ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံ ပေးရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြတောင်းခံလိုက်ကြောင်း သိရှိရသည်။
ကာကွယ်ရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ဇန်နဝါရီလ ၁၄ ရက်နေ့ ကျင်းပသော ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ကာကွယ်ရေးအသုံးစရိတ် ၂ ဒသမ ၃ ဘီလီယံတောင်းခံသွားပြီး ယင်းအသုံးစရိတ်သည် တိုင်းပြည်၏ စီးပွားရေး အခြေအနေကို ငဲ့ကွက် တောင်းခံသော ပမာဏဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်သည် အခြားနိုင်ငံ များနှင့် နှိုင်းယှဉ်လျှင် နည်းပါးသည်ဟု ဆိုနိုင်ကြောင်း ပြောဆိုသည်။
အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာတွင် ကာကွယ်ရေးအသုံးစရိတ်အများဆုံးအသုံးပြုသောနိုင်ငံဖြစ်ပြီး ထိုင်းနိုင်ငံနှင့် မလေးရှား နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်သည် မြန်မာနိုင်ငံထက်များစွာမြင့်မားကြောင်း၊ အိမ်နီးချင်းထိုင်းနိုင်ငံသည် ကာကွယ်ရေးအသုံးစရိတ် တနှစ်လျှင် အမေရိကန်ဒေါ်လာ ၅ ဒသမ ၃၉ ဘီလီယံ သုံးစွဲပြီး မလေးရှားနိုင်ငံသည် တနှစ်လျှင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံ သုံးစွဲကြောင်း ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ပြောဆိုသည်။
ကာကွယ်ရေးဝန်ကြီးဌာနသည် ယမန်နှစ်က ကာကွယ်ရေးအသုံးစရိတ် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ အသုံးပြုခဲ့ပြီး ယင်းပမာဏသည် တိုင်းပြည် စုစုပေါင်း အသုံးစရိတ်၏ ၁၂ ရာခိုင်နှုန်းရှိကြောင်း ယင်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ကာကွယ်ရေးအသုံးစရိတ်သည် ပညာရေးနှင့်ကျန်းမာရေးအသုံးစရိတ်ထက် မြင့်မားလေ့ရှိသည်။
သမ္မတဦးသိန်းစိန်က ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ပညာရေး အသုံးစရိတ်သည် စုစုပေါင်း အစိုးရ အသုံးစရိတ်၏ ၅ ဒသမ ၄၃ ရာခိုင်နှုန်း ရှိခဲ့ပြီး လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ၅ ဒသမ ၉၂ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည် ဖြစ်ကြောင်း၊ ကျန်းမာရေး အသုံးစရိတ် သည် ၃ ဒသမ ၁၅ ရာခိုင်နှုန်းရှိခဲ့ရာမှ ၃ ဒသမ ၃၈ ရာခိုင်နှုန်း အထိ တိုးမြှင့်သွားရန် ရှိကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် အစိုးရ၏ စုစုပေါင်းရငွေမှာ ကျပ် ၁၆၅၄၄ ဒသမ ၆၄၇ ဘီလီယံ၊ စုစုပေါင်း သုံးငွေမှာ ကျပ် ၁၉၂၉၅ ဒသမ ၂၉၂ ဘီလီယံရှိပြီး လိုငွေမှာ ကျပ် ၂၇၅၀၆၄၅ ဘီလီယံရှိကြောင်း နေပြည်တော်တွင် ဇန်နဝါရီ ၇ ရက်က ကျင်းပသည့် ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေးတွင် ထုတ်ဖော် ပြောဆိုထား သည်။