မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ဒေသ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာကို သဘောတူ လက်မှတ် ရေးထိုး ရန် ယမန်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်း အဝေးတွင် အတည်ပြု လိုက်သည်။
နိုင်ငံတော် သမ္မတနှင့် တပ်မတော် အကြီးအကဲတို့က တဖက်နိုင်ငံ တာဝန်ရှိသူများနှင့် နားလည်မှု စာချွန်လွှာ(MOU) လက်မှတ် ရေးထိုးနိုင်ရန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အချက်အလက်များအရ ပြည်ထောင်စု လွှတ်တော်၏ အဆုံးအဖြတ် ယူရမည်ဖြစ်၍ ပထမ နေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ကာကွယ်ရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ဗိုလ်ချုပ် ကျော်ညွန့်က တင်သွင်းခဲ့ခြင်း ဖြစ် သည်။
“နယ်စပ်ဒေသမှာ တည်ငြိမ်အေးချမ်းမှု ရှိစေရေး၊ နယ်မြေ လုံခြုံရေး ကိစ္စရပ်တွေ အတွက် ပူးပေါင်း ဆောင်ရွက်ဖို့ အထူး လိုအပ် ပါ တယ်။ နှစ်နိုင်ငံကြား တရားမဝင် ကုန်သွယ်မှု၊ မူးယစ်ဆေးဝါးမှု၊ ရေကြောင်း၊ လေကြောင်း ပိုင်နက်၊ သတင်း အချက်အလက် ဖလှယ်ခြင်း စတဲ့ အချက်အလက်တွေမှာ သဘောတူ လက်မှတ်ရေးထိုးဖို့ ဆွေးနွေးပြီး ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ကျော်ညွန့်က ပြော သည်။
စာချွန်လွှာတွင် အကြမ်းဖက် သောင်းကျန်းသူများကိစ္စ ကိုင်တွယ်ခြင်း၊ လုယက်မှုများကို ထိန်းသိမ်းခြင်း၊ နယ်မြေ ခိုလှုံခွင့် ပြုခြင်း၊ နယ်စပ် တရားမဝင် မူးယစ်ဆေးဝါး ကုန်သွယ်မှု လုပ်ကိုင်ခြင်းများကို ကြိုတင် ဖြေရှင်းခြင်း၊ လျှို့ဝှက် ထိန်းသိမ်းခြင်းတို့လည်း ပါဝင် ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
ထို့ပြင် စာချွန်လွှာပါ အချက်အလက်၊ စည်းကမ်းချက်များ အပေါ်တစုံတရာ အငြင်းပွားမှုများ ဖြစ်ပွားလာပါက အင်္ဂလိပ် ဘာသာ စကားဖြင့် အဓိပ္ပာယ်ကို အတည်ပြုကာ ဆုံးဖြတ်ကြရန်လည်း သဘောတူထား ကြသည်ဟု ဆိုသည်။
၂၀၁၃ ခုနှစ် မေလက အိန္ဒိယနိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ အကြား နယ်စပ်ဒေသ ပူးပေါင်း ဆောင်ရွက် နိုင်ရန် နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ စာချွန်လွှာ ပေးပို့ခဲ့ပြီးနောက် နှစ်နိုင်ငံ တာဝန်ရှိသူများက အကြိမ်ကြိမ်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။
ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် မင်းကင်းနှင့် မိတီ္ထလာ မဲဆန္ဒနယ် မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင်နှင့် ဦးဝင်းထိန်တို့ကလည်း စာချွန်လွှာတွင် လက်မှတ် ရေးထိုးမည် ဆိုပါက မြန်မာ- အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ဒေသတွင် နယ်ခြား မှတ်တိုင်များ စိုက်ထူခြင်းကြောင့် တရားမဝင် ကိစ္စရပ်များ လျော့နည်း လာနိုင်သည့်အတွက် အတည်ပြုသင့်ကြောင်း ဆွေးနွေးခဲ့ကြသည်။
နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်နိမိတ်ကြား မွမ်းမံပြင်ဆင်ခြင်း၊ နယ်ခြား မှတ်တိုင်များ အသစ်စိုက် ထူခြင်း၊ မှတ်တိုင်များကို ပြန်လည် ပြင်ဆင်ခြင်းများ ဆောင်ရွက်ရန်အတွက် ငွေကျပ် ၁၀ သန်း ခွင့်ပြုပေးရန် ပြည်ထောင်စု လွှတ် တော် ပုံမှန် အစည်းအဝေးတွင် တောင်းခံထားသည်။
အိန္ဒိယ နယ်စပ် တလျောက်တွင် လက်နက်ကိုင် တပ်ဖွဲ့များစွာ ရှိနေကာ တမူးမြို့နယ် နန့်ဖာလုံဈေးတွင် ကသည်း လက်နက်ကိုင် အဖွဲ့များ၏ ဆက်ကြေး တောင်းခံရမှုများ၊ အိန္ဒိယမှ လာသော ကုန်သည် အကြီးစားများ ထံမှလည်း ငွေကြေး အများအပြား တောင်း ယူခြင်း၊ ပြန်ပေးဆွဲခြင်းများ ပြုလုပ်သည့် အတွက် အရောင်းအဝယ် ပြုလုပ်ရာတွင် အခက်ခဲများ ကြုံတွေ့ရကြောင်း ဈေးဆိုင် ပိုင်ရှင် များက ပြောသည်။
ယင်း ကသည်း သူပုန်များသည် မြန်မာဘက်၌ လာရောက် ခိုလှုံနေသူများလည်း ဖြစ်ပြီး မြန်မာဘက်ရှိ နေအိမ်များကို ဖိအားပေး၍ ငှားရမ်း နေထိုင်ကြကာ ၎င်းတို့ အဖွဲ့အချင်းချင်း ပစ်ခတ်မှုများကြောင့် ကသည်းများ သေဆုံးခဲ့ပါက မြန်မာအစိုးရက အိမ်ရှင်အား တရားစွဲဆို ထောင်ချမှုများ မကြာခဏ ဖြစ်ပွားနေကြောင်းလည်း သိရသည်။
မြန်မာ-အန္ဒိယ နယ်နိမိတ် တိုင်းတာ သတ်မှတ်မှုများကို ဇန်နဝါရီ ၆ ရက်နေ့ နံနက် ၉ နာရီက စတင် ဆောင်ရွက်ကြောင်း ဇန်နဝါရီ ၈ ရက်ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သည်။
နယ်နိမိတ် သတ်မှတ်ခြင်း မလုပ်ရသေးသည့် မှတ်တိုင် ၇၆၊ ၇၈ အနီး၌ အိန္ဒိယနိုင်ငံဘက်မှ ပူးပေါင်းစစ်ဆေးရေးဂိတ် (Integrated Check Post–ICP) အတွက် မြေဖို့ခြင်း၊ မြေတူးခြင်း လုပ်ငန်းများ ဆောင်ရွက်နေသဖြင့် မြန်မာနိုင်ငံဘက်မှ ကန့်ကွက်မှုများ ပြုလုပ် ခဲ့ရာ ဇန်နဝါရီ ၂ ရက်တွင် ရပ်တန့် ပေးခဲ့ကြောင်း၊ ယခုအခါ နှစ်နိုင်ငံ မြေ တိုင်းအဖွဲ့များ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာ-အိန္ဒိယ နယ်နိမိတ် သဘောတူ စာချုပ်ကို ၁၉၆၇ ခုနှစ် မတ် ၁၀ ရက်တွင် ချုပ်ဆိုခဲ့ပြီး ၁၉၆၈-၁၉၆၉ ခုနှစ်တွင် နယ်နိမိတ် တိုင်းတာခြင်းလုပ်ငန်းကို အောင်နိမိတ် စစ်ဆင်ရေးဖြင့် အဆင့် ၇ ဆင့်ခွဲ၍ ဆောင်ရွက်ခဲ့ရာ ၁၉၇၅ ခုနှစ်တွင် ပြီးစီးခဲ့ကြောင်း၊ ထို သို့ နယ်နိမိတ် တိုင်းတာရေး လုပ်ငန်းများ ဆောင်ရွက်စဉ် ကဘော် ချိုင့်ဝှမ်း ဒေသ၌ နယ်နိမိတ် မှတ်တိုင်တချို့ စိုက်ထူရေးတွင် မြေပုံနှင့် မြေပြင်ကွဲလွဲမှုကြောင့် နှစ်ဘက် ညှိနှိုင်းခဲ့သော်လည်း ပြေလည်မှု မရရှိသဖြင့် နယ်နိမိတ် မှတ်တိုင်အမှတ် ၆၆၊ ၇၆၊ ၇၈၊ ၈၉၊ ၉၀၊ ၉၁၊ ၉၂၊ ၉၃ နှင့် ၉၄ တို့ကို စိုက်ထူနိုင်ခြင်း မရှိခဲ့ကြောင်း အစိုးရ ထုတ်ပြန်ချက်၌ ပါရှိသည်။