ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် တပ်မတော်သား အချင်းချင်း မှားယွင်းပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် ဗိုလ်ကြီးအဆင့် အရာရှိတဦးနှင့် စစ်သား ၅ ဦး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
အဆိုပါပစ်ခတ်မှုသည် ဖားကန့်မြို့၏ အရှေ့ဘက် မိုင် ၂၀ ခန့်အကွာရှိ နမ့်ယားကျေးရွာ တပ်စခန်းတွင် ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အစိုးရ တပ်ဖွဲ့များ တပ်စွဲထားသည့် နေရာသည် ကချင် လွတ်လပ်ရေး တပ်မတော်(KIA) တပ်ဖွဲ့များနှင့် နီးကပ် ထိစပ်သည့်နေရာဖြစ်ကြောင်း၊ ညအချိန်တွင် စစ်သားများ တပ်စခန်းအနီးလှုပ်ရှားနေကြသည်ကို KIA တပ်များဟု ထင်မြင်ပြီး လက်နက်ကြီးများဖြင့် မှားယွင်း ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
မှားယွင်းပစ်ခတ်မှုကြောင့် စစ်သား ၄ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဒဏ်ရာ ရရှိခဲ့သူ ၂ ဦးမှာ ဆေးရုံတွင် သေဆုံးသွားကြောင်း၊ အခြား စစ်သား ၂ဦးလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်းလည်း ဒေသခံများက ပြောဆိုသည်။
“လက်နက်ကြီး တလုံးက အစိုးရစစ်သားတွေနဲ့ တမိုင်လောက်ကိုကျတယ်။ နောက်တလုံးက သူတို့ စခန်းထဲကို ကျလို့ ၆ ယောက် သေသွားတယ်”ဟု ဖားကန့်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ဦးတင်စိုး ကလည်း ပြောသည်။
“ပစ်ခတ်မှုက နမ်ယား ရွာအလယ်ပိုင်းမှာ ဖြစ်တာ။ အဲဒီက ဘုန်းကြီးကျောင်းတခုမှာ အစိုးရတပ်က တပ်စွဲထားတယ်။ ရွာသားတွေတော့ ထိခိုက်ဒဏ်ရာ ရပုံမပေါ်ဘူး”ဟု ဦးတင်စိုးက ဆိုသည်။
ပစ်ခတ်မှု ဖြစ်ပွားပြီးသည်နှင့် အစိုးရတပ်များက ၎င်းတို့၏ တပ်မှူးများထံ KIA နှင့် ထိတွေ့တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်ဟု အသီးသီး သတင်းပို့ခဲ့ကြသော်လည်း စစ်သားအချင်းချင်း မှားယွင်းပစ်ခတ်မှုသာဖြစ်သည်ဟု တိုင်းရင်းသား သတင်းရင်းမြစ်များက ဆိုသည်။
ကချင်ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးလမိုင်ဂွမ်ဂျာကမူ ပစ်ခတ်မှုဖြစ်ပွားသည့် အခင်းဖြစ်ပွားရာနှင့် ၄ မိုင် အကွာခန့်တွင် KIA အမှတ် (၆) တပ်ရင်း တပ်စွဲထားပြီး ပစ်ခတ်မှုတွင် ပါဝင်ခဲ့ခြင်းမရှိကြောင်း ပြောသည်။
“ခေါင်းဆောင်ပိုင်းက အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေပြုလုပ်နေတုန်း ဘယ်တိုက်ပွဲမှာမှ မပါဝင်ဖို့ လိုင်ဇာက KIA ဌာနချုပ် ကနေ အမိန့်ထုတ်ထားပါတယ်။ သူတို့ မလိုက်နာရင် သေဒဏ် ကျခံရမှာဖြစ်တဲ့အတွက် ဒေသခံတပ်တွေကလည်း လိုက်နာကြပါတယ်”ဟု ဦးလမိုင်ဂွမ်ဂျာ ကပြောသည်။
ဖားကန့်ဒေသတွင် အစိုးရတပ်ရင်း ၁၀ ခုခန့်ရှိသည်ဟု ယူဆရပြီး မှားယွင်းပစ်ခတ်မှုတွင် မည်သည့်တပ်ရင်း ပါဝင်ပတ်သက်ခဲ့ သည်ကို သဲကွဲစွာ မသိရပါ။
ယင်း သတင်း အတွက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တာဝန်ရှိသူများထံသို့ မေးမြန်းရန် ဆက်သွယ်သော်လည်း မရရှိခဲ့ပါ။
KIA နှင့် အစိုးရတို့ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြန်လည် စတင်ပြုလုပ်ခဲ့သော ပြီးခဲ့သည့်နှစ်မှစ၍ ဖားကန့်ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိတော့ဟု ဒေသခံများက ပြောကြသော်လည်း ကချင်ပြည်နယ် နေရာအနှံ့တွင် ထိတွေ့ တိုက်ခိုက်မှု သတင်းများ ဆက်လက် ထွက်ပေါ်နေခဲ့သည်။
ဖားကန့်ဒေသတွင် တပ်စွဲထားသည့် KIA နှင့် အစိုးရတပ်ဖွဲ့များ မကြာမီ ထပ်မံတိုက်ခိုက်မည့် အရိပ်လက္ခဏာများလည်း မရှိကြောင်း ဦးလမိုင်ဂွမ်ဂျာ ကပြောသည်။
“သူတို့တွေက တဘက်နဲ့ တဘက် ဆန့်ကျင်ဘက်မှာ နေကြတာပါ။ ကြားထဲမှာ ဥရုချောင်းက ခြားထားတယ်။ ပစ်ခတ်မှု မရှိပါဘူး” ဟုလည်း သူက ဆိုသည်။
ဖားကန့်ဒေသသည် ကျောက်စိမ်းထွက်ရှိခြင်းကြောင့် ကျော်ကြားသော ဒေသဖြစ်ပြီး မြန်မာစစ်တပ်က ထိုနေရာတွင် ရှိနေခြင်းမှာ တန်ဖိုးမဖြတ်နိုင်သည့် တွင်းထွက်ရတနာများကို ရှာဖွေတူးဖော်ရန်ဖြစ်သည်ဟု ဒေသခံများက ယူဆနေကြသည်။