ဆင်းရဲနွမ်းပါး ကျောင်းသား လူငယ်များ မြှင့်တင်ရေး ရန်ပုံငွေ အနုပညာ ဖျော်ဖြေပွဲ တခုကို ဖေဖော်ဝါရီလ ၁ ရက်တွင် မန္တလေးမြို့ အမျိုးသား ကဇာတ်ရုံ၌ မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံး (MYU) က ဦးစီး ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အနုပညာဖျော်ဖြေပွဲ ကျင်းပရန်အတွက် အကြိပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲကို ဇန်နဝါရီ ၁၆ ရက်က ရန်ကုန်မြို့ Orchid Hotel တွင် ကျင်းပခဲ့သည်။
ဖျော်ဖြေပွဲမှ ရရှိမည့် ရန်ပုံငွေများကို သုံးကာ လူငယ်ဘ၀ မြှင့်တင်ရေး နှင့် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှု ပပျောက်ရန် ရည်ရွယ်သည့် အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်း တခုကို လူငယ်များ အခမဲ့နီးပါး တက်ရောက်နိုင်ရန် ဖွင့်လှစ်သွားမည် ဟု MYU ဥက္ကဌ ကိုဇွဲရန်နိုင် က သတင်း မီဒီယာများသို့ ပြောသည်။
“ဒီပွဲက အစည်းအရုံး(MYU)အတွက် လုပ်တဲ့ ရန်ပုံငွေ ရှာဖွေပွဲ မဟုတ်ပါဘူး”ဟု ကိုဇွဲရန်နိုင်က ပြောပြသည်။
မန္တလေးတွင်ပြုလုပ်မည့် ယင်းဖျော်ဖြေပွဲသည် ဒုတိယ အကြိမ်မြောက် ပြုလုပ်ခြင်း ဖြစ်ပြီး ပြီးခဲ့သည့် သြဂုတ်လ ပထမပတ် အတွင်း က ရန်ကုန်မြို့ မြို့မကျောင်းလမ်း အမျိုးသား ဇာတ်ရုံတွင် ပထမအကြိမ်အဖြစ် ရန်ပုံငွေ ဖျော်ဖြေပွဲတခု ကျင်းပခဲ့သေးသည်။
ရန်ကုန်မြို့ ဖျော်ဖြေပွဲမှ ရရှိသည့် ရန်ပုံငွေများကို ဧရာဝတီတိုင်း ဒေးဒရဲမြို့၌ စက်ချုပ် အတတ်ပညာဒါန သင်တန်းကျောင်း၊ မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံး(ရုံးချုပ်)တွင် စာရင်းကိုင် သင်တန်းများ၊ အင်္ဂလိပ်စာ သင်တန်းများ၊ ကွန်ပျူတာ သင်တန်းများ ဖွင့်လှစ် ခဲ့ပြီး ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်တွင် မိဘမဲ့ ဂေဟာတခု မတည်လှူဒါန်းခြင်း ရေဘေး မီးဘေးများနှင့် ချို့တဲ့သော လူငယ် များ အတွက် ပညာသင်စရိတ် စသည်တို့ကို အသီးသီး လှူဒါန်းခဲ့ကြောင်း ကိုဇွဲရန်နိုင်က ရှင်းပြသည်။
“ကျနော်တို့ ၂ နှစ်မှာတကြိမ် ဒီလို ရန်ပုံငွေပွဲတွေ လုပ်ဖို့အလုပ်အမှုဆောင် အစည်းအဝေးက ဆုံးဖြတ်ထား ပါတယ်။ ဒါပေမယ့် မန္တလေးမြို့ခံတွေက တောင်းဆိုလာလို့ပါ”ဟုလည်း ကိုဇွဲရန်နိုင်က ပြောသည်။
ရန်ပုံငွေဖျော်ဖြေပွဲအတွက် တော်ဝင်စင်တာ ပိုင်ရှင်၊ ဧရာဝတီဘဏ်၊ မန္တလေးမြို့မှ လုပ်ငန်းရှင်များ၏ ပံ့ပိုးကူညီငွေများနှင့် အစည်း အရုံးပိုင် ရန်ပုံငွေများကို သုံးစွဲသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဖျော်ဖြေတင်ဆက်ပွဲတွင် အနုပညာဆိုင်ရာ ပါဝင်ကူညီမည့် ဟာသ သရုပ်ဆောင် ဦးမေတ္တာက “ကျနော် မေတ္တာနဲ့ကူညီခဲ့တာ။ ဖြူစင်တဲ့ ကလေးတွေဖြစ်တယ်။ ရိုးသားတယ်။ သူတို့ရတဲ့ အခွင့်အရေးတွေကို မယူဘဲ၊ လူမှုတာဝန်တွေကို ဘယ်သူမှပေးအပ်တာ မဟုတ်ဘဲ သူတို့ကိုယ်ပိုင် အသိစိတ်ဓာတ်နဲ့လုပ်တာမြင်ရတာ ဝမ်းသာပါတယ်”ဟု ပြောသည်။
ဆင်းရဲနွမ်းပါး ကျောင်းသား လူငယ်များ မြှင့်တင်ရေး ရန်ပုံငွေ ဖျော်ဖြေပွဲတွင် အနုပညာရှင်များ ဖြစ်သော ရဲလေး၊ ဟဲလေး၊ မိုးမိုး၊ ဝင်းနောင်၊ မိုးမင်း၊ ဆုပန်ထွာ၊ ချစ်စနိုးဦး၊ ခင်လေးနွယ်၊ စန္ဒီမြင့်လွင်၊ သီရိရှင်းသန့်၊ စိုးမိုးကြည်၊ နန်းမြတ်ဖြိုးသင်း၊ နဒီထိုက်၊ ဝင်းသပြေထွန်း၊ မေတ္တာမြင့်မြတ်ဟိန်း၊ နိုဘယ်လ် ကျော်ကျော်၊ ခိုင်သိင်္ဂီမော်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်မှ ပညာရှင်များ ပါဝင် ဖျော်ဖြေ သွားမည်ဖြစ်ကြောင်း သိရသည်။
သရုပ်ဆောင် နိုဘယ်လ်ကျော်ကျော်က “တက်ကြွတဲ့ လူငယ်တွေနဲ့ပါဝင်ပူးပေါင်းပြီး ဖျော်ဖြေခွင့်ရတာ ဝမ်းသာပါတယ်၊ ဒီလူငယ် အစည်းအရုံး လူငယ်တွေရဲ့စည်းလုံးမှု တက်ကြွမှုတွေကို နိုဘယ်လ် ကိုယ်တိုင် အတုယူရပါတယ်”ဟု ပြောဆိုသည်။
မန္တလေး၌ ကျင်းပမည့် ဖျော်ဖြေပွဲတွင် မြန်မာသံ တေးသီချင်းများဖြင့် ဖျော်ဖြေခြင်း ၊ သင်္ကြန် အကြိုအဖြစ် မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံး၏ လူငယ် အကျိုးပြု တေး သီချင်းနှင့် သံချပ်၊ လူငယ်များ ကြုံတွေ့နေရသည့် အခက်အခဲများကို ဟာသဖြင့်ရောနှောထားသည့် ပြဇာတ်၊ ငြိမ်းချမ်းရေးနှင့် ပတ် သက်သည့် တေးသရုပ်ဖော်များ၊ ဟာသပညာရှင်များ၏ တခန်းရပ် အငြိမ့်၊ မြန်မာ့ရိုးရာ နှစ်ပါးခွင်နှင့် ခေတ်ပေါ် တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းများ အပါအဝင် အဖွဲ့ဝင်လူငယ်များနှင့် စေတနာ့ဝန်ထမ်း လူငယ်များ၏ တင်ဆက်မှု အစီအစဉ်များလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။