လှိုင်သာယာမြို့နယ်နှင့် တွံတေးမြို့နယ်ကို ဆက်သွယ်ထားသော ပန်းလှိုင်မြစ်ကူး တံတားအောက်ပိုင်းရှိ မြေနုကျွန်းများနှင့် အဝေး ပြေး ကားလမ်းတလျှောက်ရှိ ကျူးကျော် အဆောက်အအုံ အားလုံးကို ဇန်နဝါရီ ၁၄ ရက် နံနက်စောစော အချိန်မှ စတင်ပြီး တိုင်း ဒေသကြီး အစိုးရ အစီအစဉ်ဖြင့် လိုက်လံ ဖျက်သိမ်းကြောင်း သိရသည်။
“တိုင်းဒေသကြီး အစိုးရအဖွဲ့က လူကြီးတွေ ကိုယ်တိုင် ဦးစီးပြီးတော့ စနစ်တကျ ဖြစ်အောင် စီစဉ် လုပ်ကိုင်ပါတယ်။ ဘာမှ ပြဿနာလည်း မဖြစ်ပါဘူး။ အေးအေးချမ်းချမ်း ဖြစ်အောင် စီစဉ် လုပ်ဆောင်ပါတယ်။ မကြာခင်လည်း ဒီကိစ္စတွေကို အစိုးရ အဖွဲ့က အသေးစိတ် ထုတ်ပြန် ပေးလိမ့်မယ်လို့ ထင်ပါတယ်”ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးက ဧရာဝတီသို့ ပြောသည်။
ဇန်နဝါရီ ၁၄ရက် နံနက် ၂ နာရီထိုး အချိန်မှ စတင်ပြီး ရဲအင်အား ၂၀၀ ကျော်ဖြင့် စည်ပင်သာယာ၊ မြို့နယ် အထွေထွေ အုပ်ချုပ် ရေးမှူးအဖွဲ့၊ အရန်မီးသတ်နှင့် ကြက်ခြေနီအဖွဲ့၊ တွံတေးမှ ဒေသခံများ အပါအဝင် အင်အား ၄၀၀ ဝန်းကျင်ဖြင့် အိမ်များကို လိုက်လံ ဖျက်ကြကြောင်း ကျူးကျော် နေထိုင်ကြသူများက ပြောသည်။
“သူတို့ဖျက်တာ တွံတေး ဘုရားငုတ်တိုရွာ ကနေစပြီး ရေကျော်၊ ထင်းစု စတဲ့ ရွာစဉ်တလျှောက် မနက်အစောကြီးထဲကနေ ဖျက် လာတာ ကျနော်တို့ မြေနုကျွန်းနားကို မနက် ၅ နာရီလောက်မှာ စရောက်တယ်။ အိမ်ထဲ ဘယ်သူရှိလဲ၊ အပြင်ထွက်ပါ။ ဒါကို ဖျက် တော့မယ်ဆိုပြီး တုတ်တွေ၊ ဓားတွေနဲ့ ဆောက်ထားတဲ့ အိမ်တွေကို ဖျက်တော့တာပဲ။ ဘာပစ္စည်းမှ သိမ်းတဲ့အထိကို မစောင့်တော့ ဘူး။ ကျနော်တို့ ကျူးကျော်အိမ်တွေထဲက ဘုန်းကြီးကျောင်း ဆောက်နေတာတွေကိုလည်း အကုန်ဖျက်တယ်”ဟု ကျူးကျော်နေ ထိုင်သူ တဦးဖြစ်သည့် ဦးမြင့်အောင်က ဧရာဝတီကို ပြောသည်။
ကျူးကျော်တဲများ ဖျက်မည့်အကြောင်းကို အသိပေးခြင်း၊ ညွှန်ကြားခြင်းမျိုး မပြုလုပ်ကြောင်း၊ ညသန်းခေါင် အိပ်ချိန်တွင် လာရောက်ဖျက်ကြောင်း၊ အိမ်များဖျက်ရာတွင် အရပ်ဝတ်ဖြင့် တွံတေးဒေသခံ အများအပြားပါဝင်ပြီး ၎င်းတို့ ဖျက်နေသည်ကို ရဲများက လုံခြုံရေး ယူပေးကြောင်း တခြားသော ကျူးကျော် နေထိုင်သူ တဦးဖြစ်သည့် ဦးစန်းလွင်ကလည်း ပြောဆိုသည်။
ယင်းနေရာများတွင် ကျူးကျော်တဲများ လာဆောက်ထားသော်လည်း အများစုမှာ လူမနေသေးသည့် တဲများဖြစ်ကြောင်း၊ လူနေ သည့် အိမ်များကို ဖျက်သူများကလည်း တုတ်၊ ဓားအပြင် ရဲများကပါ လုံခြုံရေး ယူပေးထားသည့်အတွက် ကြောက်လန့်၍ ထွက်ပြေးကြရကြောင်း ၎င်းက ဆက်ပြောသည်။
“ဒီမြေနုကျွန်းမှာ ဘုန်းကြီးကျောင်း ၅ ကျောင်းအတွက် စီစဉ်ထားတယ်။ ၄ ကျောင်းက အကြမ်းထည် ဆောက်ပြီးသွားပြီ။ သစ်ဖိုး အကျွေးတွေတောင် ကျန်နေသေးတာ။ အခုလို ဖျက်လိုက်တော့ ဘယ်လို ရှင်းရမယ်မှန်း မသိတော့ဘူး။ ဘာမှအသိ မပေးဘဲနဲ့ အလစ်အငိုက် လုပ်သွားတာ။ အစိုးရဘက်က လုပ်ထုံးလုပ်နည်းအတိုင်း လုပ်တာ မဟုတ်ဘဲ အကြမ်းဖက်တဲ့ ပုံစံမျိုး လုပ်တာ”ဟု ကျူးကျော် နေရာတွင် မြတ်ပါရမီ ရိပ်သာအဖြစ် ဆောက်လုပ်ထားသော ဘုန်းတော်ကြီးကျောင်းမှ ဝါတော် ၁၇ ဝါရှိသည့် ဓမ္မာစရိယ စာချဆရာတော် ဦးဇောတိက က ဆိုသည်။
၎င်းတို့ စတင် ကျူးကျော်နေထိုင်စဉ်က အစိုးရအဖွဲ့ထံ တင်ပြပေးရန်နှင့် ကျူးကျော်အိမ်များ စီမံခန့်ခွဲရန် ဆိုပြီး ဦးဆောင်သူ ဦးကျော်ထက်နိုင်နှင့် အဖွဲ့က အိမ်တလုံးလျှင် ကျပ် ၁ သောင်း ကောက်ခံခဲ့ကြောင်း၊ ကျပန်းအလုပ် လုပ်ရသော်လည်း ရရှိသည့်ငွေများထဲမှ အိမ်ဆောက်ရသည့် အတွက် ကျပ် ၁ သိန်းကျော် ကုန်ကျခဲ့ကြောင်း၊ ပန်းလှိုင် တံတားဝန်းကျင်နှင့် ကားလမ်း တလျှောက် နေထိုင်ကြသူ တချို့မှာ ကျပ် ၃ သိန်း၊ ၅ သိန်း စသော ဈေးနှုန်းများဖြင့် ဝယ်ယူထားပြီးမှ ယခုကဲ့သို့ အဖျက်ခံ လိုက်ရသဖြင့် များစွာ နစ်နာကြောင်း ကျူးကျော်နေထိုင်သည့် ဦးကျော်မြင့်က ပြောသည်။
ကျူးကျော်နေရာ စတင်စဉ်က ဦးဆောင်ခဲ့သူများသည် ယခုအချိန်တွင် မည်သို့မျှ အဆက်အသွယ် မရသည့်အပြင် ၎င်းတို့မှာလည်း တခြား နေစရာမရှိသည့်အတွက် အခက်တွေ့ရပြီ ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် ကျုံဒရဲရွာမှ ပြောင်းရွှေ့ လာ ပြီး ကျူးကျော်နေထိုင်သော ဦးငထွန်းက ဆိုသည်။
“ပထမ ကျနော်တို့ ကျူးကျော်ထားတဲ့ လှိုင်သာယာထဲက ကျူးကျော် အိမ်တွေကို ဒီလ ၂၇ ရက်နောက်ဆုံး ထားပြီး ဖျက်ပေးရမယ် လို့ ညွှန်ကြားချက်ထုတ် ထားတယ်။ ဒါ့ကြောင့် ဒီနေရာမှာ နေဖို့အတွက် အိမ်လာ ဆောက်နေတာ။ ဟိုမှာလည်း ဆက်နေလို့မရ တော့သလို ကျနော်တို့ဝင်ငွေနဲ့လည်း အိမ်ငှားမနေနိုင်တာကြောင့် ဘယ်လို လုပ်ရမယ်ဆိုတာ မသိတော့ဘူး”ဟု ကျူးကျော်နေထိုင်သူ ဦးသန်းစိုးက ဆိုသည်။
ကျူးကျော်များကို ဖျက်သိမ်းရန် အတွက် လှိုင်သာယာမြို့နယ်မှ တွံတေးသို့ သွားရာ လမ်းကို ပိတ်ထားပြီး နံနက်စောစော အချိန် ကတည်းက တွံတေးသို့ သွားသော ကားများကိုသာ သွားလာခွင့်ပြုကြောင်း၊ ဆိုင်ကယ်များ အပြင် လူများပင် ကူးသန်းသွားလာ၍ မရကြောင်း၊ နေ့လယ်ပိုင်းတွင် ခေတ္တမျှ ပြန်လည် ဖွင့်ပေးပြီး နေ့လယ် ၂ နာရီကျော်သည်နှင့် ပြန်ပိတ်ထားကြောင်း သိရသည်။
“သတင်းသမားလည်း ဝင်လို့မရပါဘူး။ အထက်က ဘယ်သူ့ကိုမှ ဖြတ်သန်းခွင့် မပေးထားဘူး။ ကားတွေတောင်မှ ကျနော် တို့က သေချာ စစ်ဆေးပြီးမှ ဖြတ်သန်းခွင့်ပြုတာ။ ပြဿနာ တစုံတရာ မဖြစ်အောင်လို့ စီမံရတာကို နားလည်ပေးပါ”ဟု တာဝန်ကျ ဒုတိယ ရဲမှူး က ပြောသည်။
ထို့ကြောင့် ကျူးကျော် ကိစ္စနှင့် ပတ်သက်ပြီး အစိုးရအဖွဲ့အနေနဲ့ ထိထိရောက်ရောက် ဖြေရှင်းဖို့ လိုလာပြီ ဖြစ်ကြောင်း၊ ကျူးကျော် နေထိုင်ကြပြီးမှ ဥပဒေအရ ကိုင်တွယ်မည် ဆိုပါက မရှိဆင်းရဲသား ပြည်သူများနှင့်သာ ထိပ်တိုက် တွေ့ဆုံရသည့် အခြေအနေမျိုး ဖြစ်လာကြောင်း လှိုင်သာယာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းက ပြောဆိုသည်။
လှိုင်သာယာမြို့နယ်တွင် ကျူးကျော်မှုနှင့် ပက်သက်ပြီး အုပ်ချုပ်ရေးနှင့် ထိပ်တိုက် တွေ့ဆုံခဲ့ရသည့် အနီးစပ်ဆုံး ဖြစ်ရပ်များသည် လှိုင်သာယာမြို့နယ် ညောင်ရွာတွင် အိမ်ခြေ ၃ ထောင်ဝန်းကျင် အထိ ဖြစ်ခဲ့ကြောင်း၊ ရန်ကုန်မှ တွံတေးသို့ အသွား ပန်းလှိုင်မြစ် ကူး တံတားအဆင်း မြေနုကျွန်းနေရာတွင် ကျူးကျော်အိမ် ၄ ထောင်ဝန်းကျင် အထိ ဖြစ်ခဲ့ကြောင်း၊ ၁၅ ရပ်ကွက်၊ ရွှေလင်ဗန်းချောင်း ဘေးတွင် ကျူးကျော်နေထိုင်ခြင်းများကို ကြည့်လျှင် ဖြစ်လာပြီးမှ ကိုင်တွယ်သလို ဖြစ်နေကြောင်း ၎င်းက ဆက်ပြောသည်။
“ဒီကိစ္စကို သေသေချာချာ ကိုင်တွယ်သွားဖို့ လိုတယ်။ ကျနော်တို့ အနေနဲ့ ကြားဝင်ဖြေရှင်းဖို့က အရမ်းကိုခက်ပါတယ်။ တကယ်နေစရာ မရှိကြတဲ့သူတွေပါလို့ ပြည်သူတွေဘက်က ရပ်တည်မယ် ဆိုရင် အခုဖြစ်နေတာက ဥပဒေမဲ့ လုပ်ရပ်တွေကို အားပေးအားမြှောက် လုပ်သလိုဖြစ်ရတယ်။ ဥပဒေအတိုင်း လုပ်ရမယ်လို့ ပြောပြန်ရင်လည်း ပြည်သူတွေဘက်ကို မရပ်တည် သလိုဖြစ်ရတယ်။ အခု ဥပဒေမဲ့လို ဖြစ်နေတဲ့ ပြည်သူတွေကရော ကျနော်တို့ ပြောတာကို နားထောင်ချင်မှ နားထောင်ကြမှာ”ဟု လှိုင်သာယာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်ဝင်းက ပြောဆိုသည်။