “တည်ငြိမ်အေးချမ်းမှုကို မပျက်ပြားစေဘဲ လက်ရှိ ဒီမိုကရေစီစနစ် ဆက်လက်တည်ရှိနိုင်မည့် အချက်အလက်များ ကိစ္စ”ကိုသာ ပြင်ဆင်သွားမည်ဟု တနင်္လာနေ့တွင် စတင်ဖွင့်လှစ်သည့် လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်လာသော ဦးဌေးဦးက ဧရာဝတီကို ပြောဆိုသည်။
“ပုဒ်မ ၅၉ (စ) ထက် အရေးပါတဲ့ကိစ္စမျိုးကြတော့လည်း ကိုယ့်နိုင်ငံနဲ့ ကိုက်ညီတဲ့လမ်းကြောင်းအတိုင်း ကိုယ်သွားရအုံးမှာပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက တချို့အချက်တွေက ပြင်ဆင်ဖို့ကောင်းတယ်။ ဒါပေမဲ့ တခုခုနဲ့ ငြိနေသေးတယ်ဆိုရင်တော့ ပြင်ဆင်ဖို့ မလုပ်နိုင်သေးဘူး”ဟု ဦးဌေးဦးက ပြောသည်။
အာဏာရပါတီအနေဖြင့် ပုဒ်မ ၅၉ (စ) ပါ အချက်အလက်များကို ပြင်ဆင်နိုင်ရေးထက် နိုင်ငံ၏ လက်ရှိအနေအထားနှင့် အသင့်တော်ဆုံးဖြစ်သည့် ပါတီစုံ ဒီမိုကရေစီစနစ်ဖြင့် နိုင်ငံတိုးတက်ရေးကို ဦးတည်ဆောင်ရွက်လိုသည့် ရည်ရွယ်ချက်ရှိသည်ဟု အကြောင်းပြသည်။
“လက်ရှိအနေအထားမှာ ဘာက အသင့်တော်ဆုံးလဲဆိုတာ သိဖို့ အရေးကြီးတယ်။ တချို့ကိစ္စတွေကြတော့ ချက်ချင်းမဖြစ်နိုင်သေးဘူး။ ဒီမိုကရေစီရတာ နှစ်ကြာနေပြီဖြစ်တဲ့ နိုင်ငံတွေနဲ့တော့ သွားပြီး ယှဉ်လို့မရဘူး။ ပြင်ဆင်ဖို့ကောင်းတယ်ဆိုတိုင်းလည်း ချက်ချင်း မဖြစ်နိုင်သေးတာတွေ ရှိတယ်”ဟု ဦးဌေးဦးက ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအပေါ် သုံးသပ်သည်။
လက်ရှိ မြန်မာ့နိုင်ငံရေးသည် ပါတီစုံဒီမိုကရေစီစနစ်ဖြင့်သာ နိုင်ငံတိုးတက်ရေးကို ဦးတည်ဆောင်ရွက်နေသည့်အတွက် ယင်းစနစ်ကို ထိခိုက်မခံနိုင်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးကိစ္စသည် နိုင်ငံတကာနှင့် ဆက်ဆံရေးကဏ္ဍတွင်လည်း အရေးပါလာနိုင်သည့်အပြင် ဒေသတွင်းနိုင်ငံများ၏ အကြံပြုချက်များကိုလည်း ရယူသင့်ကြောင်း ဦးဌေးဦးက ဆိုသည်။
သို့ရာတွင် ဒီမိုကရေစီရေး မြန်မာ့ ပြုပြင်ပြောင်းလဲမှုများကို ထောက်ခံအားပေးပြီး တပ်မတော်နှင့် ရဲတပ်ဖွဲ့ ခေတ်မီစေရေး အကူအညီပေးနေသည့် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ကို တောင်းဆိုထားကြသည်။
ဦးဌေးဦး၏ ပြောဆိုချက်မှာ ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များအကြား သမ္မတ ဦးသိန်းစိန်၏ “မည်သည့် မြန်မာနိုင်ငံသား တိုင်းရင်းသားတဦးကိုမျှ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့်ကို ကန့်သတ်တားမြစ်တာမျိုး မဖြစ်စေလိုတဲ့ နိုင်ငံရေးစေတနာ ရှိသလို တဖက်ကလည်း မိမိတို့ အမျိုးသားအကျိုးစီးပွားနှင့် မိမိတို့ နိုင်ငံရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို မထိပါးစေမည့် သင့်တင့်လျောက်ပတ်တဲ့ အကာအကွယ်ပေးနိုင်သည့် အခြေခံမူများ ရှိရန်လည်း လိုလားပါတယ်”ဟူသော သဘောထားက ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ “တန်းတူရည်တူ ယှဉ်ပြိုင်ချင်သည့် ဆန္ဒရှိ”မှုကို ပိုမိုဩဇာသက်ရောက်ခဲ့သလားဟု မေးခွန်းထုတ်စရာဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် လေ့လာသုံးသပ်ရန် အရပ်သားလွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသည့် အဖွဲ့ ၅ ဖွဲ့ ခွဲပြီး ဆောင်ရွက်နေရာ ကြံ့ခိုင်ရေးပါတီမှ သူရဦးအေးမြင့် ဦးဆောင်သည့် အဖွဲ့ ၁ သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ထောက်ခံသူများက ပြင်ဆင်ပေးရေး တောင်းဆိုနေကြသည့် ပုဒ်မ ၅၉ ပါဝင်သည့် အခန်း ၃ ကို တာဝန်ယူလေ့လာစိစစ်ရမည်ဖြစ်သည်။
၎င်းတို့ လေ့လာသုံးသပ်မည့် အချက်အလက်များတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် အဓိကကျပြီး အရေးအကြီးဆုံးအပိုင်းများလည်း ပါဝင်နေသည့် အဖွဲ့တဖွဲ့ ဖြစ်သည်ဟု အဖွဲ့ ၁ တွင် ပါဝင်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က ဧရာဝတီသို့ ပြောသည်။
“ဥပဒေကို ပြင်ချင်ကြတယ်ဆိုပေမယ့် တချို့အခြေအနေတွေမှာ ကိုယ်ရောက်နေတဲ့ အဆင့်အခြေအနေကိုလည်း နားလည်ဖို့လိုသေးတယ်။ ကိုယ်ဖြစ်ချင်တာကို အတင်းတွန်းရင် ဖြစ်လာမယ့်အကျိုးဆက်က မကောင်းဘူး။ ပုဒ်မ ၅၉ ပြင်ရေးအတွက်ဆိုတဲ့စာတော့ တစောင်မှ ရောက်လာတာ မတွေ့သေးဘူး”ဟု ဦးသိန်းညွန့်က ဆိုသည်။ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်တွင်သာ ကိုယ်စားလှယ်များအားလုံး ၎င်းတို့၏ အမြင်နှင့် သဘောထားကို ပြောဆိုဆွေးနွေးသွားကြမည်ဟုလည်း ဆိုသည်။
မကြာသေးမီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း တို့နှင့်အတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအတွက် လေးပွင့်ဆိုင်ဆွေးနွေးပွဲမျိုး ပြုလုပ်ဖို့ တောင်းဆိုခဲ့သော်လည်း အစိုးရဘက်က မဖြစ်နိုင်သေးကြောင်း အကြောင်းပြန်ခဲ့သည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ယခု ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် လူပုဂ္ဂိုလ် တဦးတယောက်အတွက်၊ အဖွဲ့အစည်းတရပ်အတွက် ရေးဆွဲထားခြင်း မဟုတ်ဘဲ ပြည်ထောင်စု တိုင်းရင်းသား အားလုံးအတွက် လူတန်းစားအလွှာ အသီးသီးမှ ပါဝင်သည့် ပြည်သူ့ကိုယ်စားလှယ်များက စနစ်တကျရေးဆွဲထားခြင်းဖြစ်ကြောင်း ဒီဇင်ဘာ ၁၅ ရက်နေ့က ပြောဆိုခဲ့သလို တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မည်ဟုလည်း အကြိမ်ကြိမ် ပြောဆိုဖူးသည်။