အာဆီယံ ဥက္ကဋ္ဌကြီး ရပ်တည်ချက် ခိုင်မာနိုင်ပါ့မလား

ညီစောလွင်

This article has been converted from Zawgyi One to Unicode

အာဆီယံ ဥက္ကဋ္ဌ အနေနဲ့ မြန်မာက စတင်တာဝန်ယူတဲ့ ဇန်နဝါရီလ ၁ ရက်နေ့မှာပဲ တောင်တရုတ် ပင်လယ်နဲ့ ပတ်သက်တဲ့ တရုတ်ရဲ့ ဥပဒေသစ် အသက်ဝင်ပါတယ်။ တရုတ်နိုင်ငံ တောင်ဘက်စွန်း ဟိုင်နန်ခရိုင် အစိုးရက ထုတ်ပြန်လိုက်တဲ့ ဥပဒေသစ်အရ တောင်တရုတ် ပင်လယ်ထဲမှာ တရုတ် အစိုးရခွင့်ပြုချက် မပါဘဲ ငါးဖမ်းရင် ပစ္စည်းသိမ်းမယ်၊ ဒဏ်ငွေ ရိုက်မယ် ဆိုတဲ့ ဥပဒေပါ။

ပြီးခဲ့တဲ့ နှစ်တွေအတွင်း အငြင်းပွားနေတဲ့ အဲဒီရေပိုင်နက်မှာ ဗီယက်နမ်နဲ့ ဖိလစ်ပိုင် ငါးဖမ်း သင်္ဘောတွေကို တရုတ် အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ မနှစ်တုန်းက တောင်တရုတ် ပင်လယ်ထဲမှာ ငါးဖမ်းထွက်နေတဲ့ ဗီယက်နမ် လှေတစင်းကို တရုတ်ဘက်က သေနတ်နဲ့ ပစ်ခဲ့ဖူးပါတယ်။ အခုနောက်ဆုံး အဲဒီ ဥပဒေသစ်ကို ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့က ချက်ချင်းပဲ ပယ်ချလိုက်ပါတယ်။

တောင်တရုတ် ပင်လယ်က အကျယ်အဝန်း အားဖြင့် ဧရိယာစတုရန်း ကီလိုမီတာ သုံးသန်းခွဲ ရှိပါတယ်။ နှစ်သန်းကို တရုတ်က သူ့မြေပုံထဲ ထည့်ထားပါတယ်။ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေထဲက ၄ နိုင်ငံ ဖြစ်တဲ့ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်း တို့ကလည်း သူတို့နိုင်ငံ နယ်နိမိတ်တွေ တစိတ်တပိုင်း ပါဝင်နေတယ်ဆိုပြီး အငြင်းပွားနေတာ ကြာပါပြီ။ ဖိလစ်ပိုင်က ကုလသမဂ္ဂ ခုံရုံးအထိ တင်ထားပါတယ်။ တောင်တရုတ်ပင်လယ် အရေးက ဇာတ်လမ်းတွဲကြီး တခုဖြစ်လို့ နောက်ထပ် ဇာတ်ကွက်တွေ ဆက်ရန် ရှိပါသေးတယ်။ အာဆီယံဥက္ကဋ္ဌ အနေနဲ့ ကိုင်တွယ်ရမယ့်ကိစ္စ ဖြစ်လာပါလိမ့်မယ်။

ကမ္ဘောဒီးယားက အာဆီယံ ဥက္ကဋ္ဌ အနေနဲ့ ဆောင်ရွက်ခဲ့တဲ့ ၂၀၁၂ မှာ တောင်တရုတ်ပင်လယ် အရေးဟာ အာဆီယံ ဆွေးနွေးပွဲတွေမှာ နေရာမရခဲ့ပါဘူး။ တောင်တရုတ်ပင်လယ် အရေးမှာ စကားလုံးအရ သဘောတူညီချက် မရလို့ အာဆီယံ ပူးတွဲ ကြေညာချက် မထုတ်ပြန်နိုင်တဲ့ အထိ ဖြစ်ခဲ့ပါတယ်။ အာဆီယံ သမိုင်းမှာ မကြုံဘူးတဲ့ ဒီလို အဖြစ်အပျက်ရဲ့ နောက်ကွယ်မှာ တရုတ်ရဲ့ ဖိအားတွေ ရှိတယ်လို့ ယူဆကြပါတယ်။

အခုတော့ အာဆီယံ ဥက္ကဋ္ဌ အဖြစ် မြန်မာ အလှည့်ရောက်လာပါပြီ။

ပြန်ကြည့်ရင် အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ အပြင်းထန်ဆုံး အချိန်မှာ မြန်မာစစ်အစိုးရဘက်က မားမား မတ်မတ် ရပ်တည်ခဲ့တဲ့ နိုင်ငံတွေဟာ တရုတ်နဲ့ အာဆီယံပါပဲ။ လက်ရှိ မြန်မာ အစိုးရကလည်း စစ်အစိုးရ အဖွဲ့ထဲက ခေါင်းဆောင်တွေပါပဲ။ အာဆီယံ ဥက္ကဋ္ဌ ရာထူးကြီးကို တနှစ်တာ ထမ်းဆောင်ရမယ့် မြန်မာပြည်အတွက် ဆန့်ကျင်ဘက် ဖိအားတွေကို ကျော်လွှားနိုင်ပါ့မလား ဆိုတာက မေးခွန်းဖြစ်လာပါတယ်။

တောင်တရုတ်ပင်လယ် အရေးဟာ ရေနံနဲ့ ဓာတ်ငွေ့၊ ရေသယံဇာတ ခွဲဝေမှုနဲ့ ဆိုင်တဲ့ ဒေသတွင်း ပြဿနာသက်သက် မဟုတ်ပြန်ပါဘူး။ နိုင်ငံတကာ ကုန်သွယ်ရေးနဲ့ လုံခြုံရေးအထိ ကျယ်ပြန့်တဲ့ ပြဿနာ ဖြစ်နေပြန်ပါတယ်။ ကမ္ဘာ့ ရေကြောင်း ကုန်သွယ်ရေးရဲ့ သုံးပုံတပုံဟာ တောင်တရုတ် ပင်လယ်ကို ဖြတ်သန်းရပါတယ်။ တဘက်မှာ အမေရိကန် ပြည်ထောင်စုဆီကို ကုန်ချောပို့တာနဲ့ ပတ်သက်နေသလို၊ တဘက်မှာ ဂျပန်လို ပြည်ပကုန်ကြမ်းတွေ အပေါ်မှာပဲ လုံးလုံးလျားလျား မှီခိုနေရတဲ့ နိုင်ငံတွေ အတွက် ပြည်တွင်းစက်မှုလုပ်ငန်းရဲ့ အသက် သွေးကြော ဖြစ်နေပြန်ပါတယ်။

ဂျပန်နဲ့ တရုတ်တို့အကြားမှာလည်း အတိတ်သမိုင်းကနေ မျက်မှောက်အချိန်အထိ ပြိုင်ဆိုင်နေကြဆဲ ဖြစ်ပါတယ်။ တရုတ်ဟာ တောင်တရုတ် ပင်လယ်မှာ အာဆီယံအဖွဲ့ဝင် ၄ နိုင်ငံနဲ့ ပိုင်နက် အငြင်းပွား နေသလို အရှေ့ တရုတ်ပင်လယ်မှာ ဂျပန်နဲ့ အငြင်းပွားနေပါတယ်။ အမေရိကန် အစိုးရရဲ့ “အာရှ မဏ္ဍိုင်ပြု” ပေါ်လစီသစ်ကို ဝါရှင်တန်က အရာရှိတွေက ဘယ်လိုပဲ အကြောင်းပြပြ ဘေဂျင်းက ခေါင်းဆောင်တွေကတော့ တရုတ်ပြည် ဝိုင်းပတ်ရေး ပေါ်လစီရဲ့ တစိတ်တပိုင်းအနေနဲ့ပဲ ရှုမြင်ပါတယ်။ တရုတ်ဘက်က ကြည့်ရင် ဒေသတွင်းမှာ အမေရိကန်ရဲ့ အစဉ်အလာ မဟာမိတ်တွေနဲ့ မဟာမိတ်သစ်တွေဖြစ်တဲ့ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မြန်မာ တို့ဟာ တရုတ်နိုင်ငံကို ပတ်ချာလည် ဝိုင်းထားပါတယ်။ အားလုံးဟာ တရုတ်ရဲ့ အစဉ်အလာ ရန်ဘက်တွေ ဖြစ်နေပြန်ပါတယ်။

ဒီလိုနဲ့ ဒေသတွင်းမှာ တအုံနွေးနွေး ပဋိပက္ခတွေ ဆူပွက်လာပါတယ်။ နိုဝင်ဘာလမှာ အရှေ့ တရုတ် ပင်လယ်မှာ လေကြောင်း ကာကွယ်ရေးဇုန် ဆိုတာကို တရုတ်က ကြေညာခဲ့ပါတယ်။ တောင်တရုတ် ပင်လယ်ကို ဖြန့်ကျက်ထားတဲ့ ဝေဟင်ထဲကို လေယာဉ်တွေ ပျံသန်းမယ်ဆိုရင် တရုတ်အစိုးရဆီက ခွင့်ပြုချက် ယူရမယ်လို့ ကြေညာပါတယ်။ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျနဲ့ အမေရိကန်တို့က ချက်ချင်းပဲ ကန့်ကွက်ခဲ့ကြပါတယ်၊ တလအတွင်းမှာပဲ ဆိုးလ်ကလည်း တရုတ် ကြေညာထားတဲ့ ကာကွယ်ရေးဇုန်ရဲ့ တစိတ်တပိုင်းပါတဲ့ လေကြောင်း ကာကွယ်ရေး ဇုန်သစ်ကို ကြေညာပါတယ်။

ဒေသတွင်းမှာ တရုတ်က တဘက်၊ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်တွေက တဘက် အားစမ်းနေတဲ့ အချိန်မှာ မြန်မာဟာ အာဆီယံ ဥက္ကဋ္ဌ ဖြစ်လာပါတယ်။ အာဆီယံ အစည်းအဝေး တွေသာမက၊ ဒေသတွင်း ခေါင်းဆောင်တွေ တက်ရောက်တဲ့ အစည်းအဝေးတွေ၊ နိုင်ငံတကာ ခေါင်းဆောင်တွေ မျက်နှာစုံညီ တက်ရောက်တဲ့ အစည်းအဝေးတွေကို ကမကထ လုပ်ဖို့ အလှည့်ကျပါတယ်။ အစည်းအဝေးမှာ ဆွေးနွေးမယ့် အကြောင်းအရာ အများစုကို အဆုံးအဖြတ် ပေးရမယ့် နေရာကို ရောက်လာပါတယ်။

အင်အားကြီး နိုင်ငံတွေ ပါဝင်ပတ်သက်နေတဲ့ ပြဿနာတွေကို မြန်မာက ဦးဆောင်ပြီး ဖြေရှင်း မပေးနိုင်တာကတော့ လူတိုင်း မျှော်လင့်ပြီးသား ကိစ္စပါပဲ။ ဒါပေမယ့် ပြဿနာတွေကို မြန်မာက ဘယ်လို အနေအထားနဲ့ ရပ်တည်သလဲ ဆိုတာကတော့ အရေးကြီးပါတယ်။ အာဆီယံ ပေတံ အရပဲဖြစ်ဖြစ်၊ ဖိအားတွေကြောင့်ပဲ ဖြစ်ဖြစ် အာဆီယံ ဥက္ကဋ္ဌရဲ့ လုပ်ပိုင်ခွင့် ဘောင်ထဲကနေ ပြည်တွင်းရေး ကိစ္စတွေ ဖြစ်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒေသတွင်း ပြဿနာ ဖြစ်နေတဲ့ ရိုဟင်ဂျာအရေး၊ တောင်တရုတ် ပင်လယ်အရေး အားလုံးကို မြန်မာက ချောင်ထိုးချင်ရင် ထိုးထားနိုင်ပါတယ်။

ခြေလှမ်းတိုင်းမှာတော့ စိန်ခေါ်မှုတွေရှိနေပါတယ်။ ဒေသတွင်းမှာ၊ နိုင်ငံတကာမှာ မြန်မာပြည်ရဲ့ ဂုဏ်သိက္ခာနဲ့ အဆင့်နေရာကို သတ်မှတ်ပေးမယ့် မှတ်ကျောက်တွေလည်း ဖြစ်လာပါလိမ့်မယ်။     ။

Loading