နေပြည်တော် လယ်ဝေးဒေသတွင် အစိုးရ ထိပ်တန်း ရာထူးတာဝန်များ ထမ်းဆောင်နေကြသော အာဏာပိုင်များနှင့် တပ်မတော် တွင် ရာထူး တာဝန်ထမ်းဆောင်နေသော စစ်ဗိုလ်ချုပ်များက မြေယာ သိမ်းဆည်းမှုများ ဆက်လက်ကျူး လွန်နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။
မွေးမြူရေး ၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ဟောင်း ဦးအုန်းမြင့်၊ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အနီးကပ် ကိုယ်ရေးအရာရှိ ဗိုလ်မှူးချုပ် စိုးရှိန်၊ တပ်မတော်မှ ဒု ဗိုလ်ချုပ်ကြီး ဝေလွင်၊ သမ္မတရုံးဝန်ကြီး ဗိုလ်ချုပ်ကြီးဟောင်း ဦးစိုးသိန်းတို့က နေပြည်တော် လယ်ဝေးဒေသတွင် လယ်မြေဧက ရာချီ သိမ်းယူခဲ့ကြကြောင်း ဒေသခံများထံမှ သိရှိရသည်။
မြေယာ သိမ်းဆည်းခံခဲ့ရသော ဒေသခံ တောင်သူများသည် အာဏာပိုင်များ၏ ခြိမ်းခြောက်မှုများ ခံနေရပြီး တောင်သူများက ၎င်း တို့၏ သိမ်းဆည်းခံ ထားရသော မြေယာများတွင် ဝင်ရောက်ထွန်ယက် စိုက်ပျိုးသောအခါ တရားစွဲမှုရင်ဆိုင်ရပြီး လယ်သမားတချို့မှာ ထောင်ကျခံခဲ့ရကြောင်း လယ်ဝေးမြို့နယ်မှ လယ်သမားအရေး ကူညီဆောင်ရွက်နေသူ ဦးအေးသောင်က ဧရာဝတီသို့ ပြော သည်။
လယ်ဝေးမြို့နယ် သစ်ကြိမ်းအုပ်စု ကြာကန် ကျေးရွာတွင်နေထိုင်သူ ဦးမြင့်ထွန်းသည် ၎င်းပိုင်ဆိုင်သော လယ်မြေ ၂ ဧက အသိမ်း ခံ ခဲ့ရပြီး ယင်းမြေပေါ်တွင် ဝင်ရောက်ထွန်ယက်ရန် ကြိုးစားမှုကြောင့် လယ်ဝေးမြို့နယ်တရားရုံးတွင် အမှုရင်ဆိုင်ရကာ တရားရုံးက ပိုင်နက် ကျူးကျော်မှုဖြင့် ဦးမြင့်ထွန်းကို ထောင်ဒဏ် ၂ လ ချမှတ်ခဲ့သည်။
“စစ်ဘက်က ပုဂ္ဂိုလ်တွေရဲ့ မြေတွေက နောက်ဆုံးမှာ စီးပွားရေးသမားတွေ လက်ထဲရောက်သွားပြီး ကျနော်တို့ဒေသခံတွေနဲ့ မြေ ပိုင်ဆိုင်မှု အငြင်းပွားတာတွေ ဖြစ်တယ်။ နောက်ဆုံး မြေသိမ်းဆည်းခံထားရတဲ့ ဒေသခံတွေ ဖြစ်တဲ့ ကျနော်တို့ပဲ တရားရှုံးပြီး ထောင်တွေ ကျကုန်တာပဲ”ဟု ဦးမြင့်ထွန်းက ဆိုသည်။
သမ္မတရုံး ဝန်ကြီး ဗိုလ်ချုပ်ကြီးဟောင်း ဦးစိုးသိန်း သည် မြေယာသိမ်းဆည်းသူများတွင် တဦး အပါအဝင်ဖြစ်ပြီး ၂၀ဝ၈ ခုနှစ် ဩဂုတ်လ နေပြည်တော် လယ်ဝေးမြို့နယ် အောင်ချမ်းသာရပ်ကွက်ရှိ လယ်ယာမြေ ၃၅ ဧက သိမ်းယူသွားခဲ့သည်ဟု လယ်မြေ အသိမ်းခံခဲ့ရသူ လယ်သမား ဦးဇော်ဝင်းက ပြောသည်။
ဝန်ကြီး ဦးစိုးသိန်း သိမ်းယူသွားခဲ့သော လယ်မြေများနှင့်ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်သို့ မြေယာပိုင်ရှင်များက တင်ပြ တိုင်ကြားမှုများ ရှိခဲ့သော်လည်း ယခုအချိန်အထိ တစုံတရာ အရေးယူဆောင်ရွက်မှု မရှိသေးကြောင်း သိရှိရသည်။
“မြေအသိမ်းမခံရခင်က စပါး၊ ပဲစင်းငုံ၊ ကြံတို့ စိုက်တယ်။ ကျနော်တို့နားက သကြားစက်ကို ကြံသွင်းရတယ်။ ၂၀ဝ၈ ခုနှစ်မှာကျနော့် မြေတွေကို ခြံစည်းရိုး ၃ ကြိမ်တောင် လာကာတယ်။ အဲဒီအခါကျမှ ခြံစည်းရိုး လာလုပ်တဲ့သူတွေက မင်းမြေကို ဗိုလ်ချုပ် စိုးသိန်းက သိမ်းလိုက်ပြီလို့ပြောမှ မြေ အသိမ်းခံရမှန်းသိတယ်”ဟု လယ်မြေ အသိမ်းခံခဲ့ရသူ ဦးဇော်ဝင်းက ပြောသည်။
နေပြည်တော် လယ်ဝေးမြို့နယ် ပေါက်မြိုင် ကျေးရွာအုပ်စု ရွှေပြည်သာကျေးရွာ၊ အင်တိုင်းသာ ရွာတို့တွင် ဝန်ကြီး ဦးအုန်းမြင့်၊ ဒု ဗိုလ်ချုပ်ကြီး ဝေလွင်နှင့် ဗိုလ်မှူးချုပ် စိုးရှိန်တို့က မြေသိမ်းယူမှုများ ပြုလုပ်ခဲ့ကြောင်း၊ ဒု ဗိုလ်ချုပ်ကြီး ဝေလွင် သိမ်းဆည်းထားသော မြေယာတချို့ကို မူလပိုင်ရှင်ထံ ပြန်လည်ပေးအပ်မှုရှိခဲ့ကြောင်း လယ်သမားအရေး ကူညီဆောင်ရွက်နေသူ ဦးအေးသောင်က ပြော ပြသည်။
လယ်ဝေးမြို့နယ် ပေါက်မြိုင်ကျေးရွာ အုပ်စု ပိန်းချောင်းရွာရှိ ယာမြေ ၂၆ ဧကကို ၂၀၁၂ ခုနှစ် ဇွန်လတွင် ဝန်ကြီး ဦးအုန်းမြင့်က သိမ်းဆည်းခဲ့ပြီး ပေါက်မြိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးက ယင်းမြေပေါ်တွင် စိုက်ပျိုးမှုဆက်မလုပ်ရန် တားမြစ်ခဲ့ကြောင်း လယ်မြေ အသိမ်းခံရသူ ဒေါ်ရင်မြက ဧရာဝတီ သို့ ပြောသည်။
“အုပ်ချုပ်ရေးမှူးက သူ့ရုံးကိုခေါ်ပြီး ဆက်လုပ်ရင် ထောင်ချမယ်လို့ ခြိမ်းခြောက်တယ်။ ဒါပေမယ့် ကျမတို့ ဆက်လုပ်လိုက်တာ ၂၀၁၂ ခုနှစ်ကျမှ လုံးဝ လုပ်လို့မရတော့တာ”ဟု ဒေါ်ရင်မြက ပြောပြသည်။
နေပြည်တော် လယ်ဝေးမြို့နယ် ပေါက်မြိုင်ကျေး ရွာအုပ်စု အင်တိုင်းသာရွာတွင်လည်း ဗိုလ်မှူးချုပ် စိုးရှိန်က လယ်မြေသိမ်းယူခဲ့ပြီး လယ်သမားများနှင့် အငြင်းပွားမှု ဖြစ်ခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ် ဇူလိုင် လ ၆ ရက်နေ့တွင် ဗိုလ်မှူးချုပ် စိုးရှိန်က ဒေသခံလယ်သမားများကို သိမ်းယူထားသော လယ်မြေများအတွင်း မဝင်ရောက်ရန် သေနတ်ပြ ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် လယ်ဝေးဒေသတွင် အခြေစိုက်လျက်ရှိသော တပ်မ (၆၀၄) ၊ (၆၀၅) ၊ ခလရ (၄၁၄) တပ်များက လယ်မြေများသိမ်းယူခဲ့ပြီး ဒေသခံလယ်သမား များနှင့် မြေယာပိုင်ဆိုင်မှုများ အငြင်းပွားလျက်ရှိသည်ဟုလည်း ဆိုသည်။
ယင်းမြေယာ သိမ်းဆည်းမှုများနှင့် ပတ်သက်ပြီး လွှတ်တော် လယ်ယာ မြေနှင့် အခြားမြေများ စုံစမ်းစစ်ဆေးရေး ကော်မရှင်ထံသို့ တိုင် ကြားမှုများရှိနေပြီး ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေကြောင်း လွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။
“တိုင်စာတွေထဲမှာ သမ္မတကြီးလည်း ပါတယ်။ ကျနော်တို့ ကော်မရှင် ဥက္ကဋ္ဌ လည်း ပါတယ်။ သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းလည်းပါတယ်။ မြေသိမ်းတာက အမျိုးမျိုးဖြစ်နေတယ်။ လယ်ဆည်ဝန်ကြီး ဦးမြင့်လှိုင် ကျတော့ သူကဝန်ကြီးဌာနအတွက် သိမ်းတာ။ လျော် ကြေးကိစ္စတွေကို အစိုးရက ပွင့်လင်းမြင်သာစွာ ချမပြခဲ့တော့ မပြေလည်တော့ဘဲ အခုလို ပြဿနာတွေ တက်တာ။ နေပြည်တော် တချို့နေရာတွေမှာ ကာလ ပေါက်ဈေးထက် ပိုပေးပြီး ဝယ်တာလည်းရှိတယ်။ သိမ်းတာလည်းရှိတယ်။ အခု မြေသိမ်းမှုတွေအားလုံး ကို ဒုသမ္မတ ဦးဉာဏ်ထွန်း ဦးဆောင်တဲ့ မြေယာ စီမံခန့်ခွဲမှု ကော်မတီက ဖြေရှင်းပေးလိမ့်မယ်”ဟု ဦးမင်းသူက ဆိုသည်။
လယ်ဝေးဒေသရှိ မြေယာများကို ဗိုလ်ချုပ်များက အဓမ္မ သိမ်းယူခဲ့ခြင်းမျိုး မဟုတ်ဘဲ နိုင်ငံတော်က မည်သူမျှ လုပ်ကိုင်ခြင်းမရှိသည့် မြေလွတ်မြေရိုင်းများကို အချိုးကျ ခွဲဝေပေးခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် ဒေသခံများ၏တိုင်းကြားချက်များ ရှိလာ၍ လွှတ်တော် လယ် မြေကော်မရှင်၏ တိုက်တွန်းမှုကြောင့် နေပြည်တော်ကောင်စီက ယင်းပြဿနာကို ဝင်ရောက်ဖြေရှင်းလျက်ရှိပြီး နိုင်ငံပိုင် သတင်း စာထဲတွင် တရားဝင် ကြေညာပြီးဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးအုန်းမြင့်က ဧရာဝတီ သို့ ပြောသည်။
“ကျနော် ဒုဗိုလ်ချုပ်ကြီးဘဝက လယ်မြေလုပ်ပိုင်ခွင့် ၁၇ ဧက လောက် ရထားတယ်။ အဲဒီမှာ တန်ဖိုးမြင့်တဲ့ အင်ပင်၊ ကျွန်း ၊ ပျဉ်းကတိုး တွေ စိုက်တယ်။ နှစ်ရှည်ပင်တွေပေါ့။ နောက်ပိုင်း ၂၀၁၀ ရွေးကောက်ပွဲပြီးတော့ ကျနော်အစိုးရအဖွဲ့ထဲရောက် လာတဲ့ နောက်ပိုင်း တိုင်စာတွေတက်လာတယ်။ စာတွေက လွှတ်တော်ကိုလည်း ရောက်လာတယ်။ အဲဒါနဲ့ နေပြည်တော်ကောင်စီက ဝင်ရှင်း ပေးတယ်။ အဲဒါနဲ့ ကျနော့်ရုံးအဖွဲ့မှူး ဦးလှထွန်းကိုလွှတ်ပြီး မင်းသွား ရှင်းလိုက်ဆို ခိုင်းလိုက်တာ။ ကျနော် ခြံကို ၁၅ ဧက ပဲ ခတ် ထား တာပါ။ အဲဒီပြဿနာတွေက အခုပြီးသွား ပါပြီ။ ကျနော်တော့ ဒီလိုပဲသိထားတယ်”ဟု ဦးအုန်းမြင့် က ဆိုသည်။
လယ်သမားအရေး ကူညီဆောင်ရွက်နေသူ ဦးအေးသောင်ကမူ ယင်းသို့ ဗိုလ်ချုပ်များ မြေယာသိမ်းဆည်းမှုကို ဥပဒေနှင့်အညီ ဖော် ထုတ် သွားမည်ဟု ပြောဆိုသည်။