ထိုင်း အတိုက်အခံ ဒီမိုကရက်ပါတီ ခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း အဖိဆစ် ဝေ့ချာချီ၀ ၏ နေအိမ်၌ ယမန်နေ့က ဖြစ်ပွားခဲ့သည့် ဗုံး ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး သံသယရှိသူ ၄ ဦးကို ဖမ်းမိကြောင်း ထိုင်း သတင်းများက ဖော်ပြသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Sukhumvit ၃၁ လမ်းရှိ အဖိဆစ် ဝေ့ချာချီ၀ ၏ နေအိမ်အတွင်းသို့ ဗုံးဖြင့်ပစ်ခွဲမှု ဖြစ်ပွားခြင်း ဖြစ်သည် ဟု ဘန်ကောက်ပို့စ် သတင်းတွင်လည်း ဖော်ပြထားသည်။
ယင်းပေါက်ကွဲမှုကြောင့် နေအိမ် အနည်းငယ် ပျက်စီးသွားပြီး ဒဏ်ရာရ သေဆုံးမှု မရှိကြောင်း၊ သံသယရှိသူ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး တဦးတို့ကို ဖမ်းဆီးရမိထားကြောင်း ထိုင်း ဘာသာဖြင့် ထုတ်လွှင့်နေသည့် ထိုင်းသတင်းများက ဖော်ပြကြသည်။
အဆိုပါ သံသယရှိသူ ၄ ဦးကို ယနေ့ နံနက် စောစောပိုင်းက အခင်းဖြစ်ပွားသည့် Sukhumvit နယ်မြေတဝိုက် စုံးစမ်းစစ်ဆေးမှုများပြုလုပ်နေစဉ် ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း၊ အဖမ်းခံရသူများမှာ အသက် ၃၁ နှစ်မှ ၅၃ နှစ် ဝန်းကျင် အရွယ်များ ဖြစ်ပြီး စုံးစမ်း စစ်ဆေး ရန် ဘန်နာရဲ စခန်းတွင် ထိန်းသိမ်းထားကြောင်း ထိုင်းသတင်း များက ဆိုသည်။
သက်သေခံပစ္စည်းအဖြစ် ဖမ်းဆီးခံထားရသူ ၄ ဦးထံမှ လက်ပစ်ဗုံး ၂ လုံးကို သိမ်းဆည်းရမိကြောင်းနှင့် နယ်မြေခံ ရဲအာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်၍ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်းလည်း သိရသည်။
သို့သော် မည်သည့်အဖွဲ့က ပြုလုပ်ကြောင်း ထိုင်းသတင်းများက ဖော်ပြထားခြင်းမရှိသော်လည်း လက်ရှိ ထိုင်းဝန်ကြီးချုပ် ယင့်လတ် ၏ အစ်ကို တော်စပ်သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို ထောက်ခံသည့် တခြားသော အဖွဲ့တဖွဲ့က ပြုလုပ်ခြင်း ဖြစ်နိုင်ကြောင်း ထိုင်းလုံခြုံရေး တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။
“သက်ဆင်ကို ထောက်ခံသူတွေက ဒီလို အကြမ်းဖက်မှုတွေကို ပြုလုပ်လေ့ရှိတယ်”ဟု ၎င်းက ဆိုသည်။
အဖိဆစ် ဝေ့ချာချီဝကမူ“ အခုလို ခြိမ်းခြောက်ပေမယ့် ဆန္ဒပြမှုတွေက ရပ်တန့်သွားမှာ မဟုတ်ဘူး”ဟု ပြောကြားကြောင်း Bluesky Channel အင်တာနက် စာမျက်နှာတွင် ယနေ့ ဖော်ပြထားသည်။
အဖိဆစ် ဝေ့ချာချီ၀ သည် လက်ရှိ ဝန်ကြီးချုပ် ယင့်လတ် မတိုင်ခင် ဝန်ကြီးချုပ် တာဝန်ကို ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်ကလည်း အတိုက်အခံ ခေါင်းဆောင်များ တောင်းဆိုထားသည့် အစိုးရမှ နုတ်ထွက်ပေးရေးကို လက်မခံဘဲ ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်နေသည်ဟု ဆိုသည်။
ယမန်နေ့ကလည်း ဘန်ကောက်မြို့ လုံဖိနီတွင် ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိပ်တိုက်တွေ့ဆုံခဲ့ရာ လုံးခြုံရေး တပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။
ပဋိပက္ခများ ဖြစ်ပွားမှုကြောင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ၂၆ မှ စတင်၍ ယနေ့အထိ ၃ ဦး သေဆုံး၍ ဒဏ်ရာ ရရှိသူ ၁၉၄ ဦးရှိကြောင်း သတင်းများအရ သိရသည်။
ဇန်နဝါရီ ၁၂ ရက်နေ့မှစတင်၍ ဘန်ကောက်မြို့လယ် နေရာများ ပိတ်ဆို့ ဆန္ဒပြမှုတွင် အချက်အချာကျသည့် Ratchaprasong နှင့် Pathumwan နေရာများ လည်း ပါဝင်သည်။
ဘန်ကောက်မြို့တွင် ပိတ်ဆို့ ဆန္ဒပြသူများကို ဦးဆောင်နေသည့် ဆူထေ့ပ် သပ်ဆူဗန်က ယင့်လတ် အစိုးရ နုတ်ထွက် ပေးရေးမှလွဲပြီး တခြားမည်သည့် ညှိနှိုင်းမှုမျိုးကိုမှ လက်ခံမည် မဟုတ်ကြောင်း၊ သွားလာလှုပ်ရှားမှုနှင့် စီးပွားရေး လုပ်ငန်းများ ရပ်တန့်သွားစေရန် ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြားထားသည်။
၂၀၁၃ ခုနှစ် နိုဝင်ဘာ လဆန်းပိုင်းက စတင်ခဲ့သည့် ဆန္ဒပြမှု ပဋိပက္ခများသည် ပြည်ပ၌ တိမ်းရှောင်နေရသော ထိုင်း ဝန်ကြီးချုပ် ဟောင်း သက်ဆင် ရှင်နာဝပ် ထိုင်းနိုင်ငံပြန်လာနိုင်ရေး အတွက် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကြမ်းကို ညီမတော်စပ်သူ လက်ရှိ ဝန်ကြီးချုပ် ယင့်လတ်က လွှတ်တော်တွင် အတည်ပြုချက်ယူခဲ့ရာက စတင်ခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ၂၀၀၆ ခုနှစ်က အာဏာသိမ်းခံရပြီးနောက် ပြည်ပတွင် နေထိုင်နေသူ ဖြစ်သည်။