အသစ်တက်လာမည့် ခေါင်းဆောင်များကို လမ်းဖွင့်ပေးသည့် အနေဖြင့် တာဝန်များမှ အနားယူလိုခြင်း ဖြစ်ကြောင်း ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော် (RCSS/SSA)အဖွဲ့မှ ဥက္ကဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။
ပြီးခဲ့သည့် သီတင်းပတ်က ဗဟိုဌာနချုပ် လွယ်တိုင်းလျန်း၌ ၁၄ ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးတွင် ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်က အထက်ပါအတိုင်း ပြောကြားကြောင်း ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA-S) ပြောခွင့် ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလက ဧရာဝတီသို့ ပြောသည်။
“နောက်ထပ် တက်လာမယ့် ခေါင်းဆောင် တွေကို လမ်းဖွင့်ပေး လိုက်တဲ့ သဘောပါ၊ အကယ်၍ ဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင် လိုတဲ့ ခေါင်းဆောင်တွေ ရှိရင် သူ့နေရာ အစားထိုးလို့ ရအောင် အခွင့်အရေး ပေးချင်းတဲ့ သဘောလို့ ပြောပါတယ်”ဟု ၎င်းက ဆို သည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် RCSS/SSA အဖွဲ့ အစည်းနှင့် ပတ်သက်သည့် ၄ နှစ် တကြိမ် ဥက္ကဌ အသစ် ပြန်လည် ရွေးကောက် တင်မြှောက်မည့် ညီလာခံတရပ် ကျင်းပရန် စီစဉ်ထားပြီး ဥက္ကဌ နေရာကို ရွေးချယ်သွားမည် ဖြစ်ကြောင်းလည်း ဗိုလ်မှူး စိုင်းလက ဆက်ပြောသည်။
“သူက တပ်ထဲမှာ ရှိနေမယ်လို့လည်း မပြောဘူး၊ ဒါပေမယ့် သူက နောက်မှာနေပြီးတော့ လိုအပ်တဲ့ ပံ့ပိုးမှုတွေ ပြုလုပ်ပေးသွားမယ် လို့တော့ ပြောသွားတယ်”ဟု ဗိုလ်မှူး စိုင်းလက ပြောသည်။
လတ်တလောတွင် ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်သည် နိုင်ငံရေးဘက်အပိုင်း သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီတွင် ဥက္ကဌ ရာ ထူးယူထားပြီး စစ်ရေးနှင့်ဆိုင်သည့် တပ်ဘက်ပိုင်းတွင် ဒု ဥက္ကဌ နေရာယူထားခြင်း ဖြစ်သည်။ SSA တောင်ပိုင်း အဖွဲ့၏ မူအရ RCSS တွင် အမြင့်ဆုံး ရာထူးယူထားသူက တပ်နှင့်ဆိုင်သည့် ရာထူးအပြောင်းအလဲများကို ပြန်လည် ခန့်အပ်လေ့ရှိကြောင်း သိရ သည်။
“ကောင်စီ ဥက္ကဌကို အရွေးမခံတော့ဘူး၊ အရွေးခံရပေမယ့်လည်း အဲဒီရာထူးကို လက်မခံဘူးဆိုရင် ကောင်စီဝင်တွေအားလုံး ထွက် ပေါက်ရှာရမှာပေါ့၊ ဘယ်သူ့ကို ပြန်ပြီးတော့ ရွေးချယ်ကြမလဲ၊ သူ့ကို ပြန်ပြီးတော့ မေတ္တာ ရပ်ခံရင်တော့ တမျိုး ပြန်ထွက်လာနိုင် တယ်”ဟု ဗိုလ်မှူး စိုင်းလှက ရှင်းပြသည်။
လာမည့် ဖေဖော်ဝါရီအတွင်း ကျင်းပရန် စီစဉ်ထားသည့် ညီလာခံတွင် ဥက္ကဌ ရာထူးကို အစားထိုးမည့်သူ မရှိပါက ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်ကို ဥက္ကဌ အဖြစ် ပြန်လည် လက်ခံယူရန် ပြောဆိုသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ သို့သော် ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် ၏ သဘောထားအပေါ် အများကြီး မှုတည်ကြောင်းလည်း ဗိုလ်မှူး စိုင်းလက ဆိုသည်။
ချင်းမိုင်မြို့ အခြေစိုက် ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း (SWAN)မှ ပြောရေးဆိုခွင့်ရှိသူ မယိင်း ဟန်ဖ ကလည်း ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်အနေဖြင့် ခေါင်းဆောင်သစ်များကို လမ်းဖွင့်ပေးသည့်အတွက် ကြိုဆိုသော်လည်း စစ်တပ် ဘက် ကို ပိုမို ဦးဆောင်စေချင်ကြောင်း ပြောသည်။
SSA တောင်ပိုင်းအဖွဲ့က အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင် အဖွဲ့တခု ဖြစ်သည်။
SSA သည် ၁၉၉၆ ခုနှစ်တွင် ခွန်ဆာ ဦးဆောင်သည့် မော်ထိုင်း တပ်မတော်(MTA) အဖွဲ့ စစ်အစိုးရထံ လက်နက်ချပြီး နောက်ပိုင်း ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ပြန်လည် ဦးဆောင်၍ ထူထောင်ခဲ့ခြင်း ဖြစ်သည်။
ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ်သည် MTA မှ ခွဲထွက်အဖွဲ့ဖြစ်သည့် ရှမ်းပြည် ညီညွတ်ရေးနှင့် တော်လှန်ရေး တပ် (SURA)ကိုလည်း ဦးဆောင်ခဲ့သူဖြစ်ပြီး နောက်ပိုင်းတွင် SURA မှ SSA-S အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။