ဘုန်းတော်ကြီးသင်၊ သီလရှင်သင် ပညာရေးကျောင်းများမှ အထက်တန်းအဆင့် တက်ရောက်နေသည့် ကျောင်းသား ကျောင်းသူများအား အစိုးရကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း မပြည့်ပါက စာမေးပွဲ ဖြေဆိုခွင့် ပြုမည် မဟုတ်ကြောင်း ပညာရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ဒေါက်တာ ဇော်မင်းအောင်က ပြောကြားလိုက်သည်။
ဇန်နဝါရီ ၁၆ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကျောက်ပန်းတောင်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဇော်မြင့်မောင်၏ မေးမြန်းချက်ကို “တက္ကသိုလ်ဝင်တန်း ကျောင်းသား ကျောင်းသူများသည် ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း ပြည့်မီအောင် ကျောင်းတက်ရောက်ခြင်း မရှိပါက တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာများ တင်သွင်းခြင်းကို ခွင့်မပြုကြောင်း၊ ပထမအကြိမ် ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ ဖြစ်ပါက ပြင်ပဖြေ အဖြစ်လည်း ခွင့်ပြုမည် မဟုတ်ကြောင်း ဖော်ပြသတ်မှတ်ထားပြီး ဖြစ်ပါတယ်”ဟု ဒေါက်တာ ဇော်မင်းအောင် က ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။
လက်ရှိ ပညာရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ခွင့် လျှောက်လွှာများ တင်သွင်းခြင်းနှင့် လက်ခံခြင်း လမ်းညွှန်ချက် စာအုပ် စာမျက်နှာ ၄ အပိုဒ် ၉ တွင် ဖော်ပြချက်အတိုင်း တက္ကသိုလ် ဝင်တန်း ကျောင်းသား ကျောင်း သူများသည် ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း ပြည့်မီသည်အထိ ကျောင်းမတက်ပါက ဖြေဆိုခွင့် လျှောက်လွှာ တင်သွင်းခွင့် မပြုသကဲ့ သို့ ပြင်ပဖြေ အဖြစ်လည်း ခွင့်ပြုထားခြင်း မရှိပေ။
သို့သော် အစိုးရက ဖွင့်လှစ်ခွင့် ပြုထားသည့် ပုဂ္ဂလိက ကိုယ်ပိုင် ပညာသင်ကျောင်းများတွင် တက်ရောက် နေကြသည့် အထက် တန်း အဆင့် ကျောင်းသူ ကျောင်းသားများသည် အစိုးရ ကျောင်းများသို့ သွားရောက်ကာ ကျောင်းမတက်ကြတော့ဘဲ ကိုယ်ပိုင် ပညာသင် ကျောင်းများ၌သာ ကျောင်းခေါ်ချိန် အပြည့်တက်ပါက အစိုးရ စာမေးပွဲ ဖြေဆိုခွင့် ရရှိကြသည်။
ထို့အပြင် ဆင်းရဲနွမ်းပါးသည့် ကလေးသူငယ်များ၊ မိဘမဲ့ ကလေးများနှင့် ကိုရင်၊ သီလရှင် အများဆုံး တက်ရောက် ရသည့် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများကိုလည်း အစိုးရ ကျောင်းများနည်းတူ အထက်တန်းအဆင့် ပညာရေး သင်ကြားခွင့် ပေး ရန် သာသနာရေး ဝန်ကြီးဌာနက တောင်းဆိုခဲ့သော်လည်း ၁၉၉၆ ခုနှစ် ယခင် ပညာရေး ကော်မတီက ချမှတ်ထားခဲ့သည့် မူအတိုင်းသာ ဆက်လက် ဆောင်ရွက်မည်ဟု ဒေါက်တာ ဇော်မင်းအောင်က ပြောသည်။
ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများရှိ ဒသမတန်း ကျောင်းသားများ ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုခွင့်နှင့် ပတ်သက်၍ လွှတ်တော်တွင် မေးမြန်းခဲ့သူ ဒေါက်တာ ဇော်မြင့်မောင်က “သူတို့က အလွယ်တကူ ဖြေလိုက်တာပဲ။ ကျူရှင်မနေနိုင်လို့ ကျောင်းမတက်နိုင်လို့ ဘုန်းတော်ကြီးသင်ကျောင်းတွေမှာ တက်နေရတဲ့သူတွေအတွက် လုပ်ပေးသင့်တယ်။ အဲဒီလို ကျောင်းတွေမှာ လည်း တကယ်တော်တဲ့ သူတွေ အများကြီး ရှိနေတာ။ ပညာရေး ဝန်ကြီးဌာနက အခုအချိန် အထိ အရင်မူဝါဒကိုပဲ အသေဆုပ်ကိုင် ထားနေတုန်းပဲ”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ကျောင်းများတွင်လည်း ပညာရေး လိုလားသူ၊ ဉာဏ်ထက်မြက်သူ ကျောင်းသား ကျောင်းသူများနှင့် အတွေ့အကြုံ ပြည့်ဝ သည့် ဆရာ၊ ဆရာမများစွာလည်း ရှိနေခြင်းကြောင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ အတွက် ပညာရေးမူဝါဒ တခုကို စဉ်းစားသင့်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
“မူဝါဒတွေ၊ စနစ်တွေကို ပြောင်းပြီး ကလေးတွေအတွက် လမ်းဖွင့်ပေး စေချင်တယ်။ စိတ်ဓာတ် မြှင့်ပေးရာလည်း ရောက်တာပေါ့”ဟု ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ် ရွှေကျင်(ဂျား)ကျောင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာတော် ဘန္ဒတ္တ ပညာဝရက ဧရာဝတီသို့ မိန့်သည်။
အလယ်တန်း ပြီးသူများကိုလည်း အစိုးရ အထက်တန်းကျောင်းတွင် ဆက်လက် ပညာသင်နိုင်ရန် ဘုန်းတော်ကြီး ကျောင်းက စာအုပ်၊ စာတမ်း၊ ကျောင်းလခ အပါအဝင် စရိတ်အားလုံး တာဝန်ယူကာ ကျောင်းထားပေးသော်လည်း တချို့ သင်္ကန်းဝတ် ကျောင်း သားလေးများသည် အလယ်တန်းမှ အထက်တန်းအဆင့် ကူးပြောင်းကာလတွင် ကျောင်းဆက်တက်ရန် အတွက် လူဝတ်လဲရသဖြင့် အထက်တန်း ပညာရေးကို ဆက်လက် မတက်ရောက်သူ များနေကြောင်းလည်း ဆရာတော်က မိန့်ဆိုသည်။
ရွှေကျင်(ဂျား)ကျောင်း ပရိယတ္တိ စာသင်တိုက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် အခြေခံပညာ အလယ်တန်း အဆင့်အထိ သင်ကြားနေသော မိဘမဲ့ကလေး၊ ဆင်းရဲနွမ်းပါးသော ကလေးများ အပါအဝင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၅၀ ကျော်ရှိသည်။
ယမန်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင်လည်း သာသနာရေး ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးမောင်မောင်ခင်က ဘုန်းတော်ကြီးသင်၊ သီလရှင်သင် ပညာရေး ကျောင်းများကို အဆင့်မြှင့်တင်ပေးရန် လိုအပ်သည်ဟု ပြောခဲ့သေးသည်။
သာသနာရေး ဝန်ကြီးဌာန၏ စာရင်းဇယားများအရ နိုင်ငံတဝန်းတွင် ဘုန်းတော်ကြီးသင်၊ သီလရှင်သင် ပညာရေး ကျောင်းများ၏ အရေအတွက်မှာ ၁၅၇၉ ကျောင်း ရှိနေပြီ ဖြစ်သော်လည်း အဆိုပါ ကျောင်းအားလုံးမှာ မူလတန်းနှင့် အလယ်တန်းအဆင့် ပညာရေး ကိုသာ သင်ကြားခွင့်ရကြပြီး အထက်တန်းအဆင့် တက်ရောက်ရမည် ဆိုပါက ကျောင်းများမှ ဦးစီးသူ ဆရာတော်၊ သီလရှင်ကြီးများက နီးစပ်ရာ ကျောင်းများတွင် တာဝန်ယူ အပ်နှံပေးရကြောင်း သိရသည်။
မန္တလေးမြို့ရှိ တွဲဖက်အခြေခံပညာ အထက်တန်းကျောင်း (ဖောင်တော်ဦး) နှင့် မဟာဝိဇယရံသီ (စလေ) ကျောင်း တို့ကို အထက်တန်း အဆင့် ပညာရေး သင်ကြားရန် ပညာရေး ဝန်ကြီးဌာနက ခွင့်ပြုထားသည်။