၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ကာလအတွင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ် နိုင်ရေး အတွက် ဆက်လက် ကမ်းလှမ်းသွားရန် ဆန္ဒရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က ၎င်းအနေဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံရန် ကြိုးပမ်းနေသော်လည်း ယနေ့အချိန်အထိ တွေ့ဆုံ မှုမရသေး၍ ဆက်ဆံရေး တိုးတက်မှု မရှိကြောင်းလည်း ယမန်နေ့က နေပြည်တော် လွှတ်တော်ဝင်း တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီရုံးတွင် သတင်းမီဒီယာများနှင့် တွေ့ဆုံရာ၌ ပြောကြားသည်။
“တွေ့ ကို မတွေ့ရသေးတော့ ဆက်ဆံရေးက တိုးတက်မှု မရှိဘူး၊ ဒါပေမယ့် တခါတည်းနဲ့ မအောင်မြင်လို့ လက်လျှော့ခဲ့တယ် ဆိုတာလည်း ဘယ်တုန်းကမှ မရှိခဲ့ဘူး”ဟု ၎င်းက ပြောဆိုသည်။
သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့မှုများရှိခဲ့သည့်အတွက် ကောင်းမွန်သည့် ဆက်ဆံရေး တည်ဆောက်လာနိုင်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
သို့ရာတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ၎င်း အပါအဝင် သမ္မတ၊ လွှတ်တော်၊ ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် လေး ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက်ကို သမ္မတ ဦးသိန်းစိန်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီ က ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်ပြီး အဖြေမထွက်သေး၍ ဟူသော အကြောင်းပြချက်ဖြင့် ငြင်းဆို ထားကြောင်း သိရသည်။
ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ပြင်ဆင် ဖြည့်စွက်မှုဆိုင်ရာ အဖြေကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီ က ဇန်နဝါရီလကုန်ပိုင်းတွင် ထုတ်ပြန်မည်ဖြစ်သည်ဟု ဆိုသည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင် တွေ့ဆုံရေးအတွက် ဆက်လက် ကမ်းလှမ်းသွားရန် အစီအစဉ် ရှိကြောင်း သိရသည်။
“အလွတ်သဘော ကြိုတင်ဆွေးနွေးထားတော့ ထွက်လာတဲ့ရလာဒ်ကလည်း အဆင်ပြေတာပေါ့၊ ကော်မတီက ဆုံးဖြတ်ပြီးမှ ထွက် လာတဲ့ရလာဒ် အဆင်မပြေရင် ပြင်ရခက်သလို တရားဝင်ဖြစ်သွားနိုင်တယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
နိုင်ငံတကာနည်းတူ တိုင်းပြည်၏ အရေးကြီးကိစ္စများကို ကြိုတင်ဆွေးနွေးမှုများ ပြုလုပ်သင့်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
သို့ရာတွင် ၂၀၁၄ ဇန်နဝါရီ ၁ ရက် က သမ္မတ ဦးသိန်းစိန်၏ ရေဒီယို မိန့်ခွန်း၌“ဖြစ်သင့်ဖြစ်ထိုက်သည့် နိုင်ငံရေး ဆန္ဒများကို လက်ရှိ နိုင်ငံရေး အခြေအနေက ဖြည့်ဆည်းပေးနိုင်သည်ထက် ပိုမိုမျှော်မှန်း ဆောင်ရွက်ပါက နိုင်ငံရေး အကျပ်အတည်း တခု ဖြစ် ပေါ်ပြီး လက်တွေ့ ဖြစ်နိုင်ခြေရှိသည့် အခွင့်အလမ်းများပင် ဆုံးရှုံးသွားနိုင်သည်ကို သတိချပ်ပြီး ဉာဏ်အမြော်အမြင်ရှိသော နိုင်ငံ ရေး ရွေးချယ်မှုများ ပြုလုပ်ကြရန် တိုက်တွန်း ပြောကြားလိုပါတယ်”ဟု ထည့်သွင်း ပြောဆိုထားသည်။
ဒေါ်အောင်ဆန်းစုကြည် က ဆက်လက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲများတွင် တပ်မတော်၏ လုပ်ရပ်များကို ထောက်ပြ ဝေဖန်နေခြင်းမှာ တိုက်ခိုက်လို၍မဟုတ်ကြောင်း ပြောသည်။
တပ်မတော်နှင့် ပြည်သူအကြား ပေါင်းစပ်မရစေရန် မျှတမှုမရှိဘဲ ရေးဆွဲထားသည့် အခြေခံဥပဒေပါ အချက်အလက်များရှိနေသဖြင့် တပ်မတော်နှင့်ပြည်သူများ အကြား စိတ်ဝမ်းကွဲစေသည့် အခြေခံဥပဒေပါ အချက်အလက်များကို ထောက်ပြနေခြင်းလည်း ဖြစ် သည် ဟု ဆိုသည်။
“ဘယ်တုန်းကမှ တပ်မတော်ကို စောင်းမြောင်းပြီး တိုက်ခိုက်တာမျိုးမရှိဘူး၊ တချို့ဆိုရင် မတိုက်ခိုက်လို့ဆိုပြီး ဝေဖန်တာတွေရှိတယ်၊ ဒါပေမယ့် တပ်မတော်ရဲ့ လုပ်ရပ်တချို့ကိုတော့ မကြိုက်ဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြီး“အခြေခံဥပဒေမှာ တပ်မတော်နဲ့ ပြည်သူတွေ စိတ်ဝမ်းကွဲစေမယ့်သဘော ပါနေတာတွေ့ရတယ်၊ ဒါကြောင့် ဖွဲ့စည်းပုံဥပဒေက ပြင်မှကိုရမှာ”ဟု ပြောဆိုသည်။
ကရင်ပြည်နယ် ဘားအံမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး လူထုစည်းရုံးမှု ဟောပြော ပွဲပြုလုပ်မည့် အချိန်နှင့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံကြမည့် ညီလာခံ ကျင်းပမည့်အချိန် တိုက်ဆိုင်မှုရှိသော်လည်း ယင်းညီလာခံ တက်ရောက်ဖြစ်မည် မဟုတ်ကြောင်း၊ တရားဝင် ဖိတ်ကြားမှု ရှိပါက တက်ရောက် ဖြစ်နိုင်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“လက်နက်ကိုင်ပြီး ဖြေရှင်းဖို့ မလိုတဲ့ အခြေအနေတခုဖြစ်အောင် ဝိုင်းဝန်း ဆောင်ရွက်ပေးပါလို့ ပြောချင်တယ်”ဟု ၎င်းက ပြော ဆိုသည်။
ယမန်နေ့က မီဒီယာတွေ့ဆုံပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ တပ်မတော်ကဏ္ဍ၊ လူငယ်ကိုယ်စားလှယ်များ ရွေးချယ်ရေး အခြေအနေ၊ တိုင်းရင်းသား လက်နက်ကိုင် များနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ အာဇာနည်ဗိမာန် ဧရိယာအတွင်း တောင်ကိုရီးယားက အထိမ်းအမှတ် တခု တည်ဆောက်မည့်ကိစ္စ၊ လစ်လပ်နေသည့် လွှတ်တော် ကိုယ်စားလှယ်များ နေရာတွင် အစားထိုးနိုင်ရန် ကြားဖြတ် ရွေးကောက်ပွဲငယ်များ ပြုလုပ်ရေး စသည်တို့နှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းပြောဆိုသွားသည်။