Crime

မောင်တော ပဋိပက္ခ စုံစမ်းရန် နိုင်ငံတကာ တောင်းဆို

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် အာဏာပိုင်များပါဝင်သော လူစုလူဝေး ဖြင့် တိုက်ခိုက်မှုကြောင့် မွတ်စလင်များ သေဆုံးခဲ့သည်ဆိုသော သတင်းကြောင့် ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်နိုင်ငံတို့က  မြန်မာအစိုးရအနေဖြင့် စုံစမ်းစစ်ဆေးပေးရန် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

ဇန်နဝါရီလ ၁၃ ရက်နေ့ ညပိုင်းတွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ  မွတ်စလင် အများစု နေထိုင် သော ဒုချီးရာတန်း ကျေးရွာသို့ အာဏာပိုင်များ လာရောက်ပြီး မိုဘိုင်းလ်ဖုန်းများ သိမ်းယူခြင်း၊ အိမ်ထောင်စု လူဦးရေ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းသို့ ဆောင်ရွက်မှုကို မကျေနပ် သော မွတ်စလင်များက လူစုလူဝေးဖြင့် တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ပြီး အာဏာပိုင်များနှင့် မွတ်စလင်များ အကြား ပဋိပက္ခများဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် ရဲတပ်ကြပ်ကြီး တဦး ပျောက်ဆုံးခဲ့ပြီး ဇန်နဝါရီလ ၁၄ ရက်နေ့ မနက်စောပိုင်းတွင် ပျောက်ဆုံးသွားသော ရဲတပ်ကြပ် တဦးကို ရှာဖွေရန် စစ်သားများ၊ ရဲများနှင့် ဒေသခံ ရခိုင်တိုင်းရင်းသားများပါဝင်သော လူစုလူဝေးက ဒုချီးရာတန်း ကျေးရွာသို့ ပြန်လည်ရောက်ရှိလာပြီး  ရွာသူရွာသားများကို တိုက်ခိုက်ကာ ပစ္စည်းများ သိမ်းယူခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း ကလေးများ၊ အမျိုးသမီးများအပါအဝင် လူသေဆုံးသည်ဟု ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တခုဖြစ်သော Arakan Project က ထုတ်ပြန်သည်။

အမေရိကန်ပြည်ထောင်စုက မောင်တောပဋိပက္ခ ဖြစ်စဉ်နှင့်ပတ်သက်ပြီး မြန်မာအစိုးရအနေဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တောင်းဆိုလိုက်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားကလည်း လိုအပ်သော အရေးယူ စုံစမ်းမှုများချက်ချင်းဆောင်ရွက်ရန် တောင်းဆို လိုက်ကြသည်။

” အမေရိကန်ပြည်ထောင်စုအနေနဲ့ ရခိုင်ပြည်နယ်မှာ အာဏာပိုင်တွေ ပါဝင်တဲ့ နှိပ်စက်ညှဉ်းပန်း မတရားပြုကျင့်မှု သတင်းတွေနဲ့ ပတ်သက်လို့ အလွန်အမင်း စိုးရိမ်ပါတယ်´´ ဟု ရန်ကုန်အခြေစိုက် အမေရိကန်သံရုံး၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြသည်။

မြန်မာနိုင်ငံ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားက “သေဆုံး၊ ဒဏ်ရာမှုတွေ ဖြစ်တယ်ဆိုရင် မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာ ဥပဒေတွေအောက်မှာ သမာသမတ်ကျတဲ့ ထိရောက် လျှင်မြန်တဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီး ပြစ်မှုကျူးလွန်သူတွေကို အရေးယူပါ။ လျှင်မြန်ပြီး ပွင့်လင်းတဲ့ အရေးယူမှုတွေက နောက်ထပ် ပဋိပက္ခတွေ မဖြစ်ဖို့ တားဆီးနိုင်ပါလိမ့်မယ်” ဟု ဆိုသည်။

သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်၊ ရခိုင်ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က မွတ်စလင်များ အသတ်ခံရသည်ဆိုသော မောင်တောပဋိပက္ခဖြစ်စဉ်နှင့်ပတ်သက်၍ ငြင်းဆိုလိုက်ပြီး ယင်းသတင်းကို ရေးသားဖော်ပြခဲ့သော အေပီနှင့် ဧရာဝတီ သတင်းဌာနတို့၏ သတင်းရေးသားချက်များ မှားယွင်းကြောင်း အစိုးရပိုင် သတင်းဌာနများတဆင့် တုံ့ပြန်ရေးသားခဲ့သည်။

ယမန်နေ့က ဧရာဝတီ သတင်းဌာန အင်္ဂလိပ်ပိုင်းအနေဖြင့် Arakan Project က ထုတ်ပြန်ချက်ကို သတင်းရေးသား ပေးပို့ခြင်းဖြစ်ပြီး ယင်းသတင်းအပေါ် ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်၊ ရခိုင်ပြည်နယ်အစိုးရ ဦးဝင်းမြိုင်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မွတ်ဆလင် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးမင်းနှင့် ဦးရွှေမောင်တို့၏ သဘောထားအမြင်များကိုလည်း ထည့်သွင်းဖော်ပြခဲ့သည်။

ဦးရဲထွဋ်က သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး သတင်းများ မရရှိကြောင်း၊ ရဲတပ်ကြပ် ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ပြောကြားပြီး ဦးဝင်းမြိုင်ကလည်း ပျောက်ဆုံးဆဲ ရဲတပ်ကြပ်ကို မွတ်ဆလင် ၈၀ ခန့်က “တိုက်ခိုက်”ခဲ့ကြောင်း ပြောသည်။ သို့သော် မည်သည့်အတွက် တိုက်ခိုက်ကြသည်နှင့် နောက်ဆက်တွဲ ဖြစ်ရပ်များအကြောင်း မပြောဆိုပေ။

ဦးအောင်မျိုးမင်းကမူ  ဒုချီးရာတန်းရွာသို့ ၎င်းနှင့် အစိုးရအရာရှိများ ရောက်သွားရာ လူအိုများနှင့် အမျိုးသမီး အချို့သာ မြင်ခဲ့ရကြောင်း၊ ရွာမှာ ခြောက်ကပ်နေကြောင်း၊ သို့သော် ပဋိပက္ခဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ အချိန်မရသဖြင့် ရွာခံများကို မမေးမြန်းခဲ့ရကြောင်း၊ သေဆုံး ဒဏ်ရာရသူများကို မမြင်ခဲ့ရကြောင်း ဆိုသည်။

ဦးရွှေမောင်ကလည်း ပဋိပက္ခသတင်းကို ကြားကြောင်း၊ လူအများအပြား ပျောက်နေကြောင်း၊ ဒုချီးရာတန်းရွာတွင် လုံခြုံရေးတပ်ဖွဲ့ ရာချီပြီး တပ်စွဲထားကြောင်း ဆိုသည်။

လန်ဒန်အခြေစိုက် ဘီဘီစီ မြန်မာသတင်းဌာနကမူ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒူချီရာတန်း အလယ် ကျေးရွာတွင် ပျောက်ဆုံးသွားသော ရဲတပ်ကြပ်ကို ရှာဖွေနေရာ အာဏာပိုင်များက ရွာသား ၈၀ ကျော်ကို ဖမ်းဆီးထားသည်ဟု ရခိုင်ပြည်နယ်အစိုးရ ပြောခွင့်ရသူကို ကိုးကားပြီး သတင်းဖော်ပြပြီး ယင်းသို့ ဝင်ရောက် ရှာဖွေစဉ် ရဲများ၏ အကြမ်းဖက်မှုကြောင့် ရွာသား ၇ ဦး သေဆုံးခဲ့ရသည်ဟု ဗြိတိန်အခြေစိုက် ရိုဟင်ဂျာ အစည်းအရုံးက ထုတ်ပြန်ထားကြောင်း သတင်းရေးသားဖော်ပြသည်။

ဧရာဝတီသတင်းဌာနအနေဖြင့်မူ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဖြစ်ပွားသည်ဆိုသော သတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး အသေးစိတ် အတည်ပြု နိုင်ခြင်း မရှိသေးပါ။

ယခု သတင်းသည် ၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌ ရာထူးကို မြန်မာနိုင်ငံက စတင်ထမ်းဆောင်ပြီး ပုဂံတွင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ကျင်းပချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

အစည်းအဝေး တက်ရောက်လာသော အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော လူမျိုးရေး ပဋိပက္ခများသည် မြန်မာနိုင်ငံ ပြင်ပထိ ရိုက်ခတ်ကြောင်း၊ အင်ဒိုနီးရှားရှိ အစွန်းရောက်များက ယင်းအပေါ် ခုတုံးလုပ်လာကြကြောင်း ဧရာဝတီသို့ ပြောဆိုသည်။

ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ကမူ “ဘင်္ဂါလီ အရေးဟာ ကျနော်တို့ရဲ့ ပြည်တွင်းရေးသာ ဖြစ်တယ်။ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ တောင်းဆိုလာခဲ့ရင်တောင် အာဆီယံ ဆွေးနွေးပွဲတွေမှာ ဒီကိစ္စ မဆွေးနွေးပါဘူး” ဟု ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များကြောင့် လူပေါင်း ၁၉၂ ဦး သေဆုံးခဲ့ပြီး ၂၆၅ ဦး ဒဏ်ရာရရှိခဲ့ကာ  နေအိမ်ပေါင်း ၈၆၁၄ ဆုံးရှုံးခဲ့ရသည်ဟု ရခိုင်ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading