ရခိုင်ပြည်နယ် မောင်တော မြို့နယ်အတွင်း လုံခြုံရေး တာဝန် ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင် များအား အုပ်စုဖွဲ့ တိုက်ခိုက်မှု ဖြစ်ပွားပြီး ရဲ တပ်ကြပ်ကြီး တဦး ပျောက်ဆုံး နေကြောင်း သိရသည်။
မောင်တောမြို့နယ် ခရေမြိုင် ရဲကင်းမှ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ခေါင်းဆောင်သည့် အဖွဲ့ဝင် ၅ ဦးသည် ဇန်နဝါရီလ ၁၃ ရက်နေ့ ည ၉ နာရီ ကျော် ကင်းလှည့်စဉ် ဘင်္ဂါလီ(မွတ်စလင်) လူမျိုးများနေထိုင်သည့် ဒူချီးရာတန်း ကျေးရွာမှ လူအုပ်စု ဖြင့် တိုက် ခိုက်၍ ထွက်ပြေးစဉ် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းမှာ ရွာထဲ၌ ပိတ်မိကျန်ခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးဝင်းမြိုင် က ဧရာဝတီကို ပြောသည်။
၎င်းက “ရဲတပ်ကြီးက ရွာထဲမှာ ပိတ်မိကျန်ခဲ့တော့ သေလား၊ ရှင်လား ဆိုတာ အလောင်းမရသေးတော့ အတိအကျ ပြောလို့ မရသေးပါဘူး၊ နယ်မြေခံ စစ်တပ်နဲ့ရဲကင်းတွေက တာဝန်ရှိသူတွေပေါင်းပြီးတော့ တပ်ကြပ်ကြီး အောင်ကျော်သိန်းကို ရှာဖွေ နေဆဲပါ”ဟု ဆိုသည်။
ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းသည် တပ်ဖွဲ့ဝင်တချို့အပါအဝင် ကျေးရွာ အုပ်ချုပ်ရေးမှူး နှစ်ဦးနှင့်အတူ ညကင်းလှည့်ရင်း ဒူချီးတန်းရွာ အနီးသို့ရောက်စဉ် ရွာထဲမှ ဘင်္ဂါလီလူမျိုး လူ ၇၀၊ ၈၀ ဝန်းကျင်ရှိသည့် လူအုပ်ကြီးက လက်နက်များ ကိုင်ဆောင် အော် ဟစ်၍ ချီတက်လာကြကြောင်း၊ ရဲတပ်ဖွဲ့ဝင်များက ၎င်းတို့သည် တာဝန်အရ ကင်းလှည့်သူများသာ ဖြစ်ကြောင်း ပြောဆိုသော်လည်း မရဘဲ ရှေးတိုးလာသည့်အတွက် ထွက်ပြေးခဲ့ကြရကြောင်း ဦးဝင်းမြိုင် က ရှင်းပြသည်။
“တာဝန်အရ လက်နက်နဲ့ လုံခြုံရေး ယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုပါ တိုက်ခိုက်လာပြီဆိုတော့ မကောင်းတဲ့ လုပ်ရပ်ပါ၊ စစ်တွေမှာလည်း တိုက်ခိုက်ခံရလို့ မကြာသေးခင်ကပဲ ရဲတဦး သေဆုံးပြီး ဒဏ်ရာရသူတချို့လည်း ရှိခဲ့တယ်”ဟု ၎င်းက ပြောသည်။
၂၀၁၂ ခုနှစ် အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများ နောက်ပိုင်းတွင် ရခိုင်ဒေသတွင်း၌ တရားဥပဒေ စိုးမိုးမှု အားနည်းနေပြီး လုံခြုံရေး တာဝန်ယူထားသည့် တပ်မတော်သား တချို့နှင့် ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံမှု၊ ဒေသခံများ မကြာခဏ သတ်ဖြတ်ခံနေရမှု စသည့် ပြဿနာများ ဖြစ်ပွားနေကြောင်း၊ ပြည်နယ် အစိုးရ အာဏာပိုင်များအနေဖြင့်လည်း လုံခြုံရေးကို တတ်နိုင်သမျှ ဆောင်ရွက်ပေး ထားကြောင်း အစိုးရ အာဏာပိုင်များက ပြောဆိုသည်။
မောင်တောဒေသ၌ ယခုအခါ တည်ငြိမ်နေပြီး နယ်စပ်ဒေသတွင်လည်း လုံခြုံရေး တိုးမြှင့်ထားမှု မရှိကြောင်း၊ ဒေသခံများ အနေဖြင့် အခြေအနေ ပုံမှန်ရှိနေသည့်တိုင် လုံခြုံရေးမရှိသည့် လယ်ယာမြေ၊ တောတောင်များသို့ သွားလာ လုပ်ကိုင် စားသောက်ရန် စိုးရိမ်နေကြဆဲ ဖြစ်ကြောင်း မောင်တော ဒေသခံများက ပြောသည်။