ရွှေပြည်သာ စက်မှုဇုံ အတွင်းရှိ M.R Company ပိုင်ဆိုင်သည့် မြေကွက် ၉၂၊ ၉၃ ပေါ်တွင် ကျူးကျော် ထားသော နေအိမ်များကို ကုမ္ပဏီ ဘက်မှ မြေအစား ပြန်ပေး သောကြောင့် ကျူးကျော်သူ အများစုက ဖယ်ရှားပေးရန် သဘောတူ လိုက်ကြောင်း သိရသည်။
ကုမ္ပဏီဘက်မှ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းရွာ အုပ်စုတွင်ရှိသော မြေဧက ၃.၆၆ ဧကတွင် ကျူးကျော်ထားသော အိမ်ထောင် စုပေါင်း ၃၁၄ စုအတွက် မြေအစားပေးပြီး ပြောင်းရွှေ့ကြေး ကျပ် ၅ သောင်းပါ ပေးအပ်မည် ဖြစ်ကြောင်း၊ မိမိတို့ ကုမ္ပဏီဘက်မှ အတတ်နိုင်ဆုံး လိုက်လျောပေးမှုကို ကျေနပ်မှု မရှိဘဲ ဖယ်ရှားမပေးပါက ၎င်းတို့၏ ဆန္ဒသာ ဖြစ်ကြောင်း၊ တရားဥပဒေ အတိုင်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း M.R Company ညှိနှိုင်းရေးအဖွဲ့ အတွင်းရေးမှှူး ဦးနေဝင်းဦးက ပြောသည်။
“ကျနော်တို့ဘက်က ပြည်သူတွေလည်း မနစ်နာအောင်၊ ကုမ္ပဏီဘက်ကလည်း လိုက်လျောနိုင်ဆုံးဖြစ်အောင် ကြားထဲက ညှိပေး တာပါ။ ဒါကိုမှ မကျေနပ်သေးရင် ဒီနေရာက မပြောင်းဘဲ နေချင်နေကြပါ။ ဒါကတော့ ကိုယ့်သဘောပါပဲ။ ဘာကြောင့် ကုမ္ပဏီဘက် က ပေးတာကို မကျေနပ်သေးလို့ ထပ်ညှိချင်သေးရင် လာညှိပါ။ ကုမ္ပဏီဘက်ကလည်း လိုက်လျောပေးနိုင်တာ ဆိုရင် လိုက်လျောပေးမှာပါ။ အစားပေး မြေကွက်တွေကိုလည်း ဒီက ရွှေ့ပြောင်းကြရမယ့် သူတွေရဲ့အမည်နဲ့ကို အပြီးအပိုင် လွှဲပေးမှာ”ဟု ၎င်းက ဆို သည်။
ရွှေပြည်သာမြို့နယ်ရှိ မြေကွက်ကို M.R ကုမ္ပဏီက စက်မှုလုပ်ငန်း တည်ဆောက်ရေး အတွက် ၂၀၀၃ ခုနှစ်တွင် နိုင်ငံတော်မှ လုပ် ပိုင် ခွင့် ရရှိထားကြောင်း၊ ကျူးကျော် နေထိုင်ကြသူများသည် ၂၀၀၄ ခုနှစ်ဝန်းကျင်မှ စတင် ကျူးကျော်လာကြပြီး အဆိုပါ နေရာဖြင့် ယာယီ သန်းခေါင်စာရင်း၊ မှတ်ပုံတင်များပင် ရရှိထားကြကြောင်း ဦးနေဝင်းဦးက ပြောသည်။
စီမံကိန်း စတင်ရန် ၂၀၁၃ ခုနှစ်ကတည်းက ညှိနှိုင်းခဲ့ရာ ၆ ကြိမ်မျှ ရှိလာပြီး ယခု ၂၀၁၄ ခုနှစ်ရောက်မှသာ ပြေလည်မှုရရှိခြင်း ဖြစ်ကြောင်း၊ ကျူးကျော်ကြသူများမှာ ရွှေပြည်သာ စက်မှုဇုန်တွင် အလုပ်လုပ်ကြသော အလုပ်သမားများသာမက ပြင်ပမှလာရောက် ကျူးကျော်နေထိုင်ကြသူ အိမ်ထောင်စု စုစုပေါင်း ၂၂၈ ဦး ပါဝင်ကြောင်း သိရသည်။
“မြေနေရာ အစားပေးတာကိုတော့ ကျေနပ်ပါတယ်။ ဒါပေမယ့် ဘယ်နေရာလဲ ဆိုတာ သေသေချာချာ သွားကြည့်ဦးမယ်။ ကျမတို့က ကျူးကျော်ကြတယ် ဆိုတာ သိပေမယ့် ဒီမှာရှိတဲ့ လူတွေအားလုံးက လက်လုပ်လက်စားတွေ များတယ်။ တနေ့ လုပ်ခမှ ကျပ် ၅ ထောင် ဝန်းကျင်သာ ရတဲ့လူတွေ။ တချို့ဆိုရင် နေ့တိုင်း အလုပ်လုပ်ရတာ မဟုတ်ကြဘူး။ ဟိုကိုရွှေ့ပြီး ဘာဆက်လုပ်စားကြမလဲ ဆိုတာ မစဉ်းစား တတ်သေးဘူး”ဟု ကျူးကျော် နေထိုင်သူ တဦးက ဧရာဝတီသို့ ပြောသည်။
ပထမတွင် ကျူးကျော်သူများက ရွှေပြည်သာမြို့နယ် အတွင်း မြေနေရာအစားပေးရန် တောင်းဆိုခဲ့ရာ ကုမ္ပဏီဘက်မှ တဧကလျှင် ကျပ်သိန်း ၁၅၀ သတ်မှတ်ပြီး မြေကွက်ရှာဖွေရာ ရွှေပြည်သာမြိုနယ်တွင် မရရှိသောကြောင့် လှိုင်သာယာတွင် အစားပေးရခြင်း ဖြစ် ကြောင်း၊ အစားပေးသော မြေကွက်နှင့် အိမ်ထောင်စုပေါင်းကို အကွက်ချလျှင် ကြားလမ်းကိုပါ ထည့်သွင်း တွက်ချက်အပြီး တအိမ် ထောင်လျှင် ၁၅ ပေ x ပေ ၃၀ အထိ ရရှိမည်ဖြစ်ကြောင်း ဦးနေဝင်းဦးက ဆိုသည်။
အဆိုပါ အစားပေးထားသော မြေကွက်တွင် လမ်းများအတွက် အတိုင်းအတာ တခုအထိ ကူညီပေးမည့်အပြင် သက်ဆိုင်ရာ မြို့နယ်ရှိ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့နှင့်လည်း ရွှေ့ပြောင်းရေး အတွက် ညှိနှိုင်းပေးထားပြီ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
သို့ရာတွင် တချို့ကျူးကျော်ကြသူများက ပြောင်းရွှေ့မပေးနိုင်ကြောင်း ပြောသည်။ လက်ရှိ ကျူးကျော်ကြသူများ အဖွဲ့မှ ဖွဲ့စည်းထား သော ညှိနှိုင်းရေး အဖွဲ့ဝင်များ၏ ဆောင်ရွက်မှုသည် ကုမ္ပဏီဘက်မှ ဘက်လိုက် ဆောင်ရွက်သကဲ့သို့ မသမာမှုများ ရှိနေသည်ဟု ကျူးကျော်နေထိုင်သူ တဦးဖြစ်သည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ(တစည)ပါတီဝင် ဒေါ်နွယ်နီစိုးက ဆိုသည်။
“ကျနော်တို့ကတော့ လုံး၀ မဖယ်ပေးဘူး။ ကုမ္ပဏီဘက်က ပေးတာကိုလည်း လက်မခံသလို ကျူးကျော်တွေ စုဖွဲ့ထားတဲ့ ညှိနှိုင်းရေး အဖွဲ့ကိုလည်း အယုံအကြည် မရှိဘူး။ သူတို့ လုပ်နေတာ ကျနော်တို့ ဆန္ဒတွေမှ မဟုတ်တာ။ ကုမ္ပဏီဘက်နဲ့ ပေါင်းပြီး သူတို့ ကိုယ် ကျိုးအတွက် လုပ်နေတာကြောင့်ပါ။ မရွှေ့ပြောင်းလို့ တရားစွဲမယ်ဆိုရင်လည်း တရား ရင်ဆိုင်မယ်။ လုံးဝမရွှေ့ပြောင်းဖို့ ဆုံးဖြတ် ထားတာ အိမ် ၂၀ လောက် ရှိမယ်”ဟု ကျူးကျော် နေထိုင်သူ တဦး ဖြစ်သည့် တစည ပါတီဝင် ကိုသန်းဝင်းက ပြောဆိုသည်။
ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းက လှိုင်သာယာမြို့နယ်နှင့် တွံတေးမြို့နယ်ကို ဆက်သွယ်ထားသော ပန်းလှိုင်မြစ်ကူး တံတား အနီးရှိ ကျူးကျော်တဲများကို အာဏာပိုင်များက အင်အားသုံး ဖယ်ရှားမှု ပြုလုပ်ထားသည်။