ပြည်ထောင်စု လွှတ်တော် နာယကနှင့် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ တိုင်းရင်းသား တန်းတူ အခွင့်အရေး ရရှိဖို့ အတွက် စနစ်တကျ ဆောင်ရွက်ပေးဖို့ လွှတ်တော်မှာ တာဝန်ရှိကြောင်း ပြောဆိုလိုက် ပါတယ်။
ဦးရွှေမန်းက ဇန်နဝါရီ ၁၃ ရက်က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ပြောဆိုခဲ့တာ ဖြစ်ပြီး ဘယ်လို တန်းတူ အခွင့်အရေး ဆိုတာကို အဓိပ္ပာယ် ဖွင့်ဆိုခြင်း မရှိခဲ့ပါဘူး။ ဦးရွှေမန်းက လက်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး(ကြံ့ခိုင်ရေး) ပါတီရဲ့ ဥက္ကဋ္ဌ တာဝန် ယူထားသူလည်း ဖြစ်ပါတယ်။
သမ္မတ ဦးသိန်းစိန်ကလည်း တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတိုင်း ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး တို့ကို အလေးထား ဆောင်ရွက်နေတာဖြစ်လို့ တိုင်းရင်းသား တန်းတူညီမျှရေးကို အလေးထား လုပ်ဆောင်ဖို့ လိုတယ် လို့ မကြာခဏ ပြောလေ့ ရှိပါတယ်။
ဒါပေမယ့် တိုင်းရင်းသားတွေ အမှန်တကယ် လိုလားတဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ပုံစံအတိုင်း ရရှိအောင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတိုင်း ပြောဆိုနေရင် ဘာမှထူးခြားတဲ့ အခွင့်အရေး ရလာမှာ မဟုတ်ဘဲ အပြောသက်သက်သာ ဖြစ်တယ်လို့ ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) တွဲဖက် အတွင်းရေးမှူး ဦးစိုင်းလိတ်က ဧရာဝတီကို ပြောပါတယ်။
“တိုင်းရင်းသားတွေ ပြောတဲ့ တန်းတူရေးက ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဒေသထွက် သယံဇာတတွေကို ကိုယ်ပိုင် စီမံခန့်ခွဲခွင့်၊ ပြည်နယ် တွေမှာ ကိုယ်ပိုင် စစ်တပ်တွေ ထားရှိဖို့ ဆိုတဲ့ အဓိက ၃ ချက်ပါ”လို့ ၎င်းက ပြောပြပါတယ်။
မကြာသေးခင်က ပြုလုပ်တဲ့ ကြံ့ခိုင်ရေး ပါတီ အစည်းအဝေးမှာ၂၀၀၈ ဖွဲ့စည်းပုံထဲက အချက်တချို့ ပြင်ဆင်ရေးနဲ့ တိုင်းရင်းသား အခွင့်အရေး ရရှိဖို့ အချက်တချို့ကို ဆောင်ရွက်ပေးဖို့ သဘောတူခဲ့ကြတယ်လို့ ကြံ့ခိုင်ရေး ပါတီ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဧရာဝတီကို ပြောပါတယ်။
“တိုင်းရင်းသား အခွင့်အရေးနဲ့ ပတ်သက်လို့ အသေးစား စီးပွားရေး လုပ်ငန်းတွေ၊ ကမ်းနီး ငါးဖမ်းခွင့်၊ ပြည်နယ် တိုင်း ဝန်ကြီးချုပ် တွေကို သက်ဆိုင်ရာ လွှတ်တော်က ရွေးချယ်ခွင့်တွေ ပေးဖို့ ကျနော်တို့ပါတီ အစည်းအဝေးက သဘောတူ ခဲ့ကြပါတယ်၊ အရင်က ဘာမှ မရခဲ့တာနဲ့စာရင် အများကြီး လုပ်ပိုင်ခွင့်တွေ ရတော့မှာပေါ့”လို့လည်း ဦးလှဆွေ က ဆိုပါတယ်။
အဲဒီ အပြင် ပြည်နယ်၊ တိုင်း အစိုးရတွေကို ဗီဒီယို ထုတ်လုပ်ခွင့် ပေးဖို့ ကြံ့ခိုင်ရေး ပါတီက ဆုံးဖြတ်ခဲ့ကြတယ်လို့ ၎င်းက ပြောပါ သေး တယ်။
“ဥပမာ-ကချင် ဇာတ်ကားရိုက်မယ် ဆိုရင် ကချင်ပြည်နယ် အစိုးရဆီမှာပဲ လျှောက်ထား ရတော့မယ်၊ အရင်က ဗဟို အစိုးရဆီမှာ လျှောက်ရတယ်၊ တိုင်းရင်းသားတိုင်း ကိုယ့်ဘာသာ စကားနဲ့ ထုတ်လုပ်ခွင့်၊ ဖြန့်ချိခွင့် ရမှာပေါ့”လို့ ဦးလှဆွေက ဆိုတယ်။
တိုင်းရင်းသား တန်းတူရေး အတွက် ကိုယ်ပိုင် ပြဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်နဲ့ သဘာ၀ သယံဇာတ ခွဲဝေသုံးစွဲခွင့်၊ ဗဟိုချုပ်ကိုင် မှု လျှော့ချပြီး ပြည်နယ်၊ တိုင်းဒေသ အစိုးရတွေကို လုပ်ပိုင်ခွင့် အာဏာာ ခွဲဝေပေးရေး စတဲ့ အချက်တွေကို အပြည့်အ၀ ရနိုင်ဖို့ ဆိုရင် တိုင်းရင်းသား အားလုံး ပါဝင်တဲ့ လွှတ်တော် ပြင်ပ နိုင်ငံရေး ဆွေးနွေးပွဲကြီး တခု လုပ်ဆောင်နိုင်မှသာ အဆင်ပြေနိုင်မှာ ဖြစ် တယ်လို့ တိုင်းရင်းသား ခေါင်းဆောင်တွေက ပြောကြပါတယ်။
မွန် ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုး က“စစ်တပ်မှာရော လွှတ်တော်နဲ့ အစိုးရအဖွဲ့ထဲမှာပါ တန်းတူရေးကိုမဖြစ်စေချင်တဲ့ ခေတ်နောက်ပြန်ဆွဲနေသူတွေ အများကြီး တွေ့နေ ရပါသေးတယ်၊ တန်းတူရေး ကိစ္စဟာ လွှတ်တော်ထဲမှာ အကြိတ်အနယ် ဆွေးနွေးရမယ့် အနေအထား ရှိသေးတော့ ဘယ်လို ဖြစ် လာမယ် ဆိုတာက အတိအကျ ပြောဖို့ ခက်ပါသေးတယ်”လို့ ပြောပါတယ်။
တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ အချက်တွေထဲမှာ ပြည်နယ်၊ တိုင်းဒေသ ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာ ပြည်နယ်၊ တိုင်း ဒေသ လွှတ်တော်တွေက ရွေးကောက် တင်မြှောက်တာ အပြင် ပြည်နယ်တွေမှာ အနိုင်ရတဲ့ပါတီက ဦးဆောင် အစိုးရ ဖွဲ့စည်းခွင့် ရရှိရေးလည်း ပါဝင်နေပါတယ်။ လက်ရှိမှာတော့ ဝန်ကြီးချုပ်တွေကို သမ္မတ ကိုယ်တိုင် ရွေးချယ် ခန့်အပ်ရတာ ဖြစ်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ တိုင်းရင်းသား တန်းတူရေး ဆိုင်ရာကို မကြာခဏ ပြော ဆို ဆွေးနွေးလေ့ ရှိပါတယ်။ ဒါပေမယ့် တိုင်းရင်းသားများ လိုအပ်ချက် တန်းတူရေးနဲ့ အစိုးရ ပြောတဲ့ တန်းတူရေး အချက်တွေက ကွာခြားမှု ရှိတာကြောင့် တချို့ တွေကို ညှိနှိုင်းဆွေးနွေးနေတာ ဒီနေ့အထိ အောင်မြင်မှု မရှိသေးဘူးလို့ သိရပါတယ်။
၂၀၁၂ ခုနှစ် ဇူလိုင်လ အစည်းအဝေးမှာ ကြံ့ခိုင်ရေး ပါတီ ကွတ်ခိုင် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် က “တိုင်းရင်းသား လူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေတရပ် ပြဌာန်းရေး” အဆိုကို တင်သွင်းခဲ့ ပါတယ်။
ဦးတီခွန်မြတ်ရဲ့ အဆိုဟာ တိုင်းရင်းသား လူမျိုးတွေရဲ့ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုတို့ကို အဓိက အခြေခံ တင်သွင်းထားခြင်း ဖြစ်တဲ့အတွက် တန်းတူညီမျှရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့်၊ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့် စတာတွေနဲ့ ပတ်သက်တဲ့ အချက်အလက် တွေ ပါဝင်ခြင်း မရှိသေးကြောင်း တိုင်းရင်းသား ကိုယ်စားလှယ်တွေက ဝေဖန် ပြောဆိုကြပါတယ်။
တိုင်းရင်းသား တန်းတူရေး ဥပဒေမူကြမ်း တခုကို လွှတ်တော်က ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ ထုတ်ပြန်ခဲ့ ပါတယ်။ အဲဒီ ဥပဒေ မူကြမ်းမှာ တိုင်းရင်းသား အရေးတွေကို ဆောင်ရွက်ပေးနိုင်မယ့် ပြည်ထောင်စု အဆင့်ရှိ တိုင်းရင်းသား လူမျိုးများ ရေးရာ ဝန်ကြီးဌာန တခုကို ဖွဲ့စည်းပြီး ဝန်ကြီး တဦး ထားရှိဖို့ ပါဝင်ပါတယ်။ အဲဒီ ဝန်ကြီးကို တိုင်းရင်းသား လူမျိုးတွေရဲ့ လူမှုကိစ္စတွေ တာဝန်ယူ ဖြေရှင်းပေးဖို့ လုပ်ပိုင်ခွင့်ထဲမှာ ထည့်သွင်း တာဝန် ပေးထားပါတယ်။
“ဒီ ဥပဒေကြမ်းမှာ တိုင်းရင်းသား စာပေကို ကျောင်းချိန် ပြင်ပမှာပဲ သင်ရမယ်လို့ ပါတယ်၊ ဒါဟာ ကျနော်တို့ စာပေကို အလေး မထားတဲ့ သဘောပဲ၊ ဒီအချက်ကို ကျနော် ကန့်ကွက်သွားမှာပါ”လို့ ဒေါက်တာ ဗညာအောင်မိုးက ဆိုပါတယ်။
ဥပဒေကြမ်းရဲ့ တိုင်းရင်းသား လူမျိုးတွေကို ဖော်ပြထားရာမှာ “တိုင်းရင်းသား လူမျိုးဆိုသည်မှာ မြန်မာနိုင်ငံတွင် ပင်ရင်းနိုင်ငံ အဖြစ် အမြဲ နေထိုင်သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း စသည့် လူမျိုးများနှင့် သူတို့ရဲ့ မျိုးနွယ်စုတွေ ပါဝင်ကြောင်း” လို့ အဓိပ္ပာယ် ဖွင့်ဆို ထားပါတယ်။