မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဝါးအပေါများဆုံး နိုင်ငံတနိုင်ငံဖြစ်၍ စီးပွားဖြစ် ဝါးစိုက်ပျိုး ထုတ်လုပ်မှု အလေးထား ပြုလုပ်သင့်ကြောင်း သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ အဖွဲ့ တဖွဲ့ ဖြစ်သော မြန်မာအစိမ်းရောင် ကွန်ရက် ၏ တာဝန်ရှိသူ ဒေါ်ဒေဝီသန့်စင်က ပြောသည်။
ရန်ကုန်မြို့ Orchid Hotel တွင် ဇန်နဝါရီ ၁၁ ရက်က ကျင်းပခဲ့သည့် ဝါးချစ်သူများအသင်း ဖွဲ့စည်းခြင်း မိတ်ဆက် ရှင်းလင်းပွဲတွင် ယင်းသို့ တိုက်တွန်း ပြောကြားခြင်း ဖြစ်သည်။
“အဓိက ရည်ရွယ်ချက် အနေနဲ့ကတော့ ဝါးတောတွေ မပြုန်းစေချင်ဘူး။ ဝါးတန်ဖိုးကို သိစေချင်တယ်။ ဒါကြောင့် ဝါးချစ်သူများ အသင်းကို စပြီးဖွဲ့စည်း ဖြစ်တာပါ”ဟု ဒေါ်ဒေဝီသန့်စင်က ပြောကြားသည်။
ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံက ဝါး အပေါဆုံး နိုင်ငံ ဖြစ်ကြောင်း၊ ဒုတိယမှာ အိန္ဒိယ ဖြစ်ပြီး မြန်မာနိုင်ငံက တတိယ ဖြစ်ကြောင်း လည်း သစ်တော ဦးစီးဌာနကို ကိုးကား၍ ၎င်းက ပြောသည်။
လက်ရှိတွင် သစ်တောဥပဒေအရ ဝါးများကို ကာကွယ်မှု နည်းပါးလျက်ရှိပြီး ဝါးခုတ်ခြင်းကို အရေးယူမှု မရှိခြင်းနှင့် သစ်တော ဦးစီး ဌာန ကလည်း ပြုစုပျိုးထောင်ခြင်း မရှိသဖြင့် ဝါးများ၏ တန်ဖိုးကို မသိခြင်း၊ ဝါးနှင့် ပတ်သက်သည့် ဗဟုသုတ နည်းပါးခြင်းများကို တွေ့ရကြောင်း ဝါးပညာရှင်များက ပြောဆိုသည်။
“ဝါးကိုအစေ့က စိုက်ရမှန်းလည်း မသိကြဘူး။ အရင်က ဝါးကို သစ်တောဦးစီးဌာန ကလည်း ပြုစုပျိုးထောင်မှု လုံးဝမရှိဘူး။ ပုဂ္ဂလိက က ထုတ်လုပ်တာကို အခွန် ကောက်တာပဲ ရှိပါတယ်။ နောက်ပြီး ဝါးနဲ့ပက်သက်တဲ့ ဗဟုသုတ ကလည်း သစ်တောဦးစီး မှာ မရှိသလောက်ပါပဲ”ဟု သစ်တော ဦးစီးအရာရှိ ဒေါက်တာ စန်းဝင်းက ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၀၁ ခုနှစ်မှစ၍ စီးပွားဖြစ်အနေနှင့် ဝါး ပရိဘောဂများကို ထုတ်လုပ်ခဲ့ပြီး ကုလားထိုင်၊ စားပွဲ၊ ခုတင်၊ မှန်တင်ခုံ၊ အဝတ်စင်တို့အပြင် အိမ်အလှဆင်ခြင်းတို့ကိုပါ ဝါးဖြင့် ပြုလုပ်လာခဲ့ကြသည်ဟုလည်း ဆိုသည်။
ဝါးပိုးဝါး၊ တလဂူဝါး၊ ခရင်ဝါး၊ ဝါးယား၊ သိုက်ဝါး တို့ကို ပရိဘောဂ ပြုလုပ်ရာတွင် အသုံးပြုသည်ကို တွေ့ရှိရသော်လည်း ဝါးအတတ် ပညာနှင့် ပတ်သက်၍ စီးပွားဖြစ် ထုတ်လုပ်နိုင်မှု အားနည်းလျက် ရှိကြောင်း သိရသည်။
“တန်ဖိုးမြင့်ဝါး ထုတ်လုပ်နိုင်ဖို့နဲ့ဝါးတောတွေကို စီမံအုပ်ချုပ်ဖို့က အရေးပါတယ်။ နိုင်ငံတော်ရဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးဖို့ အတွက် ဝါးစီမံကိန်းလုပ်ဖို့ ၄ နှစ်လောက် သုတေသန လုပ်ခဲ့ဖူးတယ်။ အရည်အသွေးရှိတဲ့ ဝါး၊ ဝါးဖြောင့် ဝါးရင့် ရဖို့က ခဲယဉ်းပါတယ်။ ဝါးတောတွေကို ခုတ်ရာမှာလည်း နည်းစနစ်မရှိရင် အဆင်ပြေမှု မရှိနိုင်ပါဘူး”ဟု သစ်တောဦးစီးဌာန သစ်တော သုတေသနဌာန လက်ထောက် သုတေသနမှူး တဦးဖြစ်သည့် ဦးအောင်ဇော်မိုးက ပြောသည်။
ဝါးချစ်သူများ အသင်းဝင်တဦး ဖြစ်သည့် မမြဉ္ဇူကလည်း “ဝါးတွေက မြန်မာနိုင်ငံရဲ့လက်ညှိုးထိုးမလွဲ နေရာတိုင်းမှာရှိတယ်။ ဝါးအတတ်ပညာတွေသာ ရမယ်ဆိုရင် အသက်မွေးဝမ်းကျောင်း မှု အဆင်ပြေသွားမယ်။ နောက်ပြီး လူနေမှု အဆင့်အတန်းလည်း မြင့် လာနိုင်မယ်”ဟု ပြောသည်။
ကမ္ဘာပေါ်တွင် ဝါးဖြင့် စီးပွားဖြစ် ဝင်ငွေရှာနေသူများရှိကြောင်း၊ မြန်မာနိုင်ငံတွင်လည်း တိုင်းပြည် သယံဇာတတခု ဖြစ်သော ဝါးဖြင့် စီးပွားဖြစ် ဝင်ငွေရှာနိုင်ရမည် ဖြစ်ကြောင်း၊ ပြည်တွင်း စက်မှုလက်မှုလုပ်ငန်းများကိုလည်း မပျောက်ပျက်စေချင်ကြောင်း ဝါးချစ်သူများ အသင်း မိတ်ဆက်ရှင်းလင်းပွဲ၌ ဒေါ်ဒေဝီသန့်စင်က ပြောသည်။
“ကမ္ဘာမှာ ဝါးနဲ့ ဘီလီယံချီပြီး ငွေရှာနေတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ရေငံရွာမှာ ဝါးစေ့တွေကို တပြည် ၆၀၀၀ ကျပ်နဲ့ လာဝယ် နေ တာ ကြားရတယ်။ ကိုယ့်တိုင်းပြည်မှာ မရှိလို့ သူများတိုင်းပြည်မှာ အလုပ်သမားဖြစ်တာကို လက်ခံလို့ရတယ်။ အခု ကိုယ့်တိုင်းပြည်မှာ ဝါးတွေရှိပြီး အလုပ်မဖြစ်တာကို မြင်ရတယ်”ဟု ၎င်းက ပြောဆိုသည်။
တခြားတိုင်းပြည်တခုတွင် တနှစ်လျှင် ဝါး လုပ်ငန်းမှ ဝင်ငွေ ဒေါ်လာ ဘီလီယံ ၅၀၀-၆၀၀ ရရှိနေချိန် မြန်မာက ဒေါ်လာ ၁ သန်း ခန့်သာ ဝင်ငွေရှိသည်ဟုလည်း ဒေါ်ဒေဝီသန့်စင်က ဆိုသည်။
ဝါးပိုး၊ ဝါးနက်၊ ထီးရိုးဝါး အမျိုးအစားများသည် ဈေးကောင်း ရရှိကြောင်း၊ ပဲခူးရိုးမနှင့် ဆက်စပ်လျက် ရှိသော တောင်ငူမြို့တွင် ဝါးနက် တလုံးလျှင် ကျပ် ၁၅၀၀၊ ထီးရိုးဝါးတလုံးလျှင် ကျပ် ၁၀၀၀ ၊ ကျသောင်းဝါးကြီး တလုံးလျှင် ကျပ် ၇၀၀ ဖြင့် ရောင်းချလျက်ရှိကြောင်း ဝါးဈေးကွက်မှ သိရသည်။
ဝါးပင်သည် အချဉ်ဓာတ် အနည်းငယ်ရှိပြီး သဲဆန်သည့် မြေတွင်ပေါက်ရောက်လေ့ရှိကာ ပဲခူးရိုးမ ရခိုင်ရိုးမနှင့် တနင်္သာရီရိုးမ တလျှောက်တွင် စီးပွားဖြစ် စိုက်ပျိုး ထုတ်လုပ်နိုင်သည့် မြေလွတ်မြေရိုင်း ဧက စုစုပေါင်း ၁၇၈၇၃၅ ဧက ကျန်ရှိ နေသေးကြောင်း သိရသည်။
ကမ္ဘာလှည့်ခရီးသည် အများအပြား သွားရောက်သည့် ပုဂံ၊ ညောင်ဦးဒေသ၊ ဧရာဝတီတိုင်း ရေကြည်၊ ငါးသိုင်းချောင်း၊ ရခိုင်ပြည် နယ် သံတွဲနှင့် ရှမ်းပြည်နယ် နောင်ချို ဒေသများတွင် ဝါးများပေါက်ရောက် ပေါများကြောင်း ဝါးပညာရှင် သစ်တော ညွှန်မှူးဟောင်း ဦးမန်းကိုကိုကြီး ထံမှ သိရသည်။ ဦးမန်းကိုကိုကြီးသည် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ အဖွဲ့တဖွဲ့ ဖြစ်သည့် ECCIT အဖွဲ့တွင် ဒု ဥက္ကဌ တာဝန် ယူထားသူလည်း ဖြစ်သည်။
ဝါးပင်သည် မြက်မျိုးနွယ်ထဲတွင် ပါဝင်ပြီး၊ ပင်လယ်ရေ မျက်နှာပြင်ထက် မီတာ၄၀၀ ရှိ တောင်ကုန်း တောင်စောင်း များတွင် ပေါက်လေ့ရှိကာ နှစ်စဉ်မိုးရေချိန် ၇၅၀ မှ ၆၃၅၀ မီလီမီတာ ရရှိမှသာ ပေါက်ရောက် နိုင်ကြောင်း၊ ကမ္ဘာပေါ်တွင် ဝါးပင်မျိုးပေါင်း ၈၀ ခန့် ရှိကြောင်း အထက်ပါ ဝါးသုတေသီများက ဆိုကြသည်။
ဝါးသည် မျိုးမတုန်းတတ်သည့် အပင်မျိုးဖြစ်ပြီး၊ အဏုမြူကဲ့သို့ ဓာတ်ငွေ့အဆိပ်သင့်ခြင်းကိုပင် ခံနိုင်ပြီး ဝါးပင်တချို့၏ အစေ့များသည် ၁၀ နှစ်ခန့်အထိ မျိုးစေ့အဖြစ် သိုလှောင်ထားနိုင်ကြောင်း စာပေဗိမာန်ထုတ် ဝါးအကြောင်း သိကောင်းစရာ စာအုပ်တွင် ဖော်ပြ ထားသည်။
အမြစ်ဆုံပင်စည်အား စိုက်ပျိုးပါက ဝါးရုံတရုံ ဖြစ်ထွန်းရန် ၆ နှစ်မှ ၈ နှစ်အထိ ကြာမြင့်နိုင်ပြီး ယခင်နှစ်က ပေါက်သော ၁ နှစ်သား အရွယ် ဝါးနုကို ရွေးချယ် စိုက်ပျိုးမှသာ အပင်သစ် ပေါက်ရန် သေချာကြောင်း ဝါးပညာရှင်များက ပြောသည်။
ဝါးပင်များသည် ကျွန်းပင်များ၏ အကောင်းဆုံး အဖော်ဖြစ်ပြီး ဂေဟစနစ်အရ ရေချိုအတွက် ထိန်းသိမ်းရန် အထူး လိုအပ်ကြောင်း လည်း ဝါးပညာရှင်များက တိုက်တွန်းထားသည်။
ယခုအချိန်တွင်မူ ကြယ်ငါးပွင့်အဆင့် ဝါးစံအိမ်များကို အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းပေါ်တွင် ခေတ်မီ ဆောက်လုပ်ရေး ပစ္စည်းများကို အသုံးမပြုဘဲ ဒေသထွက် ဝါးများကိုသာ တာရှည်ခံရန် အသုံးပြု တည်ဆောက်ထား၍ အိမ်အရွယ်အစားကို မူတည်ပြီး နိုင်ငံခြား ဝါးဈေးကွက်တွင် ပေါင်သုံးသိန်းမှ ပေါင် ၁ သန်း ၂ သိန်းကြား ရောင်းချကြောင်း သိရသည်။