သမိုင်းဝင် ၁၃၀၀ ပြည့် အရေးတော်ပုံနဲ့ ပတ်သက်ပြီး ပြည်သူများ ပြန်လည် နိုးကြား ခံစားနိုင်ရန်အတွက် ၁၃၀၀ ပြည့် အရေးတော်ပုံ စိန်ရတုပွဲကို ဇန်နဝါရီလ ၂၂ ရက်နေ့မှာ မင်းဓမ္မလမ်း MCC ခန်းမမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပမှာ ဖြစ်တဲ့အတွက် စိတ်ဝင်စားသူ ပြည်သူများအနေနဲ့ ဝင်ကြေးအခမဲ့ လာရောက်ဆင်နွှဲနိုင်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံတဝှမ်းမှာ ၁၃၀၀ ပြည့် အရေးတော်ပုံ စိန်ရတုပွဲကို ပြည်သူများနဲ့ အသင်းအဖွဲ့ အသီးသီးက ပုံစံမျိုးစုံနဲ့ ကျင်းပ ကြရာမှာ အခုပြုလုပ်မယ့် စိန်ရတုပွဲမှာတော့ အဖွဲ့အစည်းပေါင်း ၂၇ ဖွဲ့ ပါဝင်ကြမှာဖြစ်ပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ ဒီမိုကရေစီ အင်အားစု၊ စာရေးဆရာ အဖွဲ့၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ပန်းရဲ့လမ်း၊ ရွှေသံစဉ်၊ Vaiolenz စတဲ့ အဖွဲ့တွေ ပါဝင်ကြမှာဖြစ်တယ်လို့ ပွဲဖြစ်မြောက်ရေး ကော်မတီဝင်ဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က ဦ်းထွန်းကြည်က ပြောပါတယ်။
“အဲဒီအဖွဲ့တွေ အားလုံး စုပေါင်းပြီးတော့ လုပ်တဲ့ပွဲမှာ နိုင်ငံရေးဦးတည်ချက် ၅ ရပ်ရှိပါတယ်။ ပွဲချိန်က မနက် ၉ နာရီ ကနေပြီးတော့ ညနေ ၄ နာရီခွဲအချိန်အထိ ဖြစ်တဲ့အတွက် ၁၃၀၀ ပြည့် သမိုင်းနဲ့ ပတ်သက်တဲ့ စာတမ်းများဖတ်ပွဲ၊ အလုပ်သမားနဲ့ ပတ်သက်တဲ့ စာတမ်း၊ လယ်သမားနဲ့ ပတ်သက်တဲ့စာတမ်း၊ ကျောင်းသားနဲ့ ပတ်သက်တဲ့ စာတမ်းတွေကို ဖတ်ကြားကြမှာ ဖြစ်တဲ့အပြင်၊ ဘာသာကြီး ၄ ဘာသာက ခေါင်းဆောင်တွေက မုဒိတာစကားတွေ ပြောကြားမယ့် အစီအစဉ်တွေ ပါဝင်ပါမယ်” လို့ သူက ဧရာဝတီကို ပြောပါတယ်။
ဒါ့အပြင် ၁၃၀၀ ပြည့် အရေးတော်ပုံနဲ့ ပတ်သက်တဲ့ သီချင်းကို စန္ဒယား တင်ဝင်းလှိုင်နဲ့အတူ မင်းသားကြီး ဦးခင်မောင်ချင်း တို့က ဖျော်ဖြေကြမှာ ဖြစ်ပြီး ရွှေသံစဉ်တေးဂီတ၊ လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန်ရက်အဖွဲ့နဲ့ Vaiolenz တို့ကလည်း တေးဂီတများနဲ့ ဖျော်ဖြေတင်ဆက်ကြမှာ ဖြစ်ပါတယ်။ ပရိသတ်တွေ မငြီးငွေ့စေဖို့အတွက် အပိုင်း ၂ ပိုင်းခွဲပြီး မနက် ၉ နာရီကနေ ၁၁ နာရီအထိ တပိုင်းနဲ့ နေ့ခင်း ထမင်းစားပြီးချိန်ကနေ ညနေ ၄ နာရီခွဲအထိ တပိုင်းစီခွဲပြီး ပြုလုပ်ကျင်းပ ကြမယ်လို့လည်း ဦးဝင်းကြည်က ဆိုပါတယ်။
အဆိုပါပွဲကို လာတဲ့ ပရိသတ်တွေအတွက် စာအုပ်များ ရောင်းချခြင်း၊ သမိုင်းဆိုင်ရာ အချက်အလက်တွေနဲ့ ပတ်သက်တဲ့ အမှတ်တရများ၊ ဦးထုပ်၊ တီရှပ်၊ ပြက္ခဒိန်၊ မဂ္ဂဇင်းတွေကို ရောင်းချပေးမှာ ဖြစ်ပြီး အဖွဲ့အစည်းအသီးသီးက လာရောက် ရောင်းချမယ်ဆိုရင်လည်း ခွင့်ပြုမယ်လို့ သိရပါတယ်။
“အရင်တုန်းက ဒီလိုမျိုး ကြီးကြီးကျယ်ကျယ် မလုပ်ခဲ့ရတော့ အခု ပြောပြလို့ မရအောင် ပီတိဖြစ်ရတယ်။ ဒီပွဲက သူ့ထက် ကောင်းတာတောင်၊ သူ့လောက်ကောင်းမယ်လို့ မထင်ဘူး။ အခုလည်း ရွှေသံစဉ်တို့၊ ပန်းရဲ့လမ်းတို့က ကျနော်တို့နဲ့အတူ အပြည့်အ၀ ပူးပေါင်းပါဝင် ဆောင်ရွက်နေတယ်။ မြို့နယ်တိုင်းမှာရှိတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေကလည်း ပူးပေါင်း ဆောင်ရွက်တယ်။ မိဘပြည်သူတွေ အားလုံးကလည်း ဒီပွဲဖြစ်မြောက်ရေး ကော်မတီနဲ့ ပူးပေါင်း ဆောင်ရွက် တာကို ကြည့်ခြင်းအားဖြင့် စိန်ရတု အခမ်းအနားကြီးကတော့ ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ဖြစ်မယ်လို့ ယုံကြည်ထားပါတယ်” လို့ အထက်ပါပုဂ္ဂိုလ်က ဆိုပါတယ်။
အဆိုပါပွဲ ဖြစ်မြောက်ဖို့အတွက် ဇန်နဝါရီ ၅ ရက်နေ့ကနေစပြီး အလှူငွေ ကောက်ခံခဲ့ကြောင်း၊ အလှူငွေ ကောက်ခံခြင်းအပြင် တိုင်းရင်းသား အဖွဲ့များ ဖက်ဒရယ်ကောင်စီ (UNFC )၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နဲ့ ဒါရိုက်တာ ကြည်ဖြူသျှင်တို့ ပူးပေါင်းပြီး တက်ရောက်လာတဲ့ ဧည့်ပရိသတ်တွေကို ဒံပေါက်၊ အချိုရည်တို့နဲ့ ဧည့်ခံကာ သံဃာတော် များကို ဆွမ်းဆက်ကပ် လှူဒါန်းမှာဖြစ်တယ်လို့ သိရပါတယ်။
ရွှေသံစဉ် တေးဂီတက ဦးဝင်းမော်က “ကျနော်တို့ ဒီပွဲအတွက် တတ်နိုင်တဲ့ ဂီတပညာနဲ့ ကူညီဖြစ်တာပေါ့နော်။ ကျနော်တို့က ဆိုင်တွေမှာ ဂီတနဲ့ လိုက်ပြီး အလှူငွေခံတာ ဆိုင်တော်တော် များပြီ။ ၁၃၀၀ ပြည့် အရေးတော်ပုံက ကျနော်တို့ ရင်နှီးခဲ့ပေမယ့် မမီခဲ့ပါဘူး။ အခါတိုင်း နှစ်တွေကတော့ မထူးခြားဘူးပေါ့။ အခုကတော့ ၇၅ နှစ်မြောက်ဆိုတော့ စိန်ရတုကို ကြီးကျယ်စွာ လုပ်ကြမယ်၊ မြန်မာပြည် သမိုင်းမှာ အရေးတော်ပုံ အကြီးကြီးက နှစ်ခုပဲရှိတယ်လေ။ ချောက်တို့ ဘာတို့မှာလည်း လုပ်ပြီး သွားကြပြီ။ သူတို့ မြို့အစဉ်လိုက် အတိုင်းဆိုတော့ ရန်ကုန်ကို ၁၉ ရက်နေ့မှာ ရောက်တာဆိုတော့ အဆင်ပြေတဲ့ ရက်ကို ရွေးပြီး လုပ်ဖြစ်တာပေါ့။ ပန်းရဲ့လမ်းနဲ့ လုပ်ဖြစ်တာက အဆိုတော်တွေမှာ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သီချင်းကလည်း မရှိဘူးလေ။ ပန်းရဲ့လမ်း သီချင်းတွေ အများစုက နိုင်ငံရေးသီချင်းတွေ ဖြစ်နေတော့ ပူးပေါင်း လုပ်ဖြစ်တာပါ။ ဘယ်နှပုဒ် ဖျော်ဖြေဖြစ်မလဲ မသိသေးပါဘူး။ နိုင်ငံရေး သီချင်းတွေပဲ ဆိုကြမှာပါ” လို့ ဧရာဝတီကို ပြောပါတယ်။
ပန်းရဲ့လမ်းလူမှုကွန်ရက်က ကိုသားထွေးကလည်း နိုင်ငံရေးပွဲတွေမှာ ပါဝင်ဖျော်ဖြေဖြစ်ပေမယ့် အခုလိုပွဲမျိုးတော့ မကြုံဖူးသေးကြောင်း၊ အလှူငွေရှာဖွေရေးအတွက် နိုင်ငံရေး သီချင်းတွေနဲ့သာ ဖျော်ဖြေခဲ့ပြီး ၁၃၀၀ ရာပြည့် အရေးတော်ပုံ စိန်ရတုပွဲမှာလည်း ပါဝင် ဖျော်ဖြေဦးမှာဖြစ်ကြောင်း ပြောပါတယ်။ သူက ဆက်ပြီး မြန်မာ အလုပ်သမားတွေရဲ့ လုပ်ခလစာဟာ နိုင်ငံတကာ အဆင့်မမီသေးတဲ့အတွက် ဒီပွဲကို အလုပ်သမား ပြည်သူများ အများဆုံး လာရောက် ကြည့်ရှုစေချင်တယ်လို့ ဆိုပါတယ်။
၁၃၀၀ ပြည့် အရေးတော်ပုံဟာ ချောက်ရေနံမြေ အလုပ်သမား လှုပ်ရှားမှုကနေ ဆင့်ပွားလာပြီး တနိုင်ငံလုံး အတိုင်းအတာ အထိ ကျယ်ပြန့်ခဲ့ကာ မြန်မာ့လွတ်လပ်ရေး လှုပ်ရှားမှုအတွက် ကြီးမားတဲ့ တွန်းအားတခု ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဒီစိန်ရတု အမှတ်တရပွဲကို လူတန်းစားအလွှာ အသီးသီးက ပါဝင်ဆင်နွှဲစေချင်ကြောင်းလည်း ပွဲစီစဉ်သူများက တိုက်တွန်းတယ်လို့ သိရပါတယ်။