၂၀၁၃ အတွင်း တရုတ်သို့ ဇနီးမယား အဖြစ် လူကုန်ကူးမှု အများဆုံးဖြစ်ပွား
This article has been converted from Zawgyi One to Unicode
မြန်မာနိုင်ငံမှ ၂၀၁၃ ခုနှစ် အတွင်း လူကုန်ကူးခံရမှုတွင် တရုတ်နိုင်ငံသို့ ဇနီးမယားအဖြစ် လူကုန်ကူး ခံရမှုသည် အများဆုံး ဖြစ် ကြောင်း သိရသည်။
၂၀၁၃ ခုနှစ်အတွင်း လူကုန်ကူးခံရမှု ၁၀၂ မှု တွင် တရုတ်နိုင်ငံသို့ ပို့ဆောင်ပြီး ဇနီးမယား အဖြစ် အဓမ္မ ထိမ်းမြား လက်ထပ်မှု ၅၅ မှု ဖြစ်ပွားခဲ့ကြောင်း၊ လူကုန်ကူးခံရသူ ၆၄၄ ဦးတွင် အမျိုးသား ၂၆၁ ဦးနှင့် အမျိုးသမီး ၃၈၃ ဦး ပါဝင်ကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နှင်းရေး ရဲတပ်ဖွဲ့၏ စာရင်းများ၌ ဖော်ပြထားသည်။
“တရုတ် နိုင်ငံက လူဦးရေ ထိန်းချုပ်ထားတဲ့ အတွက် ယောက်ျားလေးက များပြီး မိန်းကလေးက နည်းတယ်။ အဲဒီတော့ အသက် အရွယ်ကြီးတဲ့ အခါမှာ အိမ်ထောင်ဖက် ရှာရမယ့် အချိန်မှာ ယောက်ျားလေးတွေက များပြီးတော့ မိန်းကလေးတွေက နည်းနေတော့ သူတို့နဲ့ ဆက်စပ်နေတဲ့ ကျနော်တို့နိုင်ငံက အမျိုးသမီးတွေကို ပွဲစားနဲ့ သွင်းတာပေါ့နော်။ မြန်မာနိုင်ငံရဲ့ နယ်စပ်မြို့က အမျိုးသမီး တွေ အဖြစ်များတာပေါ့”ဟု နေပြည်တော် လူကုန်ကူးမှု တားဆီး နှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒု ရဲမှူး မင်းနိုင်က ဧရာဝတီ ကို ပြောသည်။
၂၀၁၃ တွင် မြန်မာနိုင်ငံအတွင်း လူကုန်ကူးခံရမှု အများဆုံး ဒေသကြီးများတွင် ရှမ်းပြည်နယ်သည် လူကုန်ကူးခံရမှု အများဆုံးပြည် နယ် ဖြစ်ပြီး လူကုန်ကူးမှု ဖြစ်စဉ်ပေါင်း ၄၀ ဖြစ်ပွားခဲ့သည်။
ရန်ကုန်တိုင်း ဒေသကြီးတွင် လူကုန်ကူးမှု ဖြစ်စဉ် ၁၈ ခုဖြင့် ဒုတိယ အများဆုံး ဖြစ်ပြီး ပဲခူးတိုင်း ဒေသကြီးတွင် ဖြစ်စဉ် ၁၂ ခုဖြင့် တတိယ အများဆုံး ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လူကုန်ကူးခံရမှု ဖြစ်စဉ်များတွင် အဓမ္မ ထိမ်းမြား လက်ထပ်မှု ၅၅ မှု၊ ပြည့်တန်ဆာ အဖြစ် ခိုင်းစေမှု ၂၄ မှုနှင့် အဓမ္မ အလုပ် ခိုင်းစေ မှု ၂၀ ဖြစ်ပွားခဲ့ပြီး ယင်း ၃ မျိုးစလုံးမှာ လူကုန်ကူးမှု အားလုံး၏ ၉၇ ရာခိုင်နှုန်း ရှိနေသည်ဟု ဆိုသည်။
ပြည်တွင်း၌ လူကုန်ကူးခံရမှု ဖြစ်စဉ်များတွင် ပြည့်တန်ဆာအဖြစ် အဓမ္မ စေခိုင်းမှု ဖြစ်စဉ်မှာ အများဆုံးဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး အတွင်း ဖြစ်ပွားမှု အများဆုံးဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ စာရင်းများ၌ ပါရှိသည်။
“ပြည်တွင်းမှာ နဂိုက လူကုန်ကူးမှု နည်းတယ်။ ဒီနှစ်က မနှစ်ကထက် စာရင် ပိုများလာတယ်။ ပြည်တွင်းမှာက လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုတွေ များတယ်။ ပြည့်တန်ဆာ ပြုခြင်းပေါ့ဗျာ။ တချို့ကောင်မလေးတွေ ဆိုရင် မလုပ်ချင်ဘဲ လုပ်ရတာတွေ ရှိတယ်။ ပြည့် တန်ဆာ အမှုကတော့ အများအားဖြင့် ရန်ကုန်မှာ များတယ်။ ရန်ကုန်မှာ အလုပ်ရမယ်ဆိုပြီး ခေါ်လာ ဒီရောက်တော့ အဲဒါတွေ လုပ် ခိုင်း တာမျိုးပေါ့”ဟု ဒု ရဲမှူး မင်းနိုင်က ပြောသည်။
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ လူကုန်ကူးမှုများလည်း ဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။
ဒု ရဲမှူး မင်းနိုင်က “ထိုင်းဘက်ကျတော့ ပွဲစားတွေက အောက်လမ်းကနေ ခေါ်သွားပြီး ယောက်ျားလေးတွေဆို စက်ရုံ အလုပ်ရုံတွေ ငါးဖမ်း သင်္ဘောပေါ်တွေကို အပို့ခံ ရတယ်။ မိန်း ကလေး တွေဆိုရင် ပြည့်တန်ဆာခန်းတွေ နိုက်ကလပ်တွေ စားသောက်ဆိုင်တွေ ဒါမျိုးနေရာတွေ အပို့ခံ ရတယ်။ အများအားဖြင့် တော့ ယောက်ျားလေးတွေ ထိုင်းကို သွားတာများတော့ လူကုန်ကူးခံရလို့ ပြန်ပို့တဲ့ အရေအတွက်မှာ ယောက်ျားလေးတွေ များနေ တယ်”ဟု ပြောသည်။
မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး နှိမ်နှင်းရေး တပ်ဖွဲ့စုများက လူကုန်ကူးကြသူများအား ပြည်တွင်း၌ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည့် အပြင် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့များနှင့် ပူးပေါင်း ဖမ်းဆီးခဲ့ရာ ၂၀၁၃ ခုနှစ်အတွင်း တရားခံ အမျိုးသား ၁၀၈ ဦးနှင့် အမျိုးသမီး ၂၅၄ ဦး ဖမ်းဆီးအရေးယူ နိုင်ခဲ့ကြောင်း သိရသည်။