မြန်မာ့ တပ်မတော်၏ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများသည် စစ်မှန်သည့် ဒီမိုကရေစီ အစိုးရ မပေါ်ပေါက်မချင်း ရပ်တန့်မည် မဟုတ်ကြောင်း အဓိက ရေးသားထားသည့် “အရေးယူမှုမှ ကင်းလွတ်ခြင်းနှင့် မပြောင်း လဲ သေးသည့် စနစ်များ” ဆိုသည့် အမျိုးသမီးများအဖွဲ့ချုပ် – မြန်မာနိုင်ငံ (WLB) ၏ အစီရင်ခံစာ တစောင်ကို ၂၀၁၄ ခု နှစ်ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ရန်ကုန်နှင့် ထိုင်းနိုင်ငံ ချင်းမိုင် အပါအဝင် နိုင်ငံတကာတွင် ထုတ်ပြန်မည့် အစီရင်ခံစာ နှင့်ပတ်သက်၍ WLB အထွေထွေ အတွင်းရေးမှူး ဒေါ်တင်တင်ညိုအား ဧရာဝတီ သတင်းထောက် လင်းသန့်က ချင်းမိုင် မြို့တွင် သီးသန့် တွေ့ဆုံ မေးမြန်းထားသည်။
မေး။ ။ WLB က ထုတ်ပြန်တဲ့ “အရေးယူမှုမှ ကင်းလွတ်ခြင်းနှင့် မပြောင်းလဲသေးသည့် စနစ်များ” ဆိုတဲ့ မြန်မာ အစိုးရ စစ်တပ်က အမျိုးသမီးတွေအပေါ် လိင်အကြမ်းဖက်မှုတွေ ရှိနေတဲ့အကြောင်း အစီရင်ခံစာ ထွက်ပေါ်လာရတဲ့ အကြောင်းရင်းနဲ့ ရည်ရွယ်ချက်ကို သိပါရစေ။
ဖြေ။ ။ အဓိက လက်ရှိ မြန်မာနိုင်ငံမှာ ဆိုရင် ပြုပြင်ပြောင်းလဲမှုတွေကို သွားနေတယ်။ တပြိုင်တည်းမှာပဲ တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဖော်ဆောင်နေချိန်လည်း ဖြစ်တယ်။ ဒါပေမယ့် အပစ် ရပ်သွားတာ မဟုတ်ဘဲ ဆက်လက်ပြီး တိုက်ပွဲတွေက ဖြစ်နေတယ်။ တပြိုင်တည်းမှာပဲ လူ့အခွင့် အရေး ချိုးဖောက်မှုတွေက ဆက်ရှိနေတယ်။ အဆိုးရွားဆုံးက ကျမတို့ အမျိုးသမီးတွေဟာ စစ်ပွဲဖြစ်တဲ့ နေရာတိုင်းမှာ အဓမ္မ ပြုကျင့်ခံရတယ်။ အဓမ္မ အကျင့်ခံရတိုင်း မှာလည်း အရေးယူမှု တစုံတရာမရှိခဲ့ဘူး။ ဒီလို အနေအထားတွေဟာ ကျမတို့ အခု ဖော်ဆောင်နေတယ်ဆိုတဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းရေးအတွက် အများကြီး အဟန့်အတား ဖြစ်စေ တယ်။ ဒီလို အနေအထားမျိုးတွေ မဖြစ်အောင် လက်ရှိ တာဝန်ယူနေတဲ့ ခေါင်းဆောင်အားလုံးက အလွန်အရေးကြီးတဲ့ အချက် တချက်အနေနဲ့ ထည့်သွင်း စဉ်းစားဖို့ လိုတယ်ဆိုတာကို ကျမတို့ ထောက်ပြခြင်းဖြစ်တယ်။
မေး။ ။ အခု အစီရင်ခံစာမှာ သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီး နောက်ပိုင်း မြန်မာစစ်တပ်က စစ်ပွဲဖြစ်တဲ့ ဒေသက အမျိုးသမီးတွေအပေါ် စနစ်တကျ လိင်အကြမ်းဖက်မှု အမှုပေါင်း ၁၀၄ ခု ရှိတယ်လို့ ဖော်ပြထားတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ဘယ်လို အချက်အလက်တွေရအောင် စုဆောင်းပြီး အခုလို အစီရင်ခံစာဖြစ်အောင် လုပ်ဆောင်ခဲ့တာလဲ။
ဖြေ။ ။ အမျိုးသမီးတွေအပေါ် စစ်ပွဲတွေဖြစ်တဲ့ ဒေသတွေမှာ အဓမ္မပြုကျင့် ခံရတာနဲ့ ပတ်သက်ပြီး အခုမှ အချက် အလက်တွေကို စုဆောင်းတာတော့ မဟုတ်ဘူး။ ပြီးခဲ့တဲ့ နှစ်တွေတုန်းကလည်း အချက်အလက် စုဆောင်းပြီး တောက် လျှောက် အစီရင်ခံစာတွေ ထုတ်ပြန်ခဲ့တယ်။ ဥပဒေပိုင်းဆိုင်ရာ အကာအကွယ်ပေးဖို့နဲ့ စနစ်တွေပြောင်းလဲဖို့ ကျမတို့ ထောက်ပြခဲ့တယ်။ အခု ကျမတို့ မျှော်လင့်ခဲ့တာက သမ္မတ ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေးတွေ သွားတဲ့အခါ ဒီ အရေးကိစ္စတွေကို အလေးအနက်ထား ဆောင်ရွက်လိမ့်မယ်၊ ပြီးတော့ လိင်အကြမ်းဖက်မှုတွေ ရပ်တန့်သွားမယ်လို့ ယုံကြည်ခဲ့ပေမယ့် ဆက်ပြီးဖြစ်နေတာ တွေ့ရတယ်။ ဖြစ်တဲ့နေရာတွေကလည်း တနေရာတည်းမဟုတ်ဘဲ စစ်ဖြစ်တဲ့ နေရာတိုင်းမှာကို အမျိုးသမီးတွေဟာ စစ်သားတွေနဲ့ စစ်တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူတွေရဲ့ အကြမ်းဖက်မှု အမျိုးမျိုးပေါ့၊ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမျိုးကို ခံနေရတာ ကျမတို့ တွေ့ရတယ်။ ဒါကို ကြည့်ခြင်း အားဖြင့် စစ်ပွဲမှာ တဘက်ကို အနိုင်ယူချင်တာနဲ့ တဘက်ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာအရ ကျဆင်းသွားအောင် သူတို့ အနေနဲ့ ဗျူဟာကျကျ ကျင့်သုံးသလိုတောင် ကျမတို့က မြင်တယ်။ ဒါကြောင့်လည်း ဒါဟာ စနစ်တကျလို့ ကျမတို့ ထောက်ပြတယ်။ ဒီအထဲမှာ ဘယ်ဟာကို ကိုးကားချင်သလဲဆိုရင် တချို့ အင်တာဗျူးတွေမှာ ဆိုရင် ပြုကျင့်တဲ့ ရဲဘော်တွေ ကိုယ်တိုင်က ဘာပြောလဲ ဆိုတော့ နင်တို့ကို ငါတို့ မုဒိန်းကျင့်ပိုင်ခွင့် ရှိတယ်၊ ဒီလို စကားတွေပြောပြီး အဓမ္မ ကျင့်ခဲ့တာတွေ ရှိတယ်။ အဓမ္မကျင့်ခံရတဲ့ အမျိုးသမီးတွေဟာ အကျင့်ခံရတဲ့အပြင် အသတ်ခံရတယ်၊ ညှဉ်းးပန်းနှိပ်စက် ခံရတယ်၊ တချို့ ကိစ္စတွေမှာဆိုရင် သူတို့ မိသားစုအရှေ့တွေမှာပဲ အဓမ္မ ပြုကျင့်တာမျိုးတွေ ရှိတယ်။ ဒါဟာ စိတ်ဆန္ဒအလျှောက် ဖြစ်ပေါ်လာလို့ အဓမ္မပြုကျင့်တာမျိုး မဟုတ်ဘဲ နည်းပေါင်းစုံ စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် အကြမ်းဖက်တဲ့ ပုံစံမျိုး ဖြစ်နေတယ်။ ဒါကြောင့်လည်း စနစ်တကျ လိင်အကြမ်းဖက်နေတယ် ဆိုပြီး ထောက်ပြတာပါ။
မေး။ ။ အဲဒီမှာ စနစ်တကျအပြင်၊ မူဝါဒအနေနဲ့ အခုလို မြန်မာစစ်တပ်က အမျိုးသမီးတွေကို လိင်အကြမ်းဖက်တယ် လို့ ဆိုတော့ ဒါဟာ ဘယ်လိုကြောင့် ပြောနိုင်တာလဲ၊ ဘယ်လို ဥပမာတွေ ပေးလို့ရမလဲ။
ဖြေ။ ။ မူဝါဒအနေနဲ့ လုပ်နေတယ်လို့ ပြောတာက ခုနက ပြောတဲ့ တဘက်ကို စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျဆင်းသွား အောင် ဗျူဟာ တရပ်အနေနဲ့ ပြုလုပ်တယ်ဆိုတာ ကျမတို့က ဒါဟာ မူကြောင့်လို့ ပြောနိုင်ပါတယ်။ နောက် ဒီလို ပြုကျင့်မှု တွေကိုလည်း ဘယ်လိုမှ အရေးယူ အပြစ်ပေးတာမျိုးမရှိတော့ ဒါဟာ တရားဝင် ကျူးလွန်ခွင့် ပေးထားတယ် ဆိုတာမျိုးဖြစ်တယ်။ ဒါကြောင့်လည်း မူဝါဒအရလို့ ကျမတို့က ထောက်ပြနေတာပါ။ ကျမတို့ မျှော်လင့်ထားတာက စစ် တပ် ဆိုတာနိုင်ငံကို ကာကွယ်ဖို့၊ ပြည်သူကို စောင့်ရှောက်ဖို့ဖြစ်တယ်။ အပြစ်မဲ့တဲ့ ပြည်သူတွေကို အခုလို အကြမ်းဖက် တဲ့ ပုံစံမျိုးစုံနဲ့ နှိပ်စက် ဖိနှိပ်ဖို့ မဟုတ်ဘူးလို့ နားလည်ထားတာ။
မေး။ ။ အစီရင်ခံစာမှာ ကချင်ပြည်နယ်၊ ကယားပြည်နယ်တွေမှာ အမျိုးသမီးတွေကို စစ်တပ်ကနေ အုပ်စုလိုက် နေ့စဉ်ရက်ဆက် အဓမ္မပြုကျင့်တယ် ဆိုတဲ့ အမှုတွေ ဖော်ပြထားတယ်။ ဒီလို အချက်အလက်တွေကိုရော ဘယ်လို ရယူပြီး ဘယ်လို အတည်ပြုခဲ့သလဲ။
ဖြေ။ ။ ကျမတို့က ဒီလို အချက်အလက် ကောက်ယူတဲ့အခါ အဲဒီ နယ်မြေ၊ ဒေသတွေမှာ နေထိုင်တဲ့ အချက်အလက် စုဆောင်းတဲ့ ကျမတို့ရဲ့ ဝန်ထမ်းတွေ ရှိတယ်။ အဲဒီအမျိုးသမီးတွေက စစ်ဖြစ်တဲ့နေရာတွေမှာ သူတို့တွေက ရှိနေပြီး ကူညီပေးနေပြီး သတင်းတွေလည်း လိုက်ယူကြတယ်။ လိုက်ယူကြရင်း ဒါတွေကို တွေ့ရှိလို့ ကာယကံရှင်တွေနဲ့ အင်တာဗျူး လုပ်ပြီး မှတ်တမ်းတင် ထားခဲ့တယ်။ တချို့ဆိုရင် အဓမ္မတော့ အကျင့်ခံရတယ်၊ မပြောရဲကြတော့ ကျမတို့လည်း သုံးလို့မရဘူး။ တချို့ အုပ်စုလိုက် မုဒိန်းကျင့်ခံရတာကို သူတို့ကိုယ်တိုင် ရင်ဖွင့် ပြောဆိုလာတယ်။ သူတို့ဟာ ကာယကံရှင် သက်သေတွေပါပဲ။ ကူရာ ကယ်ရာမဲ့တဲ့ အခြေအနေမျိုးတွေလည်း ရှိတယ်။ တချို့ကိစ္စမှာ ကာယကံရှင်က အသတ်ခံ လိုက်ရတာ၊ စကားလုံး၀ မပြောနိုင်တဲ့ အနေအထားမျိုးတွေ ဆိုရင် ဘေးက မျက်မြင် သက်သေတွေက တဆင့်ပြန်ပြောပြတဲ့ ဟာမျိုးတွေလည်း ရှိတယ်။ အဲဒါကို ကျမတို့က စုစည်း မှတ်တမ်းတင်ထားတယ်။ ဒီလို အချက်အလက် ကောက်ယူတဲ့နေရာမှာ ကောက်ယူတဲ့ အမျိုးသမီးတွေကို သင်တန်းတွေ သေသေချာချာ ပေးတယ်။ အတင်း အဓမ္မ ပြုကျင့်ခံရပြီး လွတ်မြောက်လာတဲ့ အမျိုးသမီးတွေကို အင်တာဗျူးတာမှာ ဘယ်လိုပုံစံမျိုးနဲ့ အင်တာဗျူးရမယ် ဆိုတာက အစပေါ့။ နောက်တခု စိတ်မကောင်းစရာက ကျမတို့တတွေက တကယ့် ဥပဒေပိုင်း ဆိုင်ရာနဲ့ပဲ ချည်းကပ်ရတာ ရှိတော့ တချို့ အချက်အလက်တွေ အရ သူတို့တွေ တကယ်တွေ့ကြုံခဲ့တယ် ဆိုပေမယ့် အချက်အလက် မပြည့်စုံတော့ ကျမတို့ မသုံးနိုင်ဘူး။ အဲဒီတော့ အဲဒီ အမျိုးသမီး အတွက် တော်တော်နစ်နာတယ်။ အမျိုးသမီးအရေး ကာကွယ် စောင့်ရှောက်တဲ့ သူတွေအတွက်လည်း အင်မတန်မှ နစ်နာတယ်လို့ ပြောလို့ရတယ်။ ကျမတို့က သေသေချာချာ သတ်မှတ်ထားတဲ့ ဘောင်အတွင်း ဝင်သည်အထိ စစ်တမ်း အမျိုးမျိုး ကောက်ယူတယ်။ ကာယကံရှင် ပြောဆိုချက်တခုတည်းနဲ့ အတည်မပြုဘဲ ဘေးက မျက်မြင်သက်သေတွေ၊ ဒီအကြောင်းအရာ သေချာ သိတဲ့သူတွေကိုလည်း ရှာဖွေဖော်ထုတ်ပြီး တိကျမှပဲ ဒီစာအုပ်ထဲမှာ ဖော်ပြတာပါ။
မေး။ ။ အစီရင်ခံစာအရ တိုင်းရင်းသား ဒေသ စစ်ပွဲဖြစ်တဲ့နေရာတွေက အမျိုးသမီးတွေအပေါ် လိင်အကြမ်းဖက်မှု တွေကို စစ်တပ်က လက်နက်သဖွယ် အသုံးပြုနေတယ် ဆိုတာက ဘယ်လို ရည်ညွှန်းထားတာလဲ။
ဖြေ။ ။ မြန်မာနိုင်ငံမှာ ပြည်တွင်း စစ်ဖြစ်နေတာဆိုတော့ ကိုယ့်လူမျိုး လွတ်မြောက်ဖို့အတွက်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အတွက် လက်နက်ကိုင် တော်လှန်ရေး လုပ်နေကြသူတွေဖြစ်တယ်။ ဒီမှာ အမျိုးသမီးတွေ ဆိုရင်၊ ကချင်ဆိုရင် ကချင် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့နဲ့ ဆက်စပ်တယ်၊ ကရင်ဆိုရင်လည်း ကရင်လက်နက်ကိုင် တော်လှန်ရေး အဖွဲ့နဲ့ ဆက်စပ်တယ် ဆိုပြီး၊ စွပ်စွဲပြီး ပိုပြီးတော့မှ ဖိနှိပ်တာတွေ၊ အကြမ်းဖက်တာတွေ၊ အဓမ္မ ပြုကျင့်တာတွေ လုပ်တဲ့အနေ အထားမျိုး တွေ့တယ်။ ဒါဟာ မြန်မာစစ်တပ်က သူတို့ရဲ့ တဘက် ရန်သူကို ပုံစံအမျိုးမျိုးနဲ့ ထိခိုက်နစ်နာစေလိုတဲ့ ရည် ရွယ်ချက်နဲ့ လုပ်တာမို့ ဗျူဟာတရပ် အနေနဲ့ သုံးတယ်လို့ မြင်လို့၊ ဒါကြောင့် စစ်လက်နက်သဖွယ် ပြုတယ်လို့ ပြောတာ ပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်အမျိုးသား အချင်းချင်း၊ ကိုယ့်လူမျိုး အချင်းချင်း၊ ကိုယ့်သားသမီး၊ ကိုယ့်မိခင်၊ နှမ သားချင်း ဒီလိုအကြမ်းဖက် ခံရပြီဆိုတော့ ဘယ်သူမှ လက်ပိုက် ကြည့်နေနိုင်တဲ့ အနေအထားမျိုး မရှိဘူး။ ဒီလို ဟာတွေက စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် သေချာ စနစ်တကျ လုပ်နေတဲ့ ပုံစံမျိုးဖြစ်နေတယ်။
မေး။ ။ အခု အစီရင်ခံစာ တစုံလုံးမှာ ဖော်ပြထားတာက ပဋိပက္ခဒေသတွေက အမျိုးသမီးတွေကို အဓမ္မကျူးလွန်သူ ဟာ မြန်မာစစ်တပ်ကလို့ ဖော်ပြထားတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကရော တိုင်းရင်းသူ အမျိုး သမီးတွေကို ဒီလို လိင်အကြမ်းဖက် ကျူးလွန်တာမျိုး မရှိဘူးလား။ အဲဒါမျိုးတွေကိုရော WLB အနေနဲ့ မှတ်တမ်းတွေ မဖော်ထုတ်ဘူးလား။
ဖြေ။ ။ ပြောရမယ်ဆိုရင် အမျိုးသမီးတွေအပေါ် ဘယ်လို အကြမ်းဖက်မှုမျိုးကိုမဆို ဘယ်သူတွေကပဲ ပြုလုပ်ပြု လုပ် ကျမတို့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့ သူတွေအနေနဲ့ကတော့ အမျိုးသမီးတွေဘက်က ရပ်တည် သွားမှာပဲ။ ဥပဒေပိုင်း ဆိုင်ရာ အပြစ်ပေး အရေးယူမှုတွေ ရှိလာအောင်လည်း ကျမတို့ တိုက်တွန်းမှာပဲ။ ဒါ ဘယ်သူ မဆိုကို ပြောချင်တာ။ ကျမတို့က ဘယ်သူ့ကို မဆိုပြောချင်တယ်။ လက်ရှိအနေအထားမှာ ဒါမျိုးတွေကို စနစ်တကျနဲ့ သိသိသာသာ ကျူးလွန်နေတာက မြန်မာစစ်တပ်က စစ်သားတွေနဲ့ တာဝန်ရှိသူတွေပါ။ ကျမတို့ ကြားဖူးနား၀ အရရော၊ ကြုံတွေ့ရတာမျိုး ဆိုရင်၊ ကျမဆို ABSDF ကျောင်းသား တပ်မတော်မှာ နေထိုင်ခဲ့တယ်။ အဲဒီတော့ တောတွင်း ဒေသမှာ နေခဲ့တယ်။ အဲဒီမှာလည်း တိုင်းရင်းသူ အမျိုးသမီးတွေကို အဓမ္မကျင့်တာမျိုး ရှိတာပဲ။ ဒါပေမယ့် ဒါဟာ ကာမ ဆန္ဒအရ အဓမ္မ ကျင့်လိုက်တာ၊ ပြီးတော့ အပြစ်ပေးမှု အမျိုးမျိုး လုပ်ခဲ့ကြတာပဲ၊ တချို့ဆို သတ်တဲ့အထိ လုပ်ကြတာ။ တခြား KIA တို့ ကရင်တို့ဘက် အခြမ်းမှာ ကျမကိုယ်တိုင် ကြုံတွေ့တာတော့ မဟုတ်ဘူး၊ ကြုံတွေတဲ့ သူတွေပြော ပြတာက သေမိန့်အထိ ချမှတ်အရေးယူတာ ရှိတယ်။ ဒီလိုမျိုး အပြစ်ပေး အရေးယူတာမျိုး ရှိတယ်။ အဓမ္မ ကျူးလွန်မှု မျိုးဟာ မဖြစ်တော့ မဖြစ်သင့်ဘူး။ ဒါပေမယ့် ကျူးလွန်လာရင်တော့ အပြစ်ပေး အရေးယူရမယ်။ နောက်တခုကျမတို့ ဆန်းစစ်တာက ဒါဟာ မူအရ ဖြစ်တာလား၊ KNU စစ်သားတွေက အစိုးရ စစ်သားတွေနဲ့ ဆက်စပ်မှုရှိတဲ့ မိသားစုကို သွားပြီး အဓမ္မကျင့်နေသလား၊ အဲဒီလိုမျိုး ဆိုရင် အဓိပ္ပာယ်တမျိုး သက်ရောက်တယ်။ အဲဒီလိုမဟုတ်ဘဲ ကိုယ့်လူမျိုး အချင်းချင်း ပြန်လုပ်တာမျိုး ဆိုတော့ ဒါကနောက်ထပ် စဉ်းစားချက်တချို့ပေါ့။ ကာမ ဆန္ဒအရ ဖြစ်သွားတယ် ဆိုတာ မျိုးကျမတို့ တွက်လို့ရတယ်။ ဘာပဲဖြစ်ဖြစ် ကျမတို့တတွေကတော့ ဒီနောက်ပိုင်းမှာလည်း ဒီလို အမှုမျိုး ထပ်ကြားတယ် ဆိုရင် ဘယ်သူပဲလုပ်လုပ် အခုအစီရင်ခံစာမှာ ပြောသလိုပဲ ကျမတို့က ပြောမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီးတွေ မွေးဖွားလာတယ် ဆိုတာ ဘယ်သူကမှ အကြမ်းဖက်ခံဖို့ မဟုတ်ဘူး။ ခုနလိုမျိုး လိင်ကြေးကျွန်အဖြစ်နဲ့ ပြုလုပ်ဖို့ မဟုတ်ဘူးဆိုတာ အားလုံးကို ကျမတို့က သိစေချင်တယ်။
မေး။ ။ အခု အမျိုးသမီးတွေ လိင်အကြမ်းဖက်ခံနေရတာ စစ်ပွဲတွေနဲ့ ဆက်စပ်နေသလို စစ်ပွဲတွေကလည်း သယံဇာတတွေနဲ့ ဆက်စပ်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားတယ်။ ဆက်စပ်မှုတွေကို ရှင်းပြပေးပါလား။
ဖြေ။ ။ အထူးသဖြင့် ပြောရမယ်ဆိုရင် ပြည်တွင်းစစ် ဖြစ်ပေါ်လာတဲ့ အနေအထားအရရော၊ နောက်ပြီးတော့ ဆက်ပြီး အခုထိ ပဋိပက္ခတွေ အဓွန့်ရှည်နေတယ် ဆိုတာ ဒီသယံဇာတတွေနဲ့ အများကြီး ဆိုင်ပါတယ်။ အုပ်ချုပ်သူ လူတန်းစား အစိုးရနဲ့ သက်ဆိုင်ရာ တိုင်းရင်းသား နယ်မြေတွေမှာ သယံဇာတကို မျှမျှတတနဲ့ ခွဲဝေ သုံးစွဲမယ်ဆိုရင် ဒီ ပြဿနာတွေက ဒီလောက်အထိတောင်မှ ကြီးထွားသွားစရာ အကြောင်းမရှိဘူး။ အခုဟာက ခေါင်းပုံဖြတ် အမြတ် ထုတ်သလို ဖြစ်တယ်။ ဥပမာ တရုတ်နယ်စပ် ကချင်ပြည်နယ် ဘက်ခြမ်းက စစ်ပွဲတွေဟာ သယံဇာတ ကိစ္စတွေနဲ့ အများကြီး ဆက်စပ်တယ်လို့ ကျမ မြင်တယ်။ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ် ကျမတို့ ဒီနေရာမှာ မပြောချင်ဘူး။ ဒါပေမယ့် ဘယ်သူက ပြည်သူတွေရဲ့ အကျိုးကို မကြည့်ဘဲနဲ့ ကိုယ့်အကျိုးကိုပဲ ကြည့်ပြီးတော့မှ လူတစု ကောင်းစားဖို့ ဒီသယံဇာတတွေကို ချယ်လှယ်လိုက်တယ် ဆိုရင် ဒါ မလုပ်သင့်တဲ့ အလုပ်လို့ပဲ ကျမတို့ မြင်တယ်ပေါ့။ အဲဒီလို ဖြစ်ပြီ ဆိုရင် ၂ ဘက် တင်းမာမှုအကြားမှာ အဓိက ဆုံးရှုံးနစ်နာတာက အဲဒီမှာ နေတဲ့ ပြည်သူတွေပဲ။ ပြောရမယ်ဆိုရင် ကျမတို့ မြန်မာနိုင်ငံမှာ ရွှေမထွက်တဲ့ နေရာမရှိဘူး။ ရွှေထွက်တဲ့ အတွက်ကြောင့်လည်း သတ်နေဖြတ်နေကြတာ၊ ရွှေထွက်တဲ့ အတွက်ကြောင့်လည်း အခု စစ်ဖြစ်တဲ့အခါကျတော့ ထွက်ပြေးကြရတာ။ ကချင်ပြည်နယ်ဘက်မှာ သူတို့ ပြေးလွှား သွားတဲ့အခါ သူတို့ရဲ့ အိမ်အောက်မှာ ရွှေတွေ တူးနေကြတဲ့ဟာမျိုးတွေ ရှိတော့ သူတို့အိမ်ကိုတောင် သူတို့ ပြန်နေလို့ မရတော့ဘူး ဖြစ်ကုန်ပြီ။ ခြံဆိုလည်း ရွှေထွက်တဲ့ အခါကျတော့ ရွှေတွေတူးနေတယ်။ အဲဒီလို ရွှေတူးတဲ့ နေရာမှာ အဓိက ခွင့်ပြုပေးတာက မြန်မာအစိုးရစစ်တပ်က သူတွေဖြစ်နေတယ်။ အဲဒီအမြတ်တွေ အကုန်လုံး စားနေရ တာ သူတို့တတွေ ဖြစ်နေတယ်။ ဒီလိုပုံစံမျိုးတွေ အထိကို ခေါင်းပုံဖြတ် ခံနေရတဲ့အနေအထားက ပြောရမယ်ဆိုရင် ပဋိပက္ခ တခုကို ချုပ်ငြိမ်းအောင် လုပ်တာ မဟုတ်ဘဲနဲ့ ပိုပြီးတော့ ဖြစ်ပွားစေတဲ့ အနေအထားမျိုးဖြစ်တယ်။ ဒီအထဲမှာပဲ ဒုက္ခသည်တွေ၊ အိုင်ဒီပီတွေ ပြန်လာပါလို့ ပြောနေတယ်။ ပြန်လာပါလို့ ပြောတဲ့နေရာမှာ ခုနကလိုမျိုး သူတို့ နေထိုင်တဲ့ နေရာတွေ မရှိတော့တဲ့အတွက် အစိုးရကလည်း သေသေချာချာ မစီစဉ်ပေးရင် သူတို့ ဘယ်မှာ သွားနေမလဲ၊ နောက် တခုက စစ်တပ်က အဲဒီမှာ ဆက်လက်ပြီး နေနေတယ်ဆိုလို့ရှိရင် ခုနကလိုမျိုး အဓမ္မ ပြုကျင့်မှုတွေ ဆက်မရှိဘူးလို့ ဘယ်သူက အာမခံပေးမလဲ။ ဒါမျိုးတွေကအစ ကြောက်ရွံ့မှုတွေနဲ့ ပြည်သူတွေက နေထိုင်နေရတာမှာ ဒီကြောက်ရွံ့မှု ကို ပယ်ပျက်အောင် လုပ်ရမှာကလည်း လက်ရှိ တာဝန်ယူနေကြတဲ့ ခေါင်းဆောင်တွေပဲ။ ပယ်ပျောက်အောင် လုပ်မယ် ဆိုလို့ရှိရင်လည်း အားလုံးရဲ့ ခံစားချက်တွေနဲ့ ပြဿနာ အရင်းအမြစ်တွေကို စဉ်းစားဖို့လိုတယ်။ မျှမျှတတနဲ့ လောဘ ကို ရှေ့တန်းမတင်ဘဲ ကိုယ့်လူထု ကောင်းစားရေးကိုပဲ ရှေ့ရှုပြီး လုပ်ကြစေချင်ပါတယ်။
မေး။ ။ သယံဇာတတွေကြောင့် စစ်ပွဲတွေဖြစ်တယ်၊ စစ်ပွဲတွေကြောင့် အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရတယ်။ တခါ ဒါတွေကိုလည်း အရေးယူ အပြစ်မပေးဘူး။ ဒီတော့ တရားစီရင်ရေးစနစ်၊ တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်ပြီး ပြုပြင်ဖို့လည်း အစီရင်ခံစာက ဆိုထားတော့ ဘယ်လိုပုံစံတွေ ပြုပြင်ချင်သလဲ။
ဖြေ။ ။ ကျမတို့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး စနစ်ကို ထောက်ပြချင်တာ ကတော့ မှားယွင်းနေတယ်လို့ မြင်တယ်။ မှားယွင်းနေတယ် ဆိုတာကလည်း တောက်လျှောက်က တရားစီရင်ရေးရဲ့ အထက်မှာ အုပ်ချုပ်သူ လူတန်းစားက ရှိနေလို့ပဲ။ ဥပမာ အမှုတွေက အထူးသဖြင့် စစ်တပ်ပိုင်းဆိုင်ရာနဲ့ သက်ဆိုင်တယ်ဆိုရင်၊ ဒါမှမဟုတ် အုပ်ချုပ်သူ လူတန်းစားနဲ့ သူတို့ရဲ့ အဝန်းအဝိုင်းနဲ့ ဆက်စပ်နေမယ်ဆိုရင် အဲဒီအမှုက ဘယ်လိုမှ လိုက်လို့မရနိုင်တဲ့ အမှုတခု ဖြစ်သွားတယ်။ နောက်တခုက ကျမမြင်တာက လာဘ်စားမှုက အရမ်းကြီးတယ်။ တရားစီရင်ရေး ယန္တရား အဆင့်ဆင့် မှာလည်း လာဘ်စားမှုတွေ ရှိနေတယ်။ ဒါကြောင့် ငွေများတရားနိုင် ဖြစ်တယ်လို့ ပြောနေကြတာပါ။ နောက်တချက်က ဥပဒေ ဘက်တော်သားတွေ ဆိုတဲ့ ရဲ၊ ရှေ့နေ၊ တရားသူကြီး အကုန်လုံးနီးပါးက အမျိုးသားတွေ ဖြစ်နေတော့ အခုလို ပြုကျင့်ခံရတဲ့ ကိစ္စမျိုးတွေမှာ အမျိုးသမီးတွေ အနေနဲ့ တိုင်တန်းရတာ ခက်ခဲတဲ့အနေအထားမျိုး ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီအမျိုးသမီးတွေကို ကိုယ်ချင်းစာပေးနိုင်တဲ့ စိတ်က သူတို့ဆီမှာ အင်မတန်မှ နည်းလို့ပဲ။ ဒါတွေ အကုန်လုံးကို တာဝန်ရှိတဲ့ အစိုးရကရော၊ လွှတ်တော်မှာ တာဝန်ရှိသူတွေ၊ လွှတ်တော်အမတ်တွေ ကပါ သေသေ ချာချာ ဆန်းစစ်ရမယ်၊ သုံးသပ်ရမယ်၊ လေ့လာရမယ်။ ဒီနေရာမှာ လိုက်လေ့လာတယ်။ လိုက်တွေ့ပါတယ် ဆိုတာမျိုးနဲ့ မပြီးဘူး။ လူထုတွေ တကယ် ပြောရဲလာအောင်လည်း လုပ်ရအုံးမယ်။ သူတို့က မပြောရဲဘူး ဆိုရင်လည်း မှန်ကန်တဲ့ အချက်အလက်တွေ ရရှိမှာ မဟုတ်ဘူး။ တပြိုင်တည်းမှာပဲ တရားစီရင်ရေးအပြင် ဥပဒေပြုရေးကလည်း အရေးကြီး တယ်လို့ ကျမမြင်တယ်။ အမျိုးသမီးတွေ မုဒိမ်းကျင့်ခံရတယ်ဆိုရင် ထောင်ဒဏ် ၁၀ နှစ် စသဖြင့် ထောင်ချတာတို့ ဘာတို့ ပြဋ္ဌာန်းထားတာ ရှိပေမယ့် ခုနကလို ကျမတို့နိုင်ငံမှာ ထုံးတမ်းစဉ်လာအရ၊ ယဉ်ကျေးမှုအရ၊ အမျိုးသမီးတွေ အနေနဲ့ အဓမ္မပြုကျင့်ခံရပြီ ဆိုရင် သွားတိုင်ဖို့ အတွက်က တော်တော် သတ္တိရှိမှရတာ၊ အဲဒီလို တိုင်တန်းပေမယ့် အရေးမယူခဲ့ဘူး၊ ဒါမှမဟုတ် အဲဒီကိစ္စ ဟိုးလေးတကျော် ဖြစ်သွားပြီဆိုရင် အဲဒီအမျိုးသမီးက အဲဒီမှာ ဆက်နေလို့ မရတော့ဘူး။ ဒါကြောင့် တရားစီရင်ရေးနဲ့ ပတ်သက်တယ်ဆိုရင် လျှို့ဝှက် တရားစီရင်ရေးလည်း ရှိဖို့လိုတယ်။ ဥပဒေ ပြုရေးမှာလည်း အမျိုးသမီးတွေ အတွက် အထူး လုပ်ဆောင်ချက်တွေ အနေနဲ့ သတ်မှတ်ပြီး ရေးဆွဲဖို့ လိုနေသေးတယ် ပေါ့နော်။ ၁၀ နှစ်ဆိုတာမျိုး လုပ်တာတို့ ဒဏ်ငွေဆောင်တာမျိုး လုပ်တာလောက်နဲ့ မရဘူး။ ကျူးလွန်တဲ့ အမျိုးသားတွေ အနေနဲ့ လုံး၀ နောင်ကျဉ်သွားအောင် အကောင်းဆုံးဖြစ်နိုင်မယ့် နည်းလမ်းတွေ ရှာသင့်တယ်။ ဒီလူတယောက်ရဲ့ အသက်ကို သတ်လိုက်လို့ အဲဒီလူရဲ့ အသက်ကို ပြန်ပေးရမယ်လို့ ကျမတို့က မဆိုလိုဘူး။ ဒါဟာ မှန်ကန်တဲ့ ဖြေရှင်းနည်း မဟုတ်ဘူး။ သူနောင်ကျဉ်သွားရမယ်။ တပြိုင်တည်းမှာပဲ သူ နောင်တရရမယ်။ သူ့မှာ အသိတရား ရှိသွားရမယ်။ နောက်ဆို ဒါမျိုး သူမကျူးလွန်တော့ဘူး ဆိုတဲ့ အနေအထားမျိုးတွေအထိ ကျမတို့တွေက သေသေချာချာ အဆင့်လိုက် ရေးဆွဲထားတဲ့ ဥပဒေတွေ ရှိဖို့ လိုတယ်။ ဥပဒေပြုရေးမှာ ဒေါ်အောင်ဆန်းစုကြည်တို့ ကိုယ်တိုင် လုပ်နေတာတွေ ရှိတယ်။ ဒါပေမယ့် အမျိုးသမီးတွေကို ကာကွယ် စောင့်ရှောက်ပေးတဲ့ ဥပဒေတွေ အခုထိ တခုမှ မချမှတ်နိုင်သေးဘူး။ ဒါကြောင့် အမျိုးသမီးတွေဟာ အမြဲတမ်း အဖိနှိပ်ခံ လူတန်းစား၊ အများက အနိုင် ကျင့်ချင်သလို ကျင့်တာ ခံရမယ့် လူတန်းစားအဖြစ် သတ်မှတ်နေလို့ပဲ။
ပြောရရင် ဒီကိစ္စကို Day 2 ကဏ္ဍ အဖြစ်ထားတယ်။ ဘယ်တော့မှ Day 1 မသတ်မှတ်ဘူး။ အမှန်ဖြစ်ရမှာက ကျမတို့ အမျိုးသမီးတွေရဲ့ ကိစ္စကလည်း Day 1 ဖြစ်ရမယ်။ အမျိုးသမီးတွေ ကိစ္စကို နိုင်ငံရေး ကိစ္စလို့ မသတ်မှတ်လို့လည်း မရဘူး။ နိုင်ငံရေးဆိုတာ ဘာလဲ ဆိုတဲ့ မေးခွန်း ပြန်မေးရမလို ဖြစ်နေတယ်။ ဒါကြောင့် ဖြေရှင်းရမယ့် အရာရာ တိုင်းဟာ Day 1 ပါဘဲ။ အဲဒီအထဲမှာက ဘယ်ဟာက အရင်၊ ဘယ်ဟာက နောက်ဆိုတာမျိုး ရှိရမယ်။ ဒီဟာကတော့ စစ်တပ်ကနေ အကြမ်းဖက်တာပေါ့နော်။ ဒါပေမယ့် ကျမတို့ မြန်မာတနိုင်ငံလုံးမှာ ကြည့်လိုက်မယ်ဆိုရင် အမျိုးသမီး တွေကို အဓမ္မပြုကျင့်မှုတွေက ပိုပြီးတော့ များလာတယ်၊ လူတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အရ ပျက်စီးလာတယ်။ စိတ်ဓာတ်ပိုင်း ပျက်စီးလာတယ် ဆိုတာ အုပ်ချုပ်တဲ့ လူတန်းစားက သေသေချာချာ ဦးဆောင် စီမံမှု မလုပ်နိုင်လို့ပါ။ နောက်ပြီး လူတွေ ဘဝမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေနိုင်အောင် စား၊ ဝတ်နေရေးအတွက် ပြေလည်အောင် မဖြေရှင်း ပေးတော့ လူတွေကလည်း စိတ်ဓာတ်တွေ ပျက်ပြားလားတယ်။ ခိုးမယ်၊ ဝှက်မယ်၊ သတ်မယ်၊ မုဒိန်းကျင့်မယ်၊ ဒါမျိုးတွေ ဖြစ်လာတယ်။ ဒါကြောင့် အများကြီး ပြန်လည် ပြုပြင်ရမယ်။ အဲဒီလို ပြန်လည်ပြုပြင် ပေးမယ်ဆိုရင် လူထုကြားမှာ စည်းရုံးရေးတွေ လုပ်ရမယ်၊ ပညာပေးတွေ လုပ်ရမယ်။ အပေါ်ပိုင်း တစုလောက်ကနေ ပြုပြင် ပြောင်းလဲမှုတွေ လုပ်နေပါပြီ ဆိုတာမျိုးနဲ့ပဲ မရဘူး။ အုပ်ချုပ်ရေး ကဏ္ဍအသီးသီး၊ အဆင့်ဆင့်မှာ ပါနေတဲ့သူတွေ ဖြစ်တဲ့ ရဲ၊ စစ်တပ်၊ ဥပဒေဘက်တော်သား၊ လူမှုဝန်ထမ်းတွေက အစ အဲဒီလူတွေက ပညာပေးနေတဲ့ ကဏ္ဍမှာ သူတို့ ကိုယ်တိုင်ကလည်း လေ့လာ သင်ယူခွင့်တွေ ရှိရမှာဖြစ်သလို သူတို့ကိုယ်တိုင် ပညာလိုက်ပေးတာ မျိုးတွေ လုပ်ရမယ်။ အဲဒါလည်း လိုအပ်တယ်။ ဒါမှသာ ကျမတို့ရဲ့ လူမှု အဆောက်အအုံ တခုလုံးကို တဖြည်းဖြည်းနဲ့ ပြောင်းလဲ သွားနိုင်မယ့် အနေအထားမျိုး ကျမတို့ မြင်တယ်။
မေး။ ။ အခု ၂၀၀၈ ဖွဲ့စည်းပုံမှာရော အမျိုးသမီးတွေကို လိင်အကြမ်းဖက်တယ် ဆိုတဲ့ စစ်တပ်က လူတွေကို အရေး ယူဖို့ ပြဋ္ဌာန်းချက်တွေ မပါဘူးလား၊ တခါ အစီရင်ခံစာမှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရမယ်ဆိုတာလည်း တိုက်တွန်း ထားတယ်၊ ဘယ်လိုကြောင့်လဲ။
ဖြေ။ ။ ပြောရမယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ရမယ်။ ပြင်တဲ့နေရာမှာ လုံးဝကို အသစ် ပြန်ဖြစ်ရမယ်လို့ ပြောထားတာ ရှိတယ်။ ဘာလို့လဲ ဆိုတဲ့အခါကျတော့ တစုံလုံးကို ဖတ်ကြည့်လိုက်မယ် ဆိုရင် တပ်မတော်က အာဏာ အရှိဆုံးပဲ။ ဘာလို့လဲဆိုရင် အခြေအနေတခုခုဖြစ်ရင် အချိန်မရွေး ကာကွယ်ရေး ဦးစီးချုပ်က အာဏာသိမ်းပိုင်ခွင့် ရှိတယ်။ ပြီးရင် တခုခု လုပ်မယ်ဆိုတိုင်း ကာကွယ်ရေး ဦးစီးချုပ်နဲ့ တိုင်ပင်ရမယ်။ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ သဘာထား မပါရင် ဘာမှ ဆုံးဖြတ်လို့မရဘူး။ ဒီလို အနေအထားမျိုးတွေ အကုန်လုံးကို ၂၀၀၈ ဖွဲ့စည်းပုံက သတ်မှတ် ထားပေးတယ်။ ဒီလို အနေအထားမှာ စစ်တပ်မှာ တာဝန်ရှိသူတွေကို ဘယ်လိုလုပ်သွားပြီး အပြစ်ပေး အရေးယူမလဲပေါ့။ ဥပမာ အခု သမ္မတ ဦးသိန်းစိန်ဆိုတဲ့ အုပ်ချုပ်ရေး အမြင့်ဆုံး အဖွဲ့က ကာကွယ်ရေး ဦးစီးချုပ်ကို မကျော်နိုင်ဘူးဆိုရင် ဘာလုပ်လို့ရမလဲပေါ့။ အမေရိကန်လို နိုင်ငံမျိုးမှာ သမ္မတဟာ အင်မတန်မှ သြဇာအာဏာ ရှိတဲ့သူ၊ အဲဒီ သမ္မတတောင်မှ တရားဥပဒေပြုရေး၊ တရားစီရင်ရေးတွေကို ကျော်ပြီး လုပ်လို့မရသလို စစ်တပ်ကလည်း သူတို့ အောက်မှာပဲ ရှိရမယ်။ ဒါကြောင့်မို့လို့ စစ်တပ်ဟာ အရပ်သား အစိုးရအောက်မှာပဲ ရှိရမယ် ထောက်ပြတာပါ။ နောက်တခုက အမျိုးသမီးတွေအတွက် သီးသန့် အနေနဲ့လည်း ၂၀၀၈ ဖွဲ့စည်းပုံမှာ ဘာမှ မဖော်ပြထားတာ အဓိက အားနည်းချက်လို သွားဖြစ်တယ်။ ခုနကလို အဓမ္မ ပြုကျင့်ခံရတာ၊ စစ်တပ်ကနေ အဓမ္မပြုကျင့်တာမျိုး ဖြစ်လာရင် ဘယ်လို ကာကွယ် စောင့်ရှောက်ရမလဲ၊ ဘယ်လို အရေး ယူဆောင်ရွက်မှုမျိုးတွေ လုပ်ရမလဲ။ စစ်တပ် တာဝန်ရှိသူ တယောက်က ဒါမျိုး ကျူးလွန်လို့ ကျမတို့က တရားစွဲချင်တယ် ဆိုရင် ကာကွယ်ရေး ဦးစီးချုပ်က လက်မခံဘူး၊ ကာကွယ်ရေး ဋ္ဌာနက လက်မခံဘူးဆိုရင် ကျမတို့ ဘယ်လို လုပ်ရတော့မလဲပေါ့။ ဒါကြောင့်လည်း ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေ တစုံလုံးက ပြဿနာ အရှိဆုံးလို့ မြင်တယ်။
နောက်တခုက အမျိုးသမီးတွေကို ဦးဆောင်တဲ့ အခန်းကဏ္ဍတွေမှာ ဆုံးဖြတ်ချက် ချရမယ့်နေရာတွေမှာ မရှိဘူး။ အုပ် ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး ဆိုတဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍ ၃ ခုလုံးမှာလည်း ဦးဆောင်မှုမှာ ပါဝင်ခွင့် မပေးထားဘူး။ သမ္မတ ဖြစ်ခွင့်မှာတောင်မှ အမျိုးသမီးတွေ မဖြစ်နိုင်အောင် စစ်ဘက်ဆိုင်ရာ အတွေ့အကြုံ ရှိရမယ်ဆို တာမျိုးတွေ ထည့်သွင်းထားတယ်။ အတွေ့အကြုံနဲ့ အတွေးအခေါ်ပိုင်း ဆိုတာ မတူဘူး။ အတွေးအခေါ်ပိုင်း၊ အသိပညာပိုင်း ဆိုရင် အမျိုးသမီးတွေလည်း လေ့လာလို့ရတယ်။ ဒါပေမယ့် ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံဖို့ ကျတော့ ကျမတို့ အမျိုးသမီးတွေအတွက် အခက်အခဲဖြစ်သွားပြီ။ ဒီလိုမျိုး ကန့်သတ်မှုမျိုးတွေ ကလည်း အမျိုးသမီးတွေအတွက် နစ်နာတယ် ဆိုတာ ကျမတို့ ပြောချင်တယ်။
အရေးအကြီးဆုံးကတော့ လွတ်ငြိမ်းချမ်းသာခွင့် ဖြစ်စဉ်နဲ့ ပတ်သက်လို့ပါ။ ပြောရမယ်ဆိုရင် အရင်က ကျူးလွန်ထား သမျှ အားလုံး လုံး၀ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တာပါ။ အရင် စစ်တပ်က ကျူးလွန်ခဲ့တဲ့ သူတွေ၊ စစ်တပ်မှာ တာဝန် ယူခဲ့တဲ့သူတွေကို အမှန်က အခွင့်အရေး သိသိသာသာ ပေးလိုက်ပြီး သူတို့တတွေကို ဘယ်သူကမှ ဘာမှ လုပ်လို့ မရတော့အောင်ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေက အကာအကွယ် ပေးလိုက်တဲ့ဟာမျိုး ဖြစ်သွားတယ်။ ဒါက အမျိုးသမီးတွေ အတွက် တော်တော်နစ်နာတယ်လို့ ပြောလို့ရတယ်။ အဲဒီအပြင် မြန်မာတနိုင်ငံလုံးမှာ လူ့အခွင့်အရေး ချိုးဖောက် ခံရတဲ့သူတွေ အားလုံးလည်း နစ်နာတယ်။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ အရမ်းအရေးကြီးတဲ့ အဲဒီအချက်ကိုတော့ ပြန်ဖြုတ်ပစ်ဖု့ိလိုတယ်။
မေး။ ။ အခု မြန်မာနိုင်ငံမှာ စစ်ပွဲတွေ ချုပ်ငြိမ်းအောင် အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေ လည်း လုပ်နေတယ်၊ အခု ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေနဲ့ အမျိုးသမီးတွေ လိင်အဓမ္မပြုကျင့် ခံရတာတွေ ဘယ်လောက်အထိ ဆက်စပ်မှု ရှိနေလဲ။
ဖြေ။ ။ အခု ငြိမ်းချမ်းရေး ဖော်ဆောင်တယ်ဆိုတဲ့ နေရာမှာ လူတိုင်းရဲ့ ရင်ထဲမှာ အေးချမ်းသွားအောင် မလုပ်နိုင်ဘူး ဆိုရင်တောင်မှ ဘဝမှာ တောက်လျှောက် အကြမ်းဖက်ခံတွေ အဖြစ်နဲ့ ဖြတ်သန်းလာရတဲ့ လူတွေရဲ့ ရင်ထဲကို တစုံတရာ ငြိမ်းချမ်းအောင်တော့ လုပ်ရလိမ့်မယ်။ အဲဒီလိုမှ မဟုတ်ဘဲ ငြိမ်းချမ်းရေးလို့ စကားပြောနေပြီး လူ့ အခွင့်အရေး ချိုးဖောက် ခံနေရတဲ့သူတွေရဲ့ ဘဝတွေ အသံတွေကို ချန်လှပ်ထားခဲ့မယ် ဆိုရင် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဆိုတာ ကျမတို့ ဘယ်လောက်အထိ မျှော်လင့်လို့ရမလဲ၊ ပြောချင်တာက ကျမတို့နိုင်ငံမှာ နိုင်ငံရေးအရ ပြုပြင် ပြောင်းလဲမှုတွေ လုပ်နေတယ်။ လူမှုရေး၊ စီးပွားရေးကအစ အကုန်လုံး ပြုပြင်ပြောင်းလဲမှုတွေ လုပ်တယ်ဆိုရင် ဒီအပြောင်းအလဲဟာ အထက်မှာ ရှိတဲ့ ခေါင်းဆောင်တစုလောက် အတွက်ပဲ သွားနေလို့ မရဘူး။ လိုက်ပါတဲ့ လူထုတွေ အတွက်လည်း လိုအပ်တယ်။ လူထုတွေကလည်း လိုက်ပါချင်တယ် ဆိုတဲ့ စိတ်ဓာတ်ရှိဖို့လိုတယ်။ အဲဒီစိတ်မျိုး ရှိဖို့ ဆိုတာ ယုံကြည်မှုဆိုတာ အရေး ကြီးတယ်။ ဒါကြောင့် ကျမတို့က ပြန်လည် ရင်ကြားစေ့ရေး ပြောနေတာ၊ ယုံကြည်မှု ရှိဖို့ ပြောရတာက နှစ်ပေါင်း ၆၀ စစ်ဖြစ်ခဲ့တဲ့ ကာလ တဘက်နဲ့ တဘက် သတ်ကြတယ် ဖြတ်ကြတယ်။ အားနည်း သူတွေက ပိုပြီး ဖိနှိပ်ခံရတယ်။ အကြမ်းဖက်ခံရတယ်။ ဒီတော့ ရင်ထဲမှာ အမုန်းတရားတွေ၊ အငြိုးတရာတွေက သိပ်ကို ကြီးမားတယ်။ ကြုံရင် ကြုံသလို အခွင့်သာရင် ပြန်ပြီး ကလဲ့စားချေလိုက်မယ်ဆိုတဲ့ လူတွေလည်း ရှိမှာပဲ။ ဥပမာ ကျမရဲ့ အမေ၊ ကျမအရှေ့မှာ အသတ်ခံရ ပြီဆို ကျမဟာ အချိန်မရွေး ဒီလူတွေကို တွေ့ရင် တွေ့တဲ့နေရာမှာ ပြန်ကလဲ့စား ချေမယ်ဆိုတဲ့ ဒါမျိုး စိတ်တွေ လူတွေမှာ ရှိနေတယ်။ ဒီလို စိတ်တွေပြေအောင် လုပ်ရမယ့် နည်းလမ်းကောင်း ရှာရမယ်။ ဒါကြောင့် ကျမတို့တတွေဟာ အမှန်တရား ဖော်ထုတ်တဲ့ အစီအစဉ်တွေ လုပ်မလား၊ အနည်းဆုံး ကျူးလွန်ခဲ့တဲ့ သူတွေက ကျူးလွန်ခံရတဲ့သူတွေကို တောင်းပန်မလား၊ ဒီလို အစီအစဉ်မျိုးတွေ လုပ်ရမယ်။ အမြဲပြောတဲ့ စကားရှိတယ်၊ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေဟာ မိခင်တွေပါ။ အမျိုးသမီးတိုင်းဟာ မိခင်စိတ် ရှိတယ်။ ကိုယ့်ကို လာပြီးသတ်လို့၊ ကိုယ့်ယောက်ျားကို ကိုယ့်ရှေ့မှာ ပစ်သတ် လိုက်လို့ အဲဒီလို လူတယောက်ကို သူ ပြန်သတ်ဖို့ အတွက်က သူဟာ မဝံ့မရဲ ရှိတာပဲ။ မဝံ့မရဲ ဖြစ်ရတာ မေတ္တာ တရားကြောင့်မို့၊ ဂရုဏာတရား ကြီးမား ပါတယ်။ ဒါပေမယ့် ဒီလို မေတ္တာကြီးမားတာ၊ ဂရုဏာကြီးမားတာမျိုး အပေါ် အခွင့်ကောင်းတော့ မယူသင့်ဘူး။ နောက် အကြမ်းဖက် ခံထားရသူတွေမှာ အငုံ့ စိတ်မျိုး ဆက်ရှိနေရင် အချိန်မရွေး အခွင့်အရေးတခု ပေါ်လာရင် ပြန်ကလဲ့စား ချေမယ်ဆိုတဲ့ အကြမ်းဖက်မှု သံသရာက ဆက်ရှည်နေအုံးမယ်။ ဒါဆိုရင် ကျမတို့ တည်ဆောက်ချင်တဲ့ တကယ့် ဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံတော်၊ ငြိမ်းချမ်းတဲ့ နိုင်ငံတော်ကြီးက တည်ဆောက်လို့ မရနိုင်တော့ဘူး။ နောက်ပြီး တိုင်းရင်းသား ပေါင်းစုံ အတူတကွ ပျော်ရွှင်စွာ လက်တွဲနေထိုင်သွားကြမယ် ဆိုတာမျိုးကလည်း ဖြစ်လာမှာ မဟုတ်ဘူး။
ဒါကြောင့် ကျမတို့ ပြောချင်တာက အခု ငြိမ်းချမ်းရေး စကားတွေ ပြောနေကြတယ်။ အပစ်ရပ် ကိစ္စတွေ ပြောနေကြ တယ်။ ပထမအဆင့် အပစ်ရပ်ကိစ္စတွေ ပြောနေကြတဲ့ အချိန်မှာကတည်းက တကယ့် နစ်နာဆုံးရှုံးခဲ့ရ သူတွေရဲ့ အသံ ဟာ ဒီအထဲမှာ ပါကိုပါနေရမယ်။ မပါဘူးဆိုရင် ရှေ့အစီအစဉ်တွေ ထဲမှာလည်း ဒီကိစ္စတွေ ပါတော့မှာ မဟုတ်တော့ ဘူးဆိုတာမျိုး ကျမတို့ စိုးရိမ်တယ်။ ဒါကြောင့်မို့ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေရဲ့ ပါဝင်မှုကို စဉ်းစား ပေးပါ။ တရားစီရင်ရေးမှာ အမျိုးသမီးတွေက ပါဝင်မှုမရတော့ စီရင်ရေးမှာ အမျိုးသမီတွေ ခံစားမှုကို နားမလည်တော့ စီရင်မှု အပိုင်းတွေ အားနည်းတယ်။ တပြိုင်တည်းမှာပဲ ငြိမ်းချမ်းရေး စကားပြောဆိုမှုမှာ ခုနကလို ဆုံးရှုံးနစ်နာတဲ့ အမျိုးသမီး တွေကို ကိုယ်စားပြုပြီး ပြောပေးမယ့် အမျိုးသမီးတွေကိုယ်တိုင် မပါရင် နစ်နာမှုက ကြီးမားတယ်။ စစ်ပွဲတွေကြောင့် မုဆိုးမတွေ အများကြီးဖြစ်လာတယ်။ ဒီအပြင် မိဘမရှိတော့တဲ့ သူတွေလည်း အများကြီးရှိတယ်။ သူတို့တတွေအတွက် ဘ၀ ပြန်လည် ထူထောင်ရေး ကျမတို့ ဘာတွေ အထူးအလေးပြု လုပ်ပေးမလဲ။ ဒီအပြင် စစ်ပွဲတွေကြောင့် မသန်စွမ်းဖြစ်သွားရ သူတွေအတွက် ဘာတွေ လုပ်ပေးမလဲ၊ အဲဒီအထဲမှာ အမျိုးသမီးတွေ အများကြီးပဲ၊ မိုင်းနင်းမိတာတို့ ဘာတို့ကြောင့်ပေါ့။ ဒါကို အခု စစချင်း စကားပြောနေ ချိန်ကတည်းက မထည့်သွင်း ခဲ့ရင် နောက်ဆက်တွဲတွေမှာ ဘယ်လိုလုပ်ပြီး ဒီကိစ္စတွေကို အကောင်အထည် ဖော်နိုင်တော့မလဲ။ ဒါကျမတို့တွေ ထောက်ပြချင်တဲ့ အချက်ဖြစ်တယ်။ အပစ်ရပ်ပြောတယ်။ အပစ်ရပ် ကိစ္စပြီးရင် နိုင်ငံရေး ကိစ္စ ပြောတော့မယ်။ အခု အပစ်ကိစ္စမှာ နင်တို့ မပါနဲ့၊ နိုင်ငံရေး ကိစ္စကျမှ ပြောမယ်ဆိုရင် ခုနကလို ဟာမျိုးတွေ ဘယ်လို ဆက်ပြော ကြတော့ မလဲ၊ နိုင်ငံရေး ကိစ္စမှာက ပထမ သဘောတူထားခဲ့တဲ့ ဟာတွေကိုပဲ အတည်ပြုပြီး ဆွေးနွေးမယ့် အနေအထားမျိုး ဖြစ်တယ်။ ဒီပုံစံမျိုးဖြစ်ရင် ဘယ်အချိန်မှာ ကျမတို့က ဘာသွားပြောတော့မလဲ။ ဒါပေမယ့် အခုအချိန်မှာလည်း ကျမတို့ အခက်အခဲတွေ ကြုံနေတုန်းပဲ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကိုလည်း ကျမတို့ တိုက်တွန်းချင်တာက ကိုယ်ကျူးလွန်ခဲ့တဲ့ အပြစ်ရှိတယ်ဆိုရင် ကိုယ်လည်း ဝန်ခံ၊ ပြီးရင် ကြုံလာသမျှ အရေးယူမှုတွေကိုခံ၊ ဒါမှလည်း ကျမတို့တွေက မှန်ကန်တဲ့ လမ်းကြောင်းတခုကို ဖောက်နိုင် မှာပေါ့။ စစ်အစိုးရက ဒါမျိုး လုပ်ခဲ့တယ်ဆိုရင်လည်းပဲ သူတို့လည်း ဒါကို တာဝန်ခံရမယ် ဖြစ်လာရမယ်။ ကိုယ်က အရင်ဆုံး လမ်းကြောင်း မဖော်ဘူးပေးဘူးဆိုရင် တဘက်ကလည်း ဘူးခံ ငြင်းအုံးမှာပဲ။ ဘူးခံငြင်းတဲ့ အနေအထားကလည်း သူတို့မှာ အာဏာ ရှိနေတယ်။ ဒါကြောင့် သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေကိုလည်း တိုက်တွန်းချင်တာက ရဲရဲကြီး ကိုယ့်တာဝန်ကို ကိုယ်ခံကြပါ။ အဲဒီလို ကိုယ်က ရဲရဲကြီး ကိုယ်က တာဝန်ခံတယ်ဆိုတာ ကိုယ့်ပြည်သူတွေကို ငဲ့ညှာသနား ထောက်ထားရာ ကျတယ်။ ကိုယ့်ပြည်သူတွေရဲ့ အကျိုးစီးပွားကို ကိုယ်က ထမ်းဆောင်ရာ ကျတယ်။ ဒါမှ တကယ့် နိုင်ငံ ခေါင်းဆောင်တွေလို့ ကျမတို့ သတ်မှတ်တယ်။ ဥပမာ သူတို့ကလည်း အပြစ်မဲ့တဲ့ သူတွေကို သတ်လိုက်တယ် ဆိုရင် အဲဒီအပြစ်ကို ခံကြပါ။ ဒါက ဘာကိုပြသလဲဆို ဒါဟာ နိုင်ငံတကာကိုလည်း ပြရာရောက်တယ်၊ စစ်တပ် ကိုယ်တိုင် ကလည်း ဒီလို လုပ်ခြင်းဖြင့် သူတို့ကိုယ်တိုင်ကလည်း တဖြည်းဖြည်းနဲ့ လုပ်ရဲလာတယ် ဆိုတဲ့ စိတ် မျိုးဖြစ်လာမယ်။ ဒါတခုတော့ ကျမ အနေနဲ့ ထောက်ပြချင်တယ်။ မေတ္တာလည်း ရပ်ခံချင်တယ်။
မေး။ ။ အခု စစ်တပ်က အမျိုးသမီးတွေအပေါ် အဓမ္မမှု ကျူးလွန်တယ်ဆိုတာတွေ အထဲမှာ အဆိုးရွားဆုံး သာဓက တခု ထုတ်ပြပေးပါလား။
ဖြေ။ ။ ပြောရရင် ကချင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ကိစ္စတခုပါ။ သမီးကိုလည်း အဓမ္မကျင့်တယ်။ အမေကိုလည်း အဓမ္မ ကျင့်တယ်။ ပြီးတော့ သတ်လိုက်တယ်။ အဖေကိုလည်း သတ်တယ်၊ အဲဒီလိုမျိုးပေါ့။ သမီးနဲ့ အမေကို အဓမ္မကျင့်တာ ကလည်း သမီး အဖေရှေ့မှာ အဓမ္မကျင့်တာ ဖြစ်တယ်။ ဒါ ဘယ်လောက်အထိ လူတယောက်ရဲ့ စိတ်ပိုင်း ဆိုင်ရာအရ လုံး၀ သုံးစားလို့ မရအောင် ဖျက်ဆီးလိုက်တာပဲ။ ဒါ စိတ်ဓာတ်စစ်ဆင်ရေးလို့ ခေါ်တယ်။ ပြီးမှ အဖေကိုလည်း သတ်ပစ်လိုက်တာ။ ဒါ အဆိုးရွားဆုံး ကိစ္စတခုအနေနဲ့ ပြောချင်တယ်။ ဒီထက် ဆိုးရွားတာလည်း ရှိကောင်းရှိမယ်။ ဒါပေမယ့် ဒါက လုံး၀ မလုပ်သင့်တဲ့အနေအထား။ ကျမတို့ မြန်မာနိုင်ငံကို ကျမတို့ အမြဲတမ်းပြောနေတာက ဗုဒ္ဓဘာသာ နိုင်ငံလို့ ပြောနေတယ်။ ယဉ်ကျေးမှုအရ သိပ်ကို ထွန်းကားတဲ့ နိုင်ငံလို့ ပြောနေတယ်။ ဒီလိုမျိုး ထွန်းကားတဲ့ နိုင်ငံမှာ ဘာဖြစ်လို့ တိရစ္ဆာန် လောက်တောင်မှ စိတ်ဓာတ်က မြင့်မားမှု မရှိရသလဲပေါ့၊ တိရစ္ဆာန်ကို ကျမတို့က ပြောနေတာက စိတ်ဓာတ် အရမ်းညံ့တယ်လို့ ပြောနေတာ။ ဒါပေမယ့် တိရစ္ဆာန်တွေတောင် ဒီလိုမျိုး လုပ်ချင်မှ လုပ်မှာ၊ အခုလုပ်ခဲ့တဲ့ လုပ်ရပ်က တိရစ္ဆာန်ထက်တောင် ဆိုးတဲ့အနေအထားမျိုး ဖြစ်သွားတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ရတော့မယ်။ ဒါဟာ ဘယ်လောက်အထိ မှားယွင်းနေပြီလဲ။ ကျမတို့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဒါမျိုး လုပ်သင့်သလားပေါ့။ တခြားဘာသာ တွေလည်း ထိုနည်းအတူပဲ ဒါမျိုးမလုပ်ရဘူး ဆိုတာ သင်ပေးမှာ ပါပဲ။ ဘာသာတိုင်းက သူတပါး အသက်ကို သတ်တာ ဟာ မကောင်းဘူး၊ သူများ သားသမီးကို ဖျက်ဆီးတယ်ဆိုတာ မကောင်းဘူး၊ ဒါ ဘာသာတိုင်း သင်ပေးမှာပဲ။ ဆိုတော့ ဒါမျိုးတွေကို အလေးအနက်ထားပါ၊ ဘာသာတရား ကိုလည်း ဦးထိပ်ထားဖို့ လိုတယ်။ ဒါမှလည်း တကယ့် ယဉ်ကျေးတဲ့ လူတွေဖြစ်လာမယ်။ တကယ့်ယဉ်ကျေးတဲ့ လူတွေ ဖြစ်မှလည်း ကျမတို့ နိုင်ငံက တိုးတက်မှာပေါ့။
မေး။ ။ အခု ဒီအစီရင်ခံစာမှာ မြန်မာအစိုးရ စစ်တပ်က အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကို အဓိက ဖော်ပြထားတာ တွေ့ရတယ်။ အဲဒီတော့ အခုအစီရင်ခံစာ ထုတ်ပြန်တဲ့အပေါ် အစိုးရဘက်က သော်လည်း ကောင်း၊ စစ်တပ်ဘက်က သော်လည်းကောင်း ဘယ်လိုမျိုး တုံ့ပြန်မှုတွေ ရှိလာမယ်လို့ မျှော်လင့်ထားလဲ။
ဖြေ။ ။ အဓိကကတော့ ကျမတို့က အစိုးရစစ်တပ်ကို တိုက်ရိုက် လိပ်မူထားသလို ဖြစ်တာဆိုတော့ စိတ် သက်သောင့်သက်သာတော့ မဖြစ်ဘူးပေါ့နော်။ ကျမတို့ ဒီအစီရင်ခံစာ ထုတ်တယ်ဆိုတာက တကယ်ပဲ အပေါင်း လက္ခဏာ ဆောင်တဲ့ အပြောင်းအလဲ တခုကို မျှော်လင့်လို့၊ တပြိုင်တည်းမှာပဲ လက်ရှိ ဦးဆောင်နေတဲ့ အစိုးရ ကိုယ်တိုင်ကလည်း ဒီအပြောင်းအလဲ တခုကို အမှန်တကယ် လိုလားတယ်လို့ ကျမတို့ ယုံကြည်လို့ ဒီအစီရင်ခံစာကို ထုတ်တယ်။ ဘာလို့လဲဆိုတော့ ကျမတို့က အမှန်တရား တခုကို ဖော်ထုတ်တယ်ဆိုရင် မှားယွင်းနေတဲ့ အနေအထား ကိုတော့ ချန်လှပ်ထားလို့မရဘူး။ အခုလို ကျူးလွန်မှုတွေ ဖြစ်နေတဲ့ ဟာကိုလည်း အရေးယူမှု မရှိနေတာဟာ ဒီလို ကျူးလွန်ခွင့် ပေးထားတာတွေဟာ မှားယွင်းနေတဲ့ လုပ်ရပ်တွေ ဖြစ်တယ်။ အဲဒီ မှားယွင်းနေတဲ့ လုပ်ရပ်ကို ပြုပြင် ပြောင်းလဲမှုကို လိုလားတဲ့ အစိုးရတရပ် အနေနဲ့ မရှာဖွေ မဖော်ထုတ်ဘူးဆိုရင် ကျမတို့ နိုင်ငံအတွက် အင်မတန်မှ ထိခိုက် နစ်နာစေမယ်။ တပြိုင်တည်းမှာပဲ ကမ္ဘာ့အလယ်မှာ မျက်နှာပျက်စရာတွေ ရှိတယ်။ နောက်ပြီး တာဝန် ယူနေတဲ့ ခေါင်းဆောင်တွေ အားလုံးမှာလည်း ဂုဏ်သိက္ခာ ကျဆင်းစေတယ်။ ဒါမျိုးတွေကိုလည်း ထည့်သွင်းစဉ်းစား ပေးပါ။ ကျမတို့က အစိုးရက ပြုပြင်ပြောင်းလဲမှု လုပ်တဲ့နေရာမှာ အားကောင်းကောင်းနဲ့ လုပ်နိုင်ဖို့ အားဖြည့်တယ်၊ ပံ့ပိုးတယ်လို့ သဘောထား ပေးစေချင်တယ်။ ပြီးရင် ဘက်ပေါင်းစုံ အခြေအနေ အရပ်ရပ်ကို ဝိုင်းဝန်းပြီး ရှာဖွေကူညီ တယ် ဆိုတဲ့ဟာမျိုးကို မြင်စေချင်တယ်။ ဒီလို လုပ်ပေးတယ် ဆိုတာကလည်း ကျမတို့ရဲ့ နိုင်ငံ့ ဂုဏ်သိက္ခာအတွက် အများကြီး ရှေ့ရှုတယ်၊ တပြိုင်တည်းမှာပဲ ဦးဆောင်နေတဲ့ သမ္မတကြီး ဦးသိန်းစိန် သော်လည်းကောင်း၊ တခြားသော ဦးဆောင်နေတဲ့ သူတွေအားလုံးရဲ့ ဂုဏ်သိက္ခာကိုလည်း ကျမတို့တွေက ရှေ့ရှုပြီးတော့ ဒီလို အစီရင်ခံစာ တစောင်ကို ဖော်ထုတ်ပြီးတော့ တကယ့် အမှန်တရားတခုကို ရရှိသွားအောင်၊ နောက်ခံစားနေရတဲ့ အမျိုးသမီးတွေ အနေနဲ့ ကလည်း သူ့ဘဝမှာ တရားမျှတမှုလေး ရရှိသွားအောင် လုပ်လိုတဲ့ ဆန္ဒပဲလို့ ကျမအနေနဲ့ ပြောချင်ပါတယ်။
မေး။ ။ အခုလိုမျိုး ပဋိပက္ခဒေသတွေမှာ အမျိုးသမီးတွေကို စစ်တပ်က လိင်အကြမ်းဖက်မှုရှိတာတွေကို WLB က တော့ ဖော်ထုတ်နေတယ်။ မြန်မာနိုင်ငံတွင်းက အမျိုးသမီးရေးရာ အသင်းကိုရော အမျိုးသမီးကိစ္စတွေနဲ့ ပတ်သက်လို့ ဘယ်လို အကြံပြုချင်သလဲ။
ဖြေ။ ။ အမျိုးသမီးရေးရာကို ပြောချင်တာက အမျိုးသမီးအရေး လုပ်တယ်ဆိုတာက ယဉ်ကျေးမှုနဲ့ အလှအပ မျိုးတွေကိုပဲ အာရုံစိုက်တဲ့ အနေအထားထက်၊ တကယ့် နိုင်ငံရေးအရ ဖြစ်ပေါ်ပြောင်းလဲ နေတဲ့ အခြေအနေတွေ အပေါ်မှာလည်းပဲ လေ့လာပြီးတော့ လိုက်ပါ လုပ်ဆောင်လာနိုင်တဲ့ အထိ ဖြစ်ဖို့ လိုအပ်တယ်။ တခုတော့ ကျမ အသိအမှတ် ပြုချင်တာက အမျိုးသမီးရေးရာကလည်း နေရာတိုင်းတော့ မဟုတ်ဘူးပေါ့နော်၊ တချို့နေရာတွေမှာက ပုံစံ ပြောင်းလာအောင်တော့ ကြိုးစားနေတာ တွေ့ရတယ်။ တချို့နေရာတွေမှာဆို အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူ တွေရဲ့ ဇနီး၊ မယားတွေချည်း မဟုတ်တော့ပဲနဲ့ တကယ့် အပြင်က ပညာတတ် အမျိုးသမီးတွေ၊ တခြား စိတ်ဓာတ် ရှိတဲ့ အမျိုးသမီးတွေ ပါလာတဲ့ ဟာလည်း ကျမတို့တွေ့ရတယ်။ ဒါပေမယ့် အများစုကတော့ အရင်ပုံစံ၊ အရင်ဖွဲ့စည်းပုံ အတိုင်း ရှိနေဆဲပဲ။ အမျိုးသမီး အရေး လုပ်တယ်ဆိုတာ ပထမတခုက စိတ်ဓာတ်က အရေးအကြီးဆုံးပဲ။ ဆိုလိုတာက ကိုယ့်အမျိုးသမီး တွေရဲ့ တိုးတက်ရာ တိုးတက်ကြောင်း ရှေ့ရှုပြီး အလုပ်လုပ်တဲ့ သူတွေပေါ့။ ပြီးခဲ့တဲ့ အမျိုးသမီး ဖိုရမ် လုပ်တုန်းကလည်း အမျိုးသမီး ရေးရာက လာတက်ကြတာရှိပါတယ်။ သူတို့တွေလည်း အမျိုးသမီးအရေး လုပ်ဆောင် နေတာတွေကို စိတ်ဝင်စားတယ်လို့ ပြောပါတယ်။
မေး။ ။ ဒီအစီရင်ခံစာနဲ့ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကို ဘယ်လို သတင်းစကားမျိုး ပေးချင်ပါသလဲ။
ဖြေ။ ။ ကျမတခု ပြောချင်တာကတော့ နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာနိုင်ငံရဲ့ တကယ့် ပြောင်းလဲမှု တခုကို မှန်မှန်ကန်ကန် သွားစေချင်တယ် ဆိုလို့ရှိရင် မျက်စေ့ပွင့်၊ နားပွင့်ဖို့ ပိုလိုတယ်။ အရာရာတိုင်းကို ခြုံငုံပြီး ကြည့်နေဖို့ လိုတယ်။ လက်ရှိ အာဏာ ရှိနေတဲ့ အစိုးရရဲ့ ငြိုငြင်မှာကို စိတ်ပူပြီးတော့မှ၊ ဒါမှ မဟုတ်ရင် ကိုယ့်ရဲ့ ဆက်ဆံရေး ပျက်ပြားမှာ စိတ်ပူပြီးတော့မှ အခု မှားယွင်းနေတဲ့ ဟာတွေကို မျက်စေ့မှိတ်ပြီးတော့ လျစ်လျူရှုထားမယ်ဆိုရင် ကိုယ်တွေရဲ့ အကူအညီ ပေးလိုက်တဲ့ ဟာက အကူအညီပေးရာ မရောက်ဘဲ အဆိပ်ဖြစ်သွားမယ်လို့ ကျမအနေနဲ့ ပြောချင်တယ်။ ဒါကြောင့်မို့ နိုင်ငံတကာက အကူအညီမှန်သမျှဟာ မြန်မာပြည်သူတွေ အတွက် အကျိုးခံစားခွင့် ရှိပါစေ၊ ရှိနိုင်အောင်လည်းပဲ လုပ်ဆောင်ကြပါလို့ ကျမအနေနဲ့ ပြောချင်တယ်။