လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ ကရင်ပြည်နယ် ဘားအံမြို့မှာ ပြုလုပ်မယ့် တပြည်လုံး အပစ်အခတ်ရပ်စဲရေး တွေ့ဆုံညှိနှိုင်းပွဲ မူလအစီအစဉ်ကို ရက်ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်တယ်လို့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) က ဇန်နဝါရီ ၁၄ ရက်နေ့မှာ ပြောဆို လိုက်ပါတယ်။
တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့ နှစ်ဘက်တာဝန်ရှိသူတွေ ထိပ်တိုက် ဆွေးနွေးကြမှာဖြစ်တဲ့ အဲဒီဆွေးနွေးပွဲကို ဒီဇန်နဝါရီလ နောက်ဆုံးပတ်မှာ ဆွေးနွေးကြဖို့ မူလက သဘောထား ရှိခဲ့ကြပေမယ့် ပိုမို ကောင်းမွန်တဲ့ ရလဒ်တွေ ထွက်ရှိဖို့အတွက် တွေ့မယ့်ရက်ကို ရွှေ့ဆိုင်းလိုက်တာ ဖြစ်တယ်လို့ NCCT အဖွဲ့ ခေါင်းဆောင် နိုင်ဟံသာက ပြောပါတယ်။
“ရွှေ့တယ်ဆိုတာက ပိုပြီးတော့ ကောင်းအောင်ဖြစ်စေချင်လို့ပါ။ အမှန်ကတော့ ကျနော်တို့က တွေ့သာ တွေ့နေရတယ်။ နားလည်မှုတွေက မရဘူးဆိုရင်တော့ အဲဒီပုံစံမျိုးလည်း သိပ်မကောင်းဘူးလေ။ နှစ်ဘက် အချိန်လည်း ကုန်တယ်၊ ပတ်ဝန်းကျင်ကလည်း အမြင် မကောင်းဘူးပေါ့ဗျာ။ အဲဒီတော့ ပိုမိုသေချာအောင် ဆိုပြီးတော့မှ ကျနော်တို့က အချိန်ယူလိုက်တဲ့ သဘောပါ”လို့ နိုင်ဟံသာက ဧရာဝတီကို ပြောပါတယ်။
ကရင်ပြည်နယ် ဘားအံမြို့မှာ မူလက တွေ့ဆုံဖို့ လျာထားတဲ့ ရက်ဟာ ဇန်နဝါရီလ ၂၄-၂၅ ရက်နေ့တွေ ဖြစ်ပေမယ့် အခု ရွှေ့ဆိုင်း လိုက်တဲ့ ရက်ကတော့ ဖေဖော်ဝါရီ ၂၀ ရက်နောက်ပိုင်းမှာ ဖြစ်လိမ့်မယ်လို့ သိရပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ဘက်ကတော့ အစိုးရနဲ့ တပြည်လုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပြီးရင် နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်ပြီး ဆွေးနွေးနိုင်ဖို့အတွက်“နိုင်ငံရေး ဆွေးနွေးပွဲ ဆိုင်ရာ မူဘောင်”တွေကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ NCCT ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပြီး ရေးဆွဲနေကြတယ်လို့ နိုင်ဟံသာ က ပြောပါတယ်။
အဲဒီပွဲမှာ တောင်အာဖရိက နိုင်ငံက ပညာရှင် ၁ ယောက်ပါဝင် အကြံပေး ဆွေးနွေးတာတွေ လုပ်ခဲ့ကြသလို နိုင်ငံရေး ဆွေးနွေးပွဲမှာ ပါဝင်မယ့်သူတွေ၊ ဆွေးနွေးမယ့် အချက်တွေနဲ့ ချမှတ်ရမယ့် အစီအစဉ်တွေကို အသေအချာ ဆွေးနွေးဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
NCCT ခေါင်းဆောင် နိုင်ဟံသာ၊ ဒုတိယ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ပဒိုကွယ်ထူးဝင်းနဲ့ ဗိုလ်ချုပ် ဂွန်မော်တို့ တက်ရောက်ကြပြီး လက်နက်ကိုင် တိုင်းရင်းသားတွေရဲ့ တပြည်လုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အလုပ်ရုံ ဆွေးနွေးပွဲကို အခုလ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့တွေက ချင်းမိုင်မြို့မှာပဲ ပြုလုပ်ခဲ့ကြ ပါသေးတယ်။
အဲဒီဆွေးနွေးပွဲမှာတော့ အပစ်အခတ် ရပ်စဲရေး ပြုလုပ်ပြီးတဲ့နောက်ပိုင်းမှာ စောင့်ကြည့် လေ့လာရေး လုပ်ငန်းတွေ ပုံစံချဖို့၊ ဘယ် အဆင့်မှာလုပ်မလဲ ဆိုတာတွေအပါအဝင် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ပြီး နောက်ပိုင်း နှစ်ဘက်တပ်တွေ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေကို ဆွေးနွေးဖြစ်ကြတယ်လို့ ဆိုပါတယ်။
ချင်းမိုင်မြို့မှာ ပြုလုပ်နေကြတဲ့ ဒီဆွေးနွေးပွဲ တွေကနေ ရရှိတဲ့“တပြည်လုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ မူကြမ်းနဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပြီးနောက် ဆွေးနွေးကြရမယ့် နိုင်ငံရေးဆိုင်ရာ မူဘောင် မူကြမ်း”တွေကို အချောသပ် ရေးဆွဲပြီးရင် ဘားအံ ခရိုင်အတွင်းရှိ ကရင်အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ (၇) ထိန်းချုပ်နယ်မြေ လေဝါး (ခေါ်) လောခီးလာ ဒေသမှာ ကျင်းပ မယ့် ဒုတိယအကြိမ် ညီလာခံမှာ ထပ်ပြီး ဆွေးနွေးကြမှာ ဖြစ်တယ်လို့ နိုင်ဟံသာဆီက သိရပါတယ်။
လေဝါး (ခေါ်) လောခီးလာ ဒေသမှာ ကျင်းပမယ့် ဒုတိယအကြိမ် ညီလာခံမှာ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေး ဆွေးနွေးရေး ကိစ္စတွေကို သဘောတူညီချက် ရပြီးသွားရင် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ ခေါင်းဆောင်တွေနဲ့ အစိုးရ ငြိမ်းချမ်း ရေး ဖော်ဆောင်ရေး ကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်း ခေါင်းဆောင်တဲ့ အဖွဲ့တို့ ဘားအံမြို့မှာ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ကြောင်း လည်း သိရပါတယ်။