Environment

ဧရာဝတီ လင်းပိုင်နှင့် တမလန်းသစ် မျိုးသုဉ်းမည့် အန္တရာယ် ကြုံတွေ့နေ

This article has been converted from Zawgyi One to Unicode

ကချင်ပြည်နယ် ကသာနယ် တဝိုက်တွင် တမလန်း သစ်မျိုးများနှင့် ဧရာဝတီ မြစ်ကြောင်း တလျှောက်တွင် ကျက်စားသည့် လင်းပိုင်များ မျိုးသုဉ်းမည့် အန္တရာယ်နှင့် ကြုံတွေ့နေ ရကြောင်း သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ အဖွဲ့တဖွဲ့က ပြောသည်။

တမလန်းသစ်များမှာ တရားမဝင်သစ်ခိုးထုတ်မှုများ ရှိနေခြင်းကြောင့်ဖြစ်ပြီး ဧရာဝတီလင်းပိုင်များသည် မြစ်ကြောင်းအတွင်း ငါးများကို လျှပ်စစ်ဖြင့် ရှော့တိုက် ဖမ်းဆီးမှုများ ပြုလုပ်ရာ၌ သေဆုံးမှု ဖြစ်ပွားနေကြောင်း သုတေသန ပြုလုပ်ခဲ့သည့် စိမ်းရောင်စို အဖွဲ့ က ပြောပြသည်။

“တမလန်းသစ်တွေကို နေ့တိုင်း ဆယ်ဘီးကား ၂ စီးကနေ ၃ စီး ရှိတယ်။ အာဏာပိုင်တွေနဲ့ပေါင်းပြီး ထုတ်နေကြတာ”ဟု စိမ်းရောင်စို အဖွဲ့မှ ကိုအောင်မျိုးထွန်း(ကသာ) က ပြောသည်။

၂၀၁၃ ခုနှစ် ဇူလိုင်လ မှ ဒီဇင်ဘာလအထိ ၆လ ကာလအတွင်း ဧရာဝတီ မြစ်ဝှမ်းဒေသ အတွင်းရှိ နေရာ ၁၁ ခုတွင် သုသေတန ပြု ချက်များအရ သိရှိရခြင်း ဖြစ်သည်ဟု ဆိုသည်။

မြန်မာပြည် ပေါက်ဈေးမှာ တမလန်းသစ် တတန်လျှင် ကျပ် ၃ သိန်းခွဲ ဝန်းကျင် ရှိသော်လည်း တရုတ်ပြည်၌ သိန်းသုံးဆယ်နှင့် ငါးဆယ်ကြား ပေါက်ဈေးရှိကြောင်း၊ ပိဿာလိုက် ဈေးကောင်းပေးဝယ်နေခြင်းကြောင့် ကသာ-ကျောက်ကြီး-ကချင်ပြည်နယ် နယ်စပ် မှ တဆင့် တရုတ်ပြည်သို့တင်ပို့နေကြကြောင်းလည်း ၎င်းက ဆိုသည်။

ကိုအောင်မျိုးထွန်းက ဆက်လက်၍ “သစ်ကားတစီး ထွက်ဖို့ကို ကျပ် သိန်းတရာ ပေးရင် ထွက်ခွင့်ရတယ်။ ဒါကလည်း တကယ် တမ်း ပေးနေတဲ့ သစ်ကုန်သည်တွေ ကိုယ်တိုင် ဖွင့်ပြောတာပါ။ နေ့စဉ် သစ်ကား တစီးဆို သိန်းတရာသာပေး အတားအဆီး အစစ် အဆေးမရှိ ထွက်ခွင့်ရနေတယ်”ဟု ပြောပြသည်။

အဆိုပါ သုတေသနလုပ်ငန်းကို ဧရာဝတီမြစ်ဝှမ်း ဒေသများဖြစ်သည့် မြစ်ဆုံ ကံဖဲရွာ၊ ကသာခရိုင်မှ အထက်ဝဲကြီး ကျေးရွာ၊ ထီးချိုင့် ခရိုင်ရှိ မောင်းကုန်း ကျေးရွာ၊ စစ်ကိုင်းတိုင်းရှိ ရှိန်းမကား ကျေးရွာ၊ မန္တလေးတိုင်းရှိ အမရပူရ၊ စာတိုးကျေးရွာ ပုသိမ်ကြီးမြို့နယ်ရှိ ညောင်ပင်သာ ကျေးရွာ၊ ငန်းဇွန်မြို့နယ် ဆီမီးခုံကျေးရွာ၊ ရေနံချောင်း မြို့နယ်ရှိ ဘူကျွန်း ကျေးရွာ၊ ညောင်ပင်သာ ကျေးရွာ၊ မော် လမြိုင်ကျွးန်းရှိ ကျော်စံကျေးရွာတို့ကို အခြေပြု လေ့လာခဲ့ခြင်းဖြစ်ကြောင်း စိမ်းရောင်စို အဖွဲ့က ပြောသည်။

ကသာနယ်တွင် ကျန်ရှိနေသည့် တမလန်းသစ် အမျိုးအစားသည် မြန်မာနိုင်ငံတွင် နောက်ဆုံးလက်ကျန် ရှားပါးသစ် အမျိုးအစား ဖြစ် ပြီး တမလန်းသစ် တပေခန့်ရှင်သန်ရန် နှစ်ပေါင်း ၆၀ ခန့်အချိန်ယူ စိုက်ပျိုးရမည်ဖြစ်ရာ မကာကွယ်နိုင်ပါက မြန်မာနိုင်ငံတွင် မျိုးသုဉ်း ပျောက်ကွယ်တော့မည် ဖြစ်ကြောင်း သိရသည်။

“ဆယ်ဘီးကား တစီးကို ကျပ် သိန်းတထောင်နဲ့ ထောင့်ငါးရာလောက် ရတယ်။ သူ့ရဲ့ရင်းနှီးမှုက ပြည်တွင်းမှာ သိန်းနှစ်ရာ လောက် ပဲ ရှိတယ်။ အဲဒီတော့ မောင်းသူမဲ့ကားတွေ ဖမ်းတယ်ဆို ကားပါ ပစ်ထားခဲ့ကြတယ်”ဟု ကိုအောင်မျိုးထွန်းက ဆက်လက် ပြောကြား သည်။
ကသာနယ်တွင် တမလန်းသစ် သယ်ဆောင်လာသည့် ကားများသည် နေ့စဉ် ည ၁၂ နာရီနှင့် နံနက် ၅ နာရီအကြား ပုံမှန်ထွက် လေ့ ရှိပြီး သစ်ထုတ်လုပ်ရေး လုပ်ငန်းရှင်များက ဒေသခံ အာဏာပိုင် အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး လုပ်ကိုင် နေကြကြောင်း သိရ သည်။

“တမလန်းသစ်က ကမ္ဘာကသတ်မှတ်ထားတဲ့ပျောက်ကွယ်တော့မယ့် မျိုးစိတ်ထဲမှာ ပါတယ်။ အခု သွားသမျှ နေရာတွေမှာ တမလန်း သစ်ကို မတွေ့ရတော့ပါဘူး။ မြန်မာနိုင်ငံမှာ သိပ်မကျန်တော့ပါဘူး။ အထူးဂရုပြု ထိန်းသိမ်းရမှာပါ”ဟု Eco Village Myanmar အဖွဲ့၏ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးညိုမောင် က ပြောသည်။

တာမလန်းသစ်များ တရားမဝင် တင်ပို့နေခြင်းနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး သစ်တော ဦးစီးဌာနသို့ ဆက်သွယ်မေးမြန်း ရာ အမည်မဖော်လိုသူ တာဝန်ရှိ ပုဂ္ဂိုလ်တဦးက“တရားဝင် မဟုတ်ရင် အကုန်ဖမ်းပါတယ်။ တောနင်းပြီး စစ်ကြောင်းတွေနဲ့လည်း ဆင်းပြီး ဖမ်းတာတွေလည်း လုပ်တယ်။ စစ်ကိုင်းတိုင်းက မြို့တဝက် နယ်တဝက် အဝန်းအဝိုင်းက ကျယ်ပါတယ်။ မြို့ထဲမှာဆိုရင် တမလန်းမှမဟုတ်ဘူး ကညင်၊ နောက်ပြီး ခုံဖိနပ်ထုတ်တဲ့ လက်ပံသား အပွတွေကို စာရွက်စာတမ်းမရှိ တရားမဝင်ဖြစ်တာနဲ့ ဖမ်း တယ်”ဟု ဖြေကြားသည်။

သို့သော် နယ်မြေမအေးချမ်းသည့် ကချင်ပြည်နယ် တဝိုက်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ သစ်ခိုးထုတ်မှုများ ရှိသော် လည်း နိုင်ငံရေးနှင့် ဆက်နွယ်မှုများ ရှိနေခြင်း၊ သစ်တောဝန်ထမ်းများ အတွက်လည်း အသက်အန္တရာယ်နှင့် ကြုံတွေ့ရနိုင်သဖြင့် အရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း အထက်ပါ တာဝန်ရှိ ပုဂ္ဂိုလ်က ဆက်ပြောသည်။

သူက ဆက်လက်၍ “ဆယ်ဘီးကား တစီးကို သိန်းတရာ ပေးရင် ဖြတ်သန်းခွင့်ရတယ် ဆိုတာမျိုးက သစ်ခိုးထုတ်တဲ့ လူတွေ လုပ် တာဖြစ်မယ်။ သစ်တောဌာနက လူတွေအနေနဲ့ လက်နက်ကိုင်ဆောင်ခွင့် မရှိဘူး။ KIA(ကချင် လွတ်လပ်ရေး တပ်မတော်)လို အဖွဲ့မျိုးတွေနဲ့ ပေါင်းပြီး တရုတ်ဘက်ကို ကားကြီးတွေနဲ့ သစ်ခိုးထုတ်တာတွေ လုပ်ကြတယ်။ ကြားလည်း ကြားတယ်။ ဒါမျိုးတွေဆို ဘာ မှ မတတ်နိုင်ပါဘူး”ဟုလည်း ပြောဆိုသည်။

ဒယ်လ်ဗားဂျီးယား (Dalbergia) အမည်ရှိ တမလန်းသစ်များသည် အရောင်စိုပြည်သည့် အနက်ရောင်ရှိခြင်း၊ သစ်အသား မာခြင်း တို့ကြောင့် အိမ်တိုင်များ၊ ပရိဘောဂ ပစ္စည်းများ၊ ပန်းပုရုပ် ထုလုပ်ခြင်းများ ပြုလုပ်ရာတွင်အသုံးများပြီး ယခုအချိန်တွင် ကမ္ဘာက မျိုးတုန်းတော့မည့် မျိုးစိတ်အဖြစ် သတ်မှတ်ထားသော သစ်အမျိုးအစား ဖြစ်သည်။

ထို့အပြင် သုတေသနပြုချက်များအရ ရှားပါး တိရစ္ဆာန် မျိုးစိတ်ဝင် ဧရာဝတီ လင်းပိုင်များသည်လည်း မျိုးသုဉ်းမှု အန္တရာယ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်ရာ ဒေသ အာဏာပိုင်များအနေဖြင့် ထိရောက်စွာ ဖြေရှင်းသင့်သည်ဟု ကိုအောင်မျိုးထွန်းက ပြောသည်။

အထက်ဝဲကြီး ကျေးရွာ၏ အောက်ဘက် တမိုင်ခန့်မှ ကသာမြို့နယ်အထက် ဆယ်မိုင်ခန့် အကွာ ဒေသတွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် သေဆုံးနေသော လင်းပိုင် တကောင်ကို တွေ့ရှိရကြောင်းလည်း ၎င်းက ပြောပြသည်။

“လင်းပိုင်တွေဟာ ငါးရှော့တိုက်မှုကို မခံနိုင်လို့ သေတာ တွေ့ရတယ်။ ဆက်ပြီး ဒီ ငါးရှော့တိုက် တာတွေကို မထိန်းဘူး ဆိုရင်နေ့တိုင်း ငါးပြုန်းတီးမှုတွေလည်း သေချာပေါက် ရှိနေမှာပဲ”ဟု ကိုအောင်မျိုးထွန်းက ဆိုသည်။

လင်းပိုင်များ ကျက်စားသည့် ကသာ ခရိုင်တွင် ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းက ငါးရှော့တိုက်သည့် စက်လှေ ဆယ်စီးခန့် အပြိုင် မောင်း၍ ငါးများကို ဝါယာရှော့တိုက် ဖမ်းဆီးသည်ကို တွေ့ရှိရကြောင်း၊ ထိုနေ့တွင်ပင် လင်းပိုင် အသေတကောင်ကိုလည်း တွေ့ရှိ ခဲ့ ရကြောင်း စိမ်းရောင်စိုအဖွဲ့က ပြောဆိုသည်။

“ရှော့တိုက်တဲ့ ကိစ္စက ဥပဒေအရဆိုရင် တရားမဝင် လုပ်နေတဲ့ ပုံစံပါပဲ။ ဒါက ဒေသတွင်း ဌာနဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ လျစ်လျူ ရှု မှုဆိုရင် သူတို့ကိုယ်တိုင် ဥပဒေကို ချိုးဖောက်တာပါပဲ။ ရှော့တိုက်တာက စားသုံးသူ အတွက်လည်း အန္တရာယ် ရှိတယ်။ အစာ အဆိပ်သင့်နိုင်တယ်၊ ဒါတွေကို သက်ဆိုင်ရာ ဒေသဆိုင်ရာ အာဏာပိုင်တွေက သေချာ စိစစ် အရေးယူပေးရမှာပါ”ဟု Green Voice အဖွဲ့၏ ဒါရိုက်တာဖြစ်သူ သဘာဝပတ် ဝန်းကျင်ရေးရာ လှုပ်ရှားနေသည့် ဦးထက်ဦးကျော်ကလည်း ပြောသည်။

အဆိုပါဒေသတွင် တရားဝင် လင်းပိုင်အကောင်ရေ ၈ ကောင်မှ ၁၅ ကောင်ခန့် ကျက်စားလျက်ရှိပြီး ကမ္ဘာလှည့် ခရီးသည်များကို ဆွဲဆောင်သည့် နေရာလည်းဖြစ်ကြောင်း ဒေသခံများထံမှ စစ်တမ်းကောက်ယူချက်အရ သိရှိရသည်ဟု စိမ်းရောင်စို အဖွဲ့က ပြော သည်။

“ခဏခဏ မောင်းပြီး ဖမ်းနေတာ။ ဒေသခံတွေက ငါးဖမ်းစက်လှေတွေကို မပြောရဲဘူး။ ကသာ ရပ်ကွက် ၈ နဲ့ ရပ်ကွက် ၁ဝ က လာဖမ်းတယ်။ ပြောရင် သူတို့မှာပါလာတဲ့ လက်နက်တွေနဲ့ လှမ်းပစ်တာတို့ လုပ်ကြတယ်။ ရန်ပြုခံရမှာကြောက်လို့ မပြောကြ ဘူး”ဟု ကသာ ဒေသခံတဦးလည်း ဖြစ်သည့် စိမ်းရောင်စိုအဖွဲ့ တာဝန်ခံ ကိုအောင်မျိုးထွန်းက ရှင်းပြသည်။

“ဒေသခံတွေအတွက် ငါးမျိုးစိတ်ပြုန်းတီးမှုတွေ ခံနေရတယ်။ သူတို့က မြစ်ကြမ်းပြင်ပေါ်ကို စက်လှေနဲ့ထိကပ်ပြီး အကုန်ရှော့ တိုက် ဖမ်းတော့ ငါးသေးငါးမွှားကအစ ဘာမှ မကျန်တော့ဘူး။ ဒေသခံတွေအတွက် စားဝတ် နေရေးက ရေရှည်မှာ မပြေလည်တာ တွေ ကြုံနေရတယ်”ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။
မျိုးသုဉ်းလုဖြစ်နေသည့် ဧရာဝတီလင်းပိုင်များ ကျက်စားလျက်ရှိသည့် စစ်ကိုင်းတိုင်း ကျောက်မြောင်း ဒေသမှ မင်းကွန်း အထိ အပိုင်း အခြားကို ဧရာဝတီလင်းပိုင် ကာကွယ်ရေးဇုန်အဖြစ် ၂၀၀၅ ခုနှစ်မှ စတင်သတ်မှတ်ခဲ့ကြောင်း သိရသည်။

မင်းကွန်းဒေသနှင့် ကျောက်မြောင်း ဒေသအကြား ဧရာဝတီလင်းပိုင်ကောင်ရေ ၂၀ ခန့်ရှိပြီး၂၀၁၃ ဒီဇင်ဘာလမှ စတင်၍
ဧရာဝတီ မြစ်ရိုးတလျှောက်ရှိ လင်းပိုင်ကောင်ရေ စာရင်း ကောက်ယူလျက်ရှိသည်ဟုလည်း စိမ်းရောင်စို အဖွဲ့က ဆိုသည်။

ဧရာဝတီလင်းပိုင်များကို မည်သည့် အကြောင်းပြချက်မျိုးနှင့်မှ မသတ်ရန် မဖမ်းရန် နှင့် ဧရာဝတီလင်းပိုင် တကောင်လုံးကိုဖြစ်စေ၊ တစိတ်တဒေသကိုဖြစ်စေ ရောင်းဝယ်ဖောက်ကားခြင်းများ မလုပ်ရန်၊ လျှပ်စစ် ရှော့တိုက်ပြီး ငါးဖမ်းခြင်းများ၊ ပိုက်အရှည် ပေ ၃၀၀ နှင့် ၆၀၀ ထက်ပိုသည့် မျောပိုက်များကို ငါးဖမ်းရာတွင် အသုံးမပြုကြရန်နှင့် ပိုက်တွင် မတော်တဆ မိနေသည့် လင်းပိုင်များကို ပြန် လွှတ်ပေးရန်လည်း နှိုးဆော်ထားသည်။

မြန်မာနိုင်ငံ ဧရာဝတီမြစ်အတွင်း လင်းပိုင် ၅၉ ကောင်ရှိကြောင်း သဘာဝနှင့် သဘာဝအရင်းအမြစ် ထိန်းသိမ်းရေးဆိုင်ရာ အဖွဲ့ချုပ် (International Union of Conservation of Nature and Natural Resources) ၏ ၂၀၀၃ ခုနှစ်က လေ့လာချက်တွင် တွေ့ရှိရ သည်။ ဧရာဝတီ လင်းပိုင်များသည် တံငါသည်များ ငါးဖမ်းရာတွင် အကူအညီ ပေးကြောင်းလည်း သိရသည်။

ဧရာဝတီ မြစ်ဝှမ်းဒေသ အတွင်း၌ သဘာဝပတ်ဝန်းကျင်နှင့် မကိုက်ညီသည့် သစ်ထုတ်လုပ်မှုများ သဲသောင် ထွန်းမှုများ၊ ငါးရှော့တိုက် ဖမ်းဆီးမှုများ၊ ကမ်းပါးပြိုကျ နေမှုများနှင့် မြစ်အတွင်းသို့ စွန့်ပစ် ရေဆိုးများ ဝင်ရောက်လာမှုများ ကြုံတွေ့နေရကြောင်း ဒီဇင်ဘာ လလယ်ပိုင်းက ကျင်းပသော ဧရာဝတီမြစ်ဝှမ်းဒေသ လူထု ဗဟိုပြု ဗျူဟာမြောက် ပတ်ဝန်းကျင် လေ့လာ ဆန်းစစ်သည့် အလုပ်ရုံ ဆွေးနွေးပွဲမှ သိရသည်။

ယင်း အလုပ်ရုံ ဆွေးနွေးပွဲကို Grow Back for Posterity , REAM, Point ,MEE Net နှင့် စိမ်းရောင်စို အဖွဲ့တို့ ပူးပေါင်းပြီး ဧရာဝတီမြစ် ဂေဟ စနစ်နှင့် မြစ်သယံဇာတ၏ တန်ဖိုးကို နားလည်ထိန်းသိမ်း စီမံနိုင်မှုစွမ်းအား မြှင့်တင်ပေးရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပွဲတာဝန်ခံက ပြောကြားသည်။

Loading