[irrawaddy_gallery]
မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ရာသီမရွေး စိမ်းလန်းနေပြီး အသက်ဝင်နေတဲ့ ပန်ချီကားကြီး တချပ်လို ထည်ဝါနေတာကတော့ ပုပ္ပားတောင်ကြီးပါ။ ဒီပုပ္ပားတောင်ကြီးဟာ ဒေသခံအညာသူ၊ အညာသားတွေအတွက် တန်ဘိုးမဖြတ်နိုင်တဲ့ ပန်းချီးကားတချပ် ဖြစ်သလို မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ မီးတောင်ဟောင်းကြီး တခုလည်းဖြစ်ပါတယ်။
တောထူထပ်လှတဲ့ ပုပ္ပားတောင်ကြီးက ရာသီမရွေး အအေးဓာတ်ရှိပြီး သားရိုင်း တိရစ္ဆာန်မျိုးစုံနဲ့ ကျေးငှက်မျိုးစုံအတွက် လွတ်လပ်စွာ မှီခို ကျက်စားနိုင်သလို အနီးမှာရှိတဲ့ ကျေးရွာတွေနဲ့ ကျောက်ပန်းတောင်း မြို့တို့ သောက်သုံးရေ အတွက်လည်း ဒီတောင်ကြီးက ယိုစိမ့်လာတဲ့ စိမ့်စမ်းရေတွေက အကျိုးပြုပါတယ်။
ပုပ္ပားတောင်ကြီးက သူ့ကိုမှီခိုနေကြတဲ့ လူတွေနဲ့ သားရိုင်း တိရစ္ဆာန်တွေကို အကျိုးပြုမှုတွေရှိသလို လွန်ခဲ့တဲ့ နှစ် ၂ သိန်းခွဲ ခန့်တုန်းက မီးတောင်ပေါက်ကွဲရာမှ လွင့်စင်လာတဲ့ သဘာဝ ချော်ပြာ (Pozzolan) တွေကြောင့် တောင်ရဲ့ အနောက်ဘက် အခြမ်းမှာ နေထိုင်ကြတဲ့ ဒေသခံ အညာသူ၊ အညာသားတွေဟာ စိတ်ခြောက်ခြားမှုတွေ ခါးစည်းခံနေရတာမျိုးတွေလည်း ရှိပါတယ်။
“ချော်ပြာတွေ ကျနော်တို့ မြေတွေအောက်မှာ ရှိနေတာကိုက ကျနော်တို့ရွာတွေ ကျိန်စာမိနေသလိုပါပဲဗျာ” လို့ အသက် ၅၀ ခန့် အရွယ်ရှိပြီး ငါးရံ့ကုန်းရွာခံတဦးဖြစ်တဲ့ ဦးတင်ဝင်းက သူတို့ရွာသားတွေ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို မချိတင်ကဲ မျက်နှာထားနဲ့ ရင်ဖွင့်ပါတယ်။
ပုပ္ပားတောင်က ထွက်တဲ့ ချော်ပြာတွေဟာ ဘိလပ်မြေအဖြစ် အသုံးပြုရာမှာ အရည်အသွေး ပြည့်မီတယ်ဆိုတာကို စစ်အစိုးရလက်ထက် ၂၀၀၀ ပြည့်နှစ် ဝန်းကျင်မှာ စမ်းသပ် သိရှိသွားပြီးတဲ့နောက် ဒေသခံ ကျေးရွာတွေ ကံကြမ္မာဆိုးနဲ့ စတင်ကြုံတွေ့ရတော့မယ့် အကြောင်းတွေ ဖန်လာခဲ့တာ ဖြစ်ပါတယ်။
မြန်မာ့ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း၊ အမှတ် (၂) တည်ဆောက်ရေးရုံး၊ ရေအားလျှပ်စစ် ဦးစီးဌာန အနေနဲ့ ချော်ပြာတွေ ထုတ်ယူနိုင်ဖို့အတွက် ၂၀၀၂ ခုနှစ်ထဲမှာ ဒေသခံတွေရဲ့ စိုက်ပျိုးမြေတွေကို လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေပုဒ်မ ၃၉ အရ ခွင့်ပြုချက် ချထားပေးလိုက်ပြီး မူလယာပိုင်ရှင်တွေ အနေနဲ့ ကျူးကျော်ခြင်း မလုပ်ဖို့ မန္တလေးတိုင်း၊ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ၂၀၀၂ ရက် ၇ လ ၁၅ ရက်နေ့မှာ အမိန့်ထုတ်ပြန်ပြီး အလွယ်တကူ သိမ်းယူလိုက်ပါတယ်။
ချော်ပြာတွေကို တူးဖော်ဖို့အတွက် စီမံကိန်းမြေဧရိယာထဲမှာ ကျရောက်နေတဲ့ ငါးရံ့ကုန်း၊ ကျောက်တံခါး၊ တောင်ပေါ်တောင်ပိုင်း၊ တောင်ပေါ်မြောက်ပိုင်း၊ ချိုင်းရွာ၊ မြောက်တောနဲ့ ကန်စပ်ကုန်း ကျေးရွာတွေ စိုက်ပျိုး လုပ်ကိုင်နေကြတဲ့ စိုက်ပျိုးမြေဧက စုစုပေါင်း ၂၄၆.၂၀ ဧက ကို နိုင်ငံပိုင်မြေအဖြစ် သိမ်းယူလိုက်ပါတယ်။ ဒီစီမံကိန်း လုပ်ဆောင်ဖို့အတွက် အစိုးရက ထုတ်ပြန်ထားတဲ့ အမိန့်စာတွေထဲမှာလည်း ဒီမှတ်တမ်းတွေကို တွေ့ရှိရပါတယ်။
ဦးတင်ဝင်း ကတော့ မြေအသိမ်းခံလိုက်ရတဲ့ အထဲမှာ သူ့ဘိုးဘွားပိုင်မြေ ၆ ဧက ပါသွားတယ်လို့ ဆိုပါတယ်။ အသိမ်းခံရစဉ် ကာလတုန်းက အာဏာပိုင်တွေဘက်က ၃ နှစ်စာ သီးနှံလျော်ကြေး တဧက ၆ သောင်း ပေးမယ်လို့ မူလက နှုတ်ကတိ ပေးခဲ့ပေမယ့် လက်တွေ့မှာ တနှစ်စာပဲ ပေးတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။ ဒါကလည်း ရရှိတဲ့လူက အနည်းငယ်သာ ဖြစ်တယ်လို့ သိရပါတယ်။
၂၀၀၃ ခုနှစ်ထဲမှာတော့ ငါးရံ့ကုန်းရွာအနီးမှာ Natural Pozzolan Stock Pile စက်ရုံကြီး တည်ဆောက်ခဲ့ပြီး စတင်လည်ပတ်ခဲ့ပါတယ်။
ချက်ချင်း မတူးဖော်ဖြစ်သေတဲ့ သိမ်းဆည်းပြီး လယ်ယာမြေတွေကိုတော့ စက်ရုံက မတူးဖော် ဖြစ်သေးမီကာလထိ တဧကကို ၇၀၀၀ ကျပ်နှုန်းနဲ့ သီးစားခယူပြီး လုပ်ကိုင်ခွင့် ပြန်ချပေးတယ်လို့ ဆိုပါတယ်။ ဒါကို ဒေသခံတွေက လုံးဝ မကြိုက်ကြပါဘူး၊ ဒါပေမယ့် လုပ်ကိုင် စားသောက်စရာ မရှိတဲ့အတွက် ဒေသခံတွေက လက်ခံခဲ့ကြရတယ်လို့ ပြောဆိုကြပါတယ်။
မြေ ၅ ဧက အသိမ်းခံရတဲ့ တောင်ပေါ်တောင်ရွာမှ ဦးမြသောင်းက “ကျနော်တို့ မြေတွေကို လျှော်ကြေးမရဘဲ အဓမ္မသိမ်းတဲ့သူဟာ တခြားနိုင်ငံကလာတဲ့ စက်ရုံတွေ မဟုတ်ဘူး၊ ကျနော်တို့ အစိုးရဗျ။ အဲဒီတုန်းက အာဏာရှင်ခေတ်ဆိုတော့ ကျနော်တို့ အနေနဲ့ အသိမ်းခံလိုက်ရပေမယ့် ဘာမှ ပြောခွင့်မရှိဘူး၊ ခံရတာပဲ” လို့ ဆိုပါတယ်။
သူတို့ယာမြေတွေရဲ့ အောက် ၄ ပေလောက်မှာရှိတဲ့ ချော်ပြာတွေကို မြေတူးစက်တွေနဲ့ ထိုးယူဖို့အတွက် လယ်ယာမြေ အပေါ်ယံ မြေဆီလွှာတွေကို အရင်ဆုံး တူးဖော် ဖယ်ထုတ်ပစ်ရပါတယ်။ ဖယ်ထုတ်ခံရတဲ့ မြေဇာတွေ အပုံခံရတဲ့ ယာတွေကလည်း လုပ်ကိုင် စားသောက်လို့ မရကြပြန်ပါဘူး။
ချော်ပြာတွေဟာ ဘိလပ်မြေအဖြစ် အသုံးပြုရာမှာ ဘိလပ်မြေထက် ၃ ဆ မာကျောတယ်လို့ သိရပြီး ချော်ပြာနဲ့ ပြုလုပ်ထားတဲ့ အင်္ဂတေတွေဟာ ရေစိမ့်ယိုမှု၊ အက်ကြောင်းများမဖြစ်စေမှု စတဲ့ အရည်အသွေးသတ္တိတွေ ရှိတယ်လို့သိရပါတယ်။ ဒါကြောင့် ပုပ္ပားတောင်ခြေက ရရှိတဲ့ ချော်ပြာတွေကို အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနက မြန်မာနိုင်ငံမှာ ဆောက်လုပ်နေတဲ့ ရေကာတာတွေမှာ အသုံးပြုနေတယ်လို့ သိရပါတယ်။
ဒေသခံတွေက သူတို့ပိုင်တဲ့ ယာမြေတွေကို မူလက ပဲစင်းငုံ၊ မြေပဲနဲ့ ခရမ်းချဉ်တွေကို တနှစ်ကို သီးနှံ ၂ မျိုး စိုက်ပျိုးကြပြီး တနှစ်ကို တဧက ကျပ် သိန်း ၂၀ နှုန်း ဝင်ငွေရှိတယ်လို့ ဆိုပါတယ်။ အစိုးရက မြေတွေသိမ်းလိုက်ပြီးတဲ့ နောက်ပိုင်းမှာတော့ လယ်ယာမြေတွေ အသိမ်းခံလိုက်ရတဲ့ ရွာတွေမှာ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးနဲ့ လူမှုရေးတွေမှာ အဖက်ဖက်က ကျဆင်း သွားတယ်လို့ သိရပါတယ်။
ဘိုးဘွားပိုင် ယာ ၂ ဧက အသိမ်းခံထားရတဲ့ ငါးရံ့ကုန်း ရွာသား ကိုကျော်မိုးလွင်က “ကျုပ်တို့ရွာက ရွာသာ ငယ်ပေမယ့် ချမ်းသာခဲ့တယ်ဗျ။ ယာတွေ အသိမ်းမခံခင်ကဆိုရင် ဘေးရွာတွေမှာ လူငှားထွက်လုပ်ရတယ်ဆိုတာ မရှိဘူး။ အခုဆို သူများ အလုပ်တွေ ထွက်လုပ်နေကြရတယ်။ လူငယ်တွေဆို မလေးရှား ထွက်ကုန်တယ်။ ရွာက သာရေး နာရေး ကိစ္စက အစ အရင်ကလို မလုပ်နိုင်တော့ဘူး။ အခုနောက်ပိုင်း သားရှင်ပြုပွဲတွေဆို ဆိုင်းတောင် မပါတော့ဘူးဗျာ” လို့ အရင်တုန်းက အခြေအနေတွေနဲ့ နိုင်းယှဉ်ပြီး ပြန်ပြောပြပါတယ်။
Natural Pozzolan Stock Pile စက်ရုံကြီး တည်ဆောက်ထားတဲ့ မြေဟာ ကိုကျော်မိုးလွင် မိဘတွေ ပိုင်ဆိုင်ခဲ့တဲ့ မြေဖြစ်ပြီး စက်ရုံက ကုန်ကြမ်းသိုလှောင်ရုံနဲ့ သူ့အိမ်ဟာ ပေ ၂၀ သာ ဝေးကွာတဲ့အတွက် စက်ရုံလည်ပတ်တဲ့နေ့တွေဆိုရင် ချော်ပြာ အမှုန့်တွေ အတားအဆီးမဲ့ ဝင်ရောက်လာလို့ ကျန်းမာရေး ထိခိုက်မှာကို စိုးရိမ်ရတယ်လို့ ဆိုပါတယ်။ စက်ရုံဘက်ကလည်း ဒီကိစ္စကို လုံးဝ ဂရုမစိုက်ဘဲ လုပ်နေတာဟာ ၁၀ နှစ်ကျော် ကြာခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံတွေရဲ့ ယာမြေတွေဟာဆိုရင်လည်း ချော်ပြာတွေ တူးဖော်တဲ့အတွက် ချိုင့်ခွက်၊ ချောက်ကမ်းပါးတွေဖြစ်ပေါ်နေပြီး သစ်ပင်၊ သစ်တောတွေလည်း ပျက်စီးနေတာကို တွေ့မြင်ရပါတယ်။ ဒါ့အပြင် ချော်ပြာမှုန့်၊ ဖုန်မှုန့်တွေ ပျံ့လွင့်မှုကြောင့် လေအောက်မှာရှိတဲ့ စိုက်ခင်းအချို့ က သီးနှံတွေလည်း ပျက်စီးခဲ့ရပါတယ်။
ပုပ္ပားတောင်ကြီးက ယိုစိမ့်လာတဲ့ စိမ့်စမ်းရေတွေထဲကို ချော်ပြာမှုန့်တွေ ကျရောက်မှုနဲ့ စီမံကိန်းက အညစ်အကြေးတွေကြောင့် တောင်အနောက်ဘက် အခြမ်းက ရေထွက်တွေကို သုံးနေကြတဲ့ ကျေးရွာတွေအတွက် အန္တရယ်များနေတယ်လို့ ရေတွေကို ယူပြီး ဓာတ်ခွဲစမ်းသပ်ခဲ့တဲ့ ပုပ္ပားတောင် ချစ်သူများအဖွဲ့မှ ကိုမင်းစံက ပြောပြပါတယ်။
“ဒီဘက်အခြမ်းက ရေထွက်က ရေတွေကို သုံးနေတဲ့ ရွာတွေအတွက်တော့ ရင်လေးစရာပါ။ ကျနော်တို့ ရေတွေကို ရန်ကုန် ယူသွားပြီး ဓာတ်ခွဲစမ်းသပ်ကြည့်တဲ့ အခါမှာ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်တွေပါနေတယ်” လို့ ကိုမင်းစံက ရှင်းပြပါတယ်။
ဒေသခံ တွေကြုံတွေ့နေရတဲ့ အခြေနေနဲ့ ပတ်သက်ပြီး မန္တလေးတိုင်း၊ ကျောက်ပန်းတောင်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် အမတ် ဒေါက်တာ ဇော်မြင့်မောင်က လွှတ်တော်မှာထဲမှာ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံတွေ လက်ရှိ ခံစားနေရတဲ့ အခြေအနေတွေကို တင်ပြခဲ့ပါတယ်။
တင်ပြတဲ့ အချက်တွေထဲမှာ စီမံကိန်းနဲ့ ပတ်သက်ပြီး ပိုဇိုလန် စက်ရုံကြောင့် ပတ်ဝန်းကျင် ကျေးရွာများအပေါ် ကျန်းမာရေးဆိုင်ရာ သက်ရောက်မှု (HIA)၊ လူမှုရေးဆိုင်ရာ သက်ရောက်မှု (SIA)၊ ပတ်ဝန်းကျင် ထိခိုက်ဆိုင်ရာ သက်ရောက်မှု (EIA) စတဲ့ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လုပ်ဆောင်ထားခြင်း ရှိ၊ မရှိကို မေးမြန်းခဲ့ပေမယ့် လွှတ်တော်က ဆွေးနွေးဆုံးဖြတ်မှုတွေ မပြုလုပ်ပေးပါဘူးလို့ သိရပါတယ်။
ပုပ္ပားတောင် စိမ်းလန်းစိုပြေရေးအတွက် ၁၉၈၂ ခုနှစ်မှ ၁၉၈၆ ခုနှစ်အတွင်း အစိုးရလက်အောက်မှာ လုပ်ကိုင်ခဲ့ပြီး အခုလက်ရှိ သစ်တောသယံ ဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုးရေးနှင့် ထိန်းသိမ်းရေးအသင်း (FREDA) မှာ ဥက္ကဌ အဖြစ်နဲ့ ဆောင်ရွက်နေတဲ့ ဦးအုန်း ကတော့ ဒေသခံလူထု၊ သစ်တောနဲ့ သဘာဝပတ်ဝန်းကျင် ဆိုးကျိုးတွေကို မျက်ကွယ်ပြု လုပ်ဆောင်နေတယ်ဆိုပြီး အစိုးရရဲ့ ပိုဇိုလန် စီမံကိန်းအပေါ် ပြစ်တင်ရှုံ့ချပါတယ်။
“ဒီပိုဇိုလန် စီမံကိန်းကြောင့် ဒေသခံတွေရဲ့ ယာတွေ ချောက်တွေဖြစ်ပြီး ပျက်စီးကုန်တယ်။ အစိုးရအနေနဲ့ တခုခုလုပ်မယ်ဆိုရင် ကြိုတင်ပြီး Study လုပ်ရမယ်။ ဒါကြောင့် ပတ်ဝတ်ဝန်းကျင် ထိခိုက်မှု ဘယ်လောက်ရှိတယ်၊ လူတွေကို ဘယ်လောက် အန္တရာယ် ဖြစ်တယ်၊ ဒါတွေ ဘာမှ မစဉ်စားဘဲ လုပ်ချင်ရာလုပ်လို့ အဲဒီဒုက္ခတွေက အခုလို ဒေသခံတွေက ခါးစည်းခံနေရတာ။ တာဝန်မဲ့ အစိုးရလို့ ကျနော်စွပ်စွဲရတော့မလို ဖြစ်နေပြီ။ စီးပွားရေးတခုတည်း ဇောင်းပေးပြီး လုပ်နေမယ်ဆိုရင် တိုင်းပြည်စုတ်ပြတ်သွားမယ်” လို့ ဦးအုန်းက ပြောဆိုပါတယ်။
အစိုးရလုပ်ထားတဲ့ မြန်မာနိုင်ငံထဲက စီမံကိန်းတွေထဲမှာ အခု ပိုဇိုလန် စီမံကိန်း အပါအဝင် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနဲ့ မြန်မာနိုင်ငံအတွင်းက ရေကာတာ စီမံကိန်းတွေဟာ ကျန်းမာရေးဆိုင်ရာ သက်ရောက်မှု (HIA)၊ လူမှုရေးဆိုင်ရာ သက်ရောက်မှု (SIA)၊ ပတ်ဝန်းကျင် ထိခိုက်ဆိုင်ရာ သက်ရောက်မှု (EIA) စတဲ့ နိုင်ငံ တကာ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်နာကျင့်သုံးမှုမရှိဘူးလို့လည်း ဆိုပါတယ်။
“အစိုးရလုပ်တဲ့ မြန်မာနိုင်ငံမှာရှိတဲ့ စီမံကိန်းတွေ အကုန်လုံးက စီးပွားရေးတခုတည်းကိုပဲ ကြည့်ပြီးလုပ်တာ၊ လူတွေဘာဖြစ်ဖြစ်၊ သဘာဝပတ်ဝန်းကျင် ပျက်ချင်ပျက်၊ ဘာမှမစဉ်းစားဘူး။ ကျနော် စိတ်မကောင်းဘူး။ အပြစ်ပြောတာမဟုတ်ဘူး၊ တိုင်းပြည် ကောင်းအောင် လုပ်တယ်ဆိုရင် စီးပွားရေးတခုတည်း မဟုတ်ဘူး၊ လူမှုရေးရော၊ ပတ်ဝန်းကျင်ရော အားလုံး ခြုံစဉ်းစားရမယ်။ အဲဒီလို မစဉ်းစားလို့ အခုလို ပြည်သူတွေ ဒုက္ခတွေရောက်ကုန်ကြရတာ” လို့ ဦးအုန်းက ဆက်ပြောပါတယ်။
Natural Pozzolan Stock Pile စက်ရုံကြီးကို ငါးရံ့ကုန်းကျေးရွာထဲမှာပဲ တည်ဆောက်ထားတာကိုလည်း တွေ့ခဲ့ရပါတယ်။ ဒါဟာ ငါးရံ့ကုန်းရွာသားတွေ အတွက်တော့ ကျန်းမာရေးအရ စိုးရိမ်စရာဖြစ်ပါတယ်။ စက်ရုံကထွက်တဲ့ ဖုန်မှုန့်တွေဟာ ရွာထဲကအိမ်တွေနဲ့ အနီးတဝိုက်မှာရှိတဲ့ စိုက်ခင်းတွေပေါ်ကို ကျရောက်နေတာလည်း မြင်ခဲ့ရပါတယ်။
မူလပိုင်ရှင်တွေကတော့ အစိုးရအနေနဲ့ သူတို့ရဲ့ လယ်ယာမြေတွေကို အာဏာအသုံးပြုပြီး သိမ်းယူသွားတာ ဖြစ်ပေမယ့် စီမံကိန်းကို လုံးဝ ဖျက်သိမ်းပေးရမယ်ဆိုတဲ့ သဘောမျိုး ပြောဆိုတာမျိုးတွေတော့ မတွေ့ခဲ့ရပါဘူး။ သူတို့ လိုချင်တာက ကာလ ပေါက်ဈေး အတိုင်း တန်ရာတန်ကြေး လျော်ပေးဖို့နဲ့ သိမ်းထားပြီး မတူးဖြစ်သေးတဲ့ မြေယာတွေကို ပြန်ပေးဖို့ ကိုပဲ မျှော်လင့်နေကြပါတယ်။
“အစိုးရက နိုင်ငံတော်အတွက် လိုအပ်လို့ ကျနော်တို့ ယာမြေတွေကို သိမ်းတယ်ဆိုရင်လည်း ကျနော်တို့က နိုင်ငံ ကောင်းစားဖို့ အတွက်ဆိုရင် လက်ခံရမှာပါ။ ဒါပေမယ့် တန်ရာတန်ကြေးတော့ ပေးရမှာပဲ၊ မပေးပေးတဲ့အထိ တောင်းဖို့ ကျနော်တို့ မြေသိမ်းခံ တောင်သူတွေ စုပေါင်းပြီး သဘောတူပြီးပြီလည်း ဖြစ်ပါတယ်” လို့ အသက် ၆၀ အရွယ် တောင်ပေါ်တောင်ပိုင်း ရွာခံတဦးက သူတို့ ဆုံးဖြတ်ထားမှုကို ရှင်းပြပါတယ်။
မြေယာတွေ အသိမ်းခံထားရတဲ့ ငါးရံ့ကုန်း၊ ကျောက်တံခါး၊ တောင်ပေါ်တောင်ပိုင်း၊ တောင်ပေါ် မြောက်ပိုင်း၊ ချိုင်းရွာ၊ မြောက်တောနဲ့ ကန်စပ်ကုန်း ကျေးရွာခံတွေက ပိုဇိုလန် စီမံကိန်းကြီး ရောက်လာကတည်းက ကြမ္မာဆိုးတခုလို သူတို့ကို ဒုက္ခပေါင်းစုံ ကြုံတွေ့ နေကြရတဲ့အကြောင်း လက်ရှိ အစိုးရသစ်လက်ထက်မှာလည်း သက်ဆိုင်ရာအဆင့်ဆင့်ကို နိုင်ငံတော်အထိ တင်ပြခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အာဏာပိုင်တွေဘက်က အလေးထားဆောင်ရွက်မှု တခုမှ လုပ်ပေးတာ မရှိဘူးလို့ ဆိုပါတယ်။ အခုတော့ လယ်သိမ်းခံရွာသားတွေက သူတို့ ရပိုင်ခွင့်တွေကို ရအောင်တောင်းဖို့ ညီညွှတ်နေကြတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ သူတို့ တောင်းဆိုချက်တွေကို အစိုးရဘက်က ကြိုတင် မညှိနှိုင်းနိုင်ရင်တော့ လက်ပံတောင်းတောင် ကြေးနီးစီမံကိန်းလို ဆန္ဒပြမှုတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
ဒေသခံတွေက သူတို့ ဘိုးစဉ်ဘောင်ဆက် နေထိုင်လာခဲ့တဲ့ မြေတွေအောက်ကနေ အဖိုးတန် သဘာဝ ချော်ပြာတွေ ရှိနေတာကို အစိုးရ သိသွားပြီးတဲ့နောက် ဒေသခံတွေအနေနဲ့ ဘာအကျိုး အမြတ်မှ မခံစားရဘဲ မြေတွေ အဓမ္မ အသိမ်းခံလိုက်ရတဲ့ အပြင် ကျန်းမာရေး၊ ပညာရေးနဲ့ စီးပွားရေး၊ လူမှုရေးတွေ ချွတ်ခြုံကျခဲ့ရတဲ့ အခြေအနေတွေကို ထွက်ပေါက်ရှာနေကြပါတယ်။ ကျိန်စာ သင့်သလို ခံနေရတဲ့ အဖြစ်အပျက်ထဲကနေ သူတို့ ရုန်းထွက်လိုနေကြတာလည်း ဖြစ်ပါတယ်။
“ကျနော်တို့ ပြည်သူတွေ လုပ်ကိုင်စားသောက်နေတဲ့ မြေတွေတင် မကဘူး။ အခုကျနော်တို့ ငါးရံ့ကုန်းရွာ ပတ်လည်ကိုလည်း ထိုးထားတာ၊ ကျနော်တို့ရဲ့ နောင်လာနောင်သား အိမ်ထောင်ကျလို့ အိမ်ထောင်ခွဲနေမယ် ဆိုရင်တောင် မြေမရှိတော့ဘူးဗျာ၊ ရက်စက်လွန်းတယ်။ အခုလို လုပ်နေတာဟာ ကျနော်တို့အတွက် လည်ပင်းကို တိုက်ရိုက် နင်းသတ်တာကမှ သက်သာဦးမယ်ဗျာ” လို့ ငါးရံ့ကုန်းရွာသား ဦးတင်ဝင်းက ပြောပါတယ်။