ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် မုန်းဒိန်ပါရွာအနီး နမ့်လင်းပါရွာတွင် မြှုပ်နှံထားသော အလောင်း ၆ လောင်းကို တွေ့ရှိခဲ့ရသည်ဟု ကချင်ဒုက္ခသည် ကူညီပေးရေး အဖွဲ့တဖွဲ့က ဆိုသည်။
လွန်ခဲ့သည့် ၃ လခန့်က မန်စီမြို့နယ် မုန်းဒိန်ပါ ကျေးရွာအနီး နမ့်လင်းပါရွာ၌ ဝင်ရောက် စီးနင်းခဲ့သည့် အစိုးရတပ်၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည့် အလောင်း ၆ လောင်း ဖြစ်သည်ဟု ယူဆရကြောင်း အထက်ပါ ကူညီပေးရေး အဖွဲ့က ပြောသည်။
ဒေသတွင်း ဒုက္ခသည် ကူညီပေးရေးအဖွဲ့ တခုဖြစ်သည့် ဝင်ဘောင်နင်ထွဲ ခေါ် ကချင်လူမျိုးများ အတွက် အလင်းရောင် (Wunpawng Ninghtoi/ WPN) အမည်ရသည့် ယင်းအဖွဲ့မှ နမ့်လင်းပါ အိုင်ဒီပီ စခန်းသို့ သွားရောက်ခဲ့ရာတွင် ယင်းသို့ မြှုပ်နှံထားသည့် အလောင်းများကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“အသတ်ခံရတဲ့ အထဲမှာ စိတ်မနှံ့တဲ့ လူတွေ ပါတယ်လို့ ကျမတို့ သိရတယ်။ အဲဒီလူတွေက တခြားလူတွေ ထွက်ပြေးတုန်းက သူတို့လည်း လိုက်ပြီး ပြေးရမယ်ဆိုတာ မသိတဲ့လူတွေ” ဟု WPN အဖွဲ့မှ မမေရီတမ်က ဧရာဝတီသို့ ပြောသည်။
ဒေသခံများက သေဆုံးသူ ၆ ဦးသည် အစိုးရတပ်များ၏ သတ်ဖြတ်ခြင်း ခံခဲ့ရသည်ဟု ပြောဆိုခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
နမ့်လင်းပါ ဒုက္ခသည် စခန်းမှ စစ်ဘေးရှောင် ဒုက္ခသည် အများအပြားသည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက အစိုးရတပ်နှင့် ကေအိုင်အေ တပ်များ မုန်းဒိန်ပါရွာ၌ တိုက်ပွဲ ဖြစ်ပွားစဉ် အနီးအနားရှိ ဗန်းမော်မြို့နှင့် တခြားဒေသများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည်။
အစိုးရတပ်ရင်း ၄ ရင်းခန့် အဆိုပါ နေရာသို့ ပြောင်းရွှေ့နေရာယူခဲ့ပြီး မုန်းဒိန်ပါနှင့် အနီးအနား ကျေးရွာများမှ ရွာသူ ရွာသားများသည် စစ်ဘေးရှောင် ဒုက္ခသည် စခန်းများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
ဒီဇင်ဘာ ၂၈ ရက်က အစိုးရတပ်များ နမ့်လင်းပါရွာမှ ဆုတ်ခွာသွားပြီဟု သတင်းကြားရပြီးနောက် ထိုနေရာသို့ အကူညီပေးရေး အဖွဲ့ဝင်များ သွားရောက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ သို့သော် စစ်ဘေးရှောင် ဒုက္ခသည်များမှာ အစိုးရ (သို့မဟုတ်) ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ထိန်းချုပ်ရာ နေရာများရှိ စခန်းများတွင် ဆက်လက် နေထိုင ်နေကြရဆဲ ဖြစ်သည်။
KIA ထိန်းချုပ်သည့် ဒေသတွင်းရှိ အိုင်ဒီပီ စခန်း ၃ ခုနှင့် အစိုးရ ထိန်းချုပ်ရာ မိုင်းဝင်းကြီးရှိ ဘုရားကျောင်းများတွင် နမ့်လင်းပါ ရွာနှင့် မုန်ဒိန်းပါရွာ တဝိုက်မှ ထွက်ပြေးလာသော ဒုက္ခသည် ၂၀၀၀ နီးပါး နေထိုင်နေကြောင်း သိရသည်။
နမ့်လင်းပါ စခန်းမှ သက်ကြီးရွာသားများသည် ထွက်မပြေးနိုင်ဘဲ စခန်းအပြင်ဘက်တွင် ဖြစ်သလို တဲထိုး နေနေကြရသည်ဟု မမေရီတမ်က ဆိုသည်။
“ကျမတို့အဖွဲ့က လမ်းမလျှောက်နိုင်တဲ့ မသန်စွမ်း လူကြီး ၁၀၀ လောက်ကို သွားတွေ့တာ။ သူတို့က သူများတွေ ပြေးတုန်း ကလို လိုက်မပြေးနိုင်တာရယ်၊ တချို့ကလည်း သူတို့ရွာကနေ မစွန့်ခွာ ချင်တာရယ်ကြောင့် ရွာအပြင်မှာပဲ ဖြစ်သလို နေနေကြရတယ်” ဟု ၎င်းက ပြောသည်။
သေဆုံးသွားသူ ၆ ယောက်ကို အစိုးရ စစ်သားများက သတ်ဖြတ်ခဲ့သည် ဆိုကြောင်းကို ကျန်ရစ်နေကြသည့် သက်ကြီး ရွာသားများက ပြောဆိုသဖြင့် သိရှိရကြောင်း မမေရီတမ်က ဆိုသည်။
ယင်းအပြင် နမ့်လင်းပါ ရွာထဲရှိ အိမ်တအိမ်သည် လက်နက်ကြီး ထိမှန်ကျခဲ့သည့် အတွက် ပျက်စီးခဲ့ကြောင်း၊ စစ်ဘေးရှောင် ကလေးများ နေခဲ့သော ဘော်ဒါဆောင်သည်လည်း အစိုးရတပ်များ၏ ဖျက်ဆီးခြင်းကို ခံခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။
မုန်းဒိန်ပါရွာတွင် အစိုးရတပ်နှင့် ကေအိုင်အေ တပ်များ အကြား တင်းမာမှုများ ဆက်ရှိနေဆဲဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်တွင် နှစ်ဘက် ပစ်ခတ်မှုများ ရှိခဲ့ကြောင်း သိရသည်။
ဗန်းမော်မြို့ အခြေစိုက် ကရုဏာ မြန်မာ လူမှုကူညီရေး အဖွဲ့၏ ဒါရိုက်တာ ကိုနော်ဒင်းက ဒုက္ခသည်များ နေရပ် ပြန်နိုင် ရေးအတွက် လုံခြုံစိတ်ချရသည့် အနေအထား မရှိသေးကြောင်း ဧရာဝတီကို ပြောသည်။
“သူတို့ ရွာတွေကို ပြန်ဖို့ အတွက်က ဘာလုံခြုံရေးမှကို မရှိတာ။ သူတို့တတွေ စိတ်ချလက်ချ အိမ်ပြန်နိုင်ဖို့က အခု ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအပေါ်မှာ မူတည်တယ်။ ပြန်မယ်ဆို ရွာထဲရော၊ ရွာပြင်ပါ လုံခြုံမှုမရှိဘူး။ နှစ်ဘက်တပ်တွေက နေရာယူခဲ့တာ ဆိုတော့ သူတို့က မိုင်းထောင်ထားလေ့ ရှိတာ။ မိုင်းအန္တရာယ် ရှိတယ်” ဟု ၎င်းက ဆိုသည်။
အအေးဓာတ် ကဲသည့် ဆောင်းရာသီတွင် စစ်ဘေးရှောင် ဒုက္ခသည်များသည် ယာယီတဲများတွင် ခိုလှုံနေကြရကြောင်းကို ကိုနော်ဒင်းက “ဗန်းမော်၊ မန်စီနဲ့ မိုးမောက် မြို့ပေါ်က စခန်းတွေမှာ နေနေတဲ့ လူတွေအတွက်က သိပ်တော့ အခြေအနေ မဆိုးဘူး။ ဒါပေမယ့် အစိုးရ ထိန်းချုပ်တဲ့ နေရာပြင်ပ တရုတ်နယ်စပ် တလျှောက် စခန်းတွေမှာဆို အကူညီတွေက ပိုလိုမှာ။ ဒီနှစ်ဆောင်းက အရင်နှစ်တွေကထက် ပိုအေးတော့လေ” ဟု ပြောသည်။
ဗန်းမော် ခရိုင်အတွင်း ဒုက္ခသည် ၅ သောင်းခန့်မှာ ဒေသတွင်း NGO များ အပါအဝင် နိုင်ငံတကာ NGO များ၏ ထောက်ပံ့မှုကို ရရှိကြောင်း သိရသည်။ ဒုက္ခသည်များ အတွက် အိမ်သာ၊ ရေချိုးရန် နေရာနှင့် ရေတိုင်ကီများ တည်ဆောက် ပေးထား သော်လည်း လူဦးရေ များပြားလွန်းသည့် အတွက် မလုံလောက်မှုများ ရှိနေကြောင်း WPN အဖွဲ့က ပြောသည်။
အခြေခံ လိုအပ်ချက်များ ဖြစ်သည့် ထင်း၊ အဝတ်အထည်၊ ဆေးဝါးနှင့် နေစရာများ လိုအပ်နေပြီး ကလေးများ အတွက် ပညာရေး၊ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့နှင့် ဝင်ငွေ ဖန်တီးနိုင်ခွင့် အခွင့်အလမ်းများ လိုအပ်နေကြောင်း သိရသည်။
အစိုးရနှင့် KIA အကြား ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲထားမှု ပျက်ပြယ်ပြီး နောက်ပိုင်းတွင် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။ နှစ်ဘက် စလုံးမှ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အတွက် မနှစ်ကတည်းက တွေ့ဆုံခဲ့ကြပြီး တိုက်ပွဲများ လျော့ကျရန် သဘောတူညီ ထားကြောင်း သိရသည်။