ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့တွင် တရားမဝင် ဆေးခန်းဖွင့်ပြီး ကိုယ်ဝန် ဖျက်ချပေးသည့် အလုပ် လုပ်ကိုင်နေသည်ဟု ယူဆရ
သော မြန်မာပြည်သား ၃ ဦးကို သက်သေခံ ပစ္စည်းများနှင့် အတူ ယမန်နေ့က ဖမ်းဆီး လိုက်ကြောင်း သိရသည်။
အဆိုပါ ဆေးခန်းသို့ ထိုင်းအာဏာပိုင်များက ဆေးကုသ လိုသူအဖြစ် ဟန်ဆောင်ပြီး ဝင်ရောက်ဖမ်းဆီးရာတွင် အလုပ်လုပ်ကိုင် နေ သည့် မြန်မာပြည်သားများကို ဖမ်းမိခြင်း ဖြစ်ကြောင်း Nation Channel အင်တာနက် စာမျက်နှာ သတင်းတွင် ဖော်ပြထားသည်။
ဆေးထိုးအပ် အပါအဝင် ခွဲစိတ် ကုသရာတွင် အသုံးပြုသော ပစ္စည်းတချို့ကို သက်သေခံအဖြစ် သိမ်းဆည်းရမိပြီး မြန်မာပြည်သား များ လာရောက် ကုသမှု ခံယူနေသည့် ဆေးခန်းတခု ဖြစ်ကြောင်း သတင်း၌ ရေးသားထားသည်။
ယခု ဆေးခန်းကို အသက် ၄၀ အရွယ် မြန်မာနိုင်ငံသား တဦးက ဖွင့်လှစ်ထားပြီး လတ်တလော၌ မော်လမြိုင်သို့ သွားရောက်နေ သည်ဟု အဖမ်းခံရသူများက ထွက်ဆိုကြောင်း သိရသည်။
ထိုင်းအာဏာပိုင်များက မော်လမြိုင်သို့ သွားရောက်နေသူကို ဖမ်းဆီးပေးနိုင်ရန် မြဝတီမြို့နယ် ရဲတာဝန်ရှိသူများနှင့် ညှိနှိုင်း ဆောင် ရွက်ထားသည်ဟု မဲဆောက်မြို့နယ် လူဝင်မှု ကြီးကြပ်ရေး(လဝက) အကြီးအကဲ ဖြစ်သူ တဦးက ပြောကြောင်း Nation Channel အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
“အခုလို မြန်မာအစိုးရ တာဝန်ရှိတဲ့သူတွေနဲ့ ညှိနှိုင်း ဆောင်ရွက်တာဟာ လွတ်မြောက်နေတဲ့ မြန်မာနိုင်ငံသား တဦးကို ဖမ်းဆီးပေးဖို့ ဖြစ်ပါတယ်၊ နောက်ပြီးတော့ ဘဏ်စာအုပ်ထဲမှာလည်း ဘတ်ငွေ သိန်း ၂၀ လောက်တွေ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဥပဒေလွတ်ကင်း ပြီး တော့ ရတဲ့ ပိုက်ဆံလား ဆိုတာ ဆောင်ရွက်ဖို့ အတွက် ဖြစ်တယ်”ဟု အဆိုပါ လဝက အကြီးအကဲက ဆိုသည်။
ကရင်ပြည်နယ် မြဝတီမြို့ ရဲစခန်းမှ ဒုရဲအုပ် အောင်ကိုလတ်က ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မသိရှိရသေးကြောင်း၊ မြို့နယ်မှတဆင့် ညွန်ကြားမှသာလျှင် သိရခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ရှင်းပြသည်။
အဖမ်းခံရသူနှင့် ထွက်ပြေးလွတ်မြောက်သူများကို ထိုင်း ဥပဒေအရ အရေးယူဆောင်ရွက်မှုများ ပြုလုပ်မည်ဟု ထိုင်းသတင်းများတွင် ဖော်ပြသော်လည်း မည်သည့် ပုဒ်မဖြင့် အရေးယူမည်ကိုမူ ဖော်ပြထားခြင်း မရှိပေ။
သို့သော် ကိုယ်ဝန် ဖျက်ချသည့်အမှု ထင်ရှားပါက ထိုင်း ဥပဒေအရ ကြီးလေသော ပြစ်ဒဏ်များ ကျခံရနိုင်ဖွယ် ရှိကြောင်း သိရ သည်။
မဲဆောက်မြို့ မယ်တော်ဆေးခန်းမှ ဒေါက်တာ စင်သီယာမောင်က“အခြေအနေရသော်လည်းကောင်း ဆေးဝါး ကိုင်ဆောင်ပြီ ဆိုရင်တော့ ကိုယ်နဲ့ လက်လှမ်းမီတဲ့ နေရာမှာ ရှိရင်ကောင်းတယ်၊ ဒါပေမယ့် ထိုင်းကျန်းမာရေးနဲ့ ပုံမှန်ထိတွေ့ဆက်ဆံဖို့တော့ လိုတယ်”ဟု ပြောဆိုသည်။
လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ယခုကဲ့သို့ အဖြစ်အပျက်မျိုး ဖြစ်ပွားခဲ့ဖူးပြီး ဆေးခန်းပိတ်ရသည်အထိ အရေးယူမှုရှိခဲ့ကြောင်း ဒေါက်တာ စင်သီယာမောင် က ဆက်ပြောသည်။