သမ္မတ ဦးသိန်းစိန် အစိုးရက လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆောင်ရွက်ရန် အတွက် ကျပ်သန်း ၇၀၀၀ ကို ဇန်နဝါရီလ ၁၅ ရက်နေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် တောင်းခံ လိုက်ကြောင်း သိရှိရသည်။
သမ္မတရုံး ဝန်ကြီးလည်းဖြစ် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ လည်းဖြစ်သူ ဦးသိန်းညွှန့်က ၂၀၁၄- ၂၀၁၅ ဘဏ္ဍာရေးနှစ် သမ္မတရုံး အသုံးစရိတ်အဖြစ် ကျပ် သန်း ၁၉၆၅၂ သန်းတောင်းခံပြီး ယင်းငွေကြေးတွင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကျပ်သန်း ၇၀၀၀၊ အာဆီယံ ဥက္ကဋ္ဌ ရာထူးတာဝန်ယူ ထမ်းဆောင်ချိန် အခမ်းအနားများ ကျင်းပရန် ကျပ် ၇၃၀၁ သန်း၊ မြို့တော် နေပြည်တော် သန့်ရှင်း သာယာလှပရေးနှင့် စည်ပင်သာယာရေးအတါက် သုံးစွဲရန် ကျပ် ၁၃၄၅ သန်း၊ အာဆီယံ အခမ်းအနားများ ကျင်းပရန် အဆောက်အအုံများ အတွက် သုံးစွဲရန် ကျပ် ၃၂၇၄ ဒသမ ၂၀၁ သန်း လွှတ်တော်သို့ တင်ပြတောင်းခံခြင်း ဖြစ်သည်။
ဇန်နဝါရီလ ၁၄ ရက်နေ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ကာကွယ်ရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီးဝေလွင်က ကာကွယ် ရေး အသုံးစရိတ် ၂ ဒသမ ၃ ဘီလီယံ တောင်းခံသွားပြီး ယင်းအသုံးစရိတ်သည် တိုင်းပြည်၏ စီးပွားရေးအခြေအနေကို ငဲ့ကွက် တောင်းခံသော ပမာဏဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်သည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နည်းပါးသည် ဟု ဆိုနိုင်ကြောင်း ပြောဆိုသည်။
ကာကွယ်ရေး ဝန်ကြီးဌာနသည် ယမန်နှစ်က ကာကွယ်ရေးအသုံးစရိတ် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ အသုံးပြုခဲ့ပြီး ယင်း ပမာဏသည် တိုင်းပြည် စုစုပေါင်း အသုံးစရိတ်၏ ၁၂ ရာခိုင်နှုန်းရှိကြောင်း၊ ကာကွယ်ရေး အသုံးစရိတ်သည် ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်ထက် မြင့်မားနေကြောင်း အစိုးရထုတ်ပြန်ချက်များအရ သိရှိရသည်။
သမ္မတဦးသိန်းစိန်က ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ပညာရေး အသုံးစရိတ်သည် စုစုပေါင်း အစိုးရ အသုံးစရိတ်၏ ၅ ဒသမ ၄၃ ရာခိုင်နှုန်း ရှိခဲ့ပြီး လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ၅ ဒသမ ၉၂ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည် ဖြစ်ကြောင်း၊ ကျန်းမာ ရေး အသုံးစရိတ် သည် ၃ ဒသမ ၁၅ ရာခိုင်နှုန်းရှိခဲ့ရာမှ ၃ ဒသမ ၃၈ ရာခိုင်နှုန်း အထိ တိုးမြှင့်သွားရန် ရှိကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် အစိုးရ၏ စုစုပေါင်းရငွေမှာ ကျပ် ၁၆၅၄၄ ဒသမ ၆၄၇ ဘီလီယံ၊ စုစုပေါင်း သုံးငွေမှာ ကျပ် ၁၉၂၉၅ ဒသမ ၂၉၂ ဘီလီယံရှိကြောင်း နေပြည်တော်တွင် ဇန်နဝါရီ ၇ ရက်က ကျင်းပသည့် ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေးတွင် ထုတ်ဖော် ပြော ဆိုထားသည်။