Military

အာဏာရှင်များနှင့် မြန်မာ့တပ်မတော် အပိုင်း ၃ - စစ်ထောက်လှမ်းရေး ခေါင်းထောင်လာခြင်း

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

၁၉၇၆ ခုနှစ်အတွင်းမှာ ဦးနေဝင်းအတွက် အိပ်ရေးပျက်ရတဲ့ ညတွေ အများကြီး ရှိခဲ့တယ်။  ကျောင်းသားဆန္ဒပြမှုတွေ၊  စစ်ဦးစီးချုပ်နဲ့  ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး သူရတင်ဦးရဲ့ အရေးကိစ္စတွေအပြင် အဲဒီနှစ်ထဲမှာပဲ ကချင် လက်နက်ကိုင်တွေနဲ့  မြန်မာပြည်မြောက်ပိုင်း တောင်ကုန်းတွေက ကွန်မြူနစ်တပ်ဖွဲ့တွေ စစ်ရေးအရ မဟာမိတ်ဖွဲ့ဖို့ သဘောတူ လက်မှတ်ရေးထိုး လိုက်ကြတယ်။ ရဲဘော်သုံးကျိပ်ဝင်  ဗိုလ်မှူးချုပ် ကျော်ဇောကလည်း  ရန်ကုန်ကနေ ထွက်သွားပြီး  တရုတ်နယ်စပ်က ကွန်မြူနစ်တွေဆီ ရောက်သွားခဲ့တယ်။ အစိုးရအနေနဲ့လည်း မအောင်မြင်တဲ့ အာဏာသိမ်းဖို့ ကြံစည်မှုတခုနဲ့ ကြုံတွေ့ခဲ့ရသေးတယ်။

နှစ်သစ်ကူး အကြိုညမှာ အိမ်နဲ့သိပ်မဝေးတဲ့ အင်းယားလိတ် ဟိုတယ်ထဲမှာ ပါတီပွဲတခုလုပ်နေချိန် မှာ ပင်ပန်းနွမ်းနယ်နေပုံရတဲ့ ဦးနေဝင်း ဒေါသတကြီး နဲ့ ရောက်လာပြီး ဒရမ်ဆက်ကို ခြေထောက်နဲ့ကန်၊ အခန်းထဲမှာ ရှိတဲ့သူတချို့ကို ကိုယ်ထိလက်ရောက် တိုက်ခိုက်တာကို မြင်ရတော့ ပါတီပွဲလာသူတွေ ထိတ်လန့်တကြားဖြစ်ခဲ့ရတယ်။

ဒီအချိန်မှာ သူ့ကိုဝန်းရံထားတဲ့ လူရင်းတွေထဲ က ဦးနေဝင်းရဲ့ ယုံကြည်မှုအရဆုံးသူကတော့ မျက်မှန်အမြဲတပ်တဲ့ ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်မှူးချုပ်တင်ဦးပါ။ ကာကွယ်ရေးဝန်ကြီးဟောင်း သူရဦးတင်ဦးနဲ့ ကွဲပြားအောင်လို့ အာဏာရှင် ဦးနေ ဝင်းရဲ့ ကိုယ်ရေးအရာရှိလည်း ဖြစ်တဲ့ သူ့ကို လူတွေ က “မျက်မှန်တင်ဦး” လို့ ခေါ်ကြတယ်။ မွန်ပြည်နယ် မုဒုံမြို့မှာ မွေးဖွားခဲ့တဲ့ ဗိုလ်မှူးချုပ် တင်ဦးဟာ မွန်လူမျိုး ဖြစ်ပါတယ်။

ဆယ်တန်းအထိ ပညာသင်ကြားဖူးပြီးတော့ အသက် ၁၅ နှစ်အရွယ်မှာ စစ်ထဲဝင်ခဲ့ပါတယ်။ သူ က အရပ်ရှည်တာကြောင့် အသက် ၁၈ နှစ်ရှိပြီလို့ ပြောတာကို စစ်သားစုဆောင်းရေးက လက်ခံခဲ့ပါ တယ်။ အင်္ဂလိပ်တပ်တွေကို တိုက်ခိုက်ဖို့ ဂျပန်နဲ့ မြန်မာတပ်တွေ ရန်ကုန်ကို ချီတက်လာတဲ့ အချိန်မှာ တော့ သူက တပ်စုမှူးဖြစ်နေပါပြီ။

မြန်မာနိုင်ငံအတွင်းကို ဂျပန်တပ်တွေနဲ့ အတူ ဦးနေဝင်း ပြန်လည် ဝင်ရောက်လာချိန်မှာ ဗိုလ်မှူး ချုပ်တင်ဦးနဲ့ သိကျွမ်းခဲ့တယ်။ ဒို့ဗမာအစည်းအရုံးရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ဖူးတဲ့ ဗိုလ်မှူးချုပ်တင်ဦးရဲ့ မိဘတွေက စစ်ထဲဝင်သွားကြတဲ့ သား ၄ ယောက်ကို စောင့်ရှောက်ပေးဖို့ ဦးနေဝင်းကို မေတ္တာရပ်ခံခဲ့ပါ တယ်။ ဒါပေမယ့် သူတို့ ညီအစ်ကိုတွေထဲက ၂ ယောက် စစ်အတွင်းကျဆုံးခဲ့ကြတယ်။ ဒါကြောင့် ဦးနေဝင်းက ထက်မြက်ပြီး ပါရမီရှိတဲ့ မောင်တင်ဦး ကို စစ်မြေပြင်ကို မလွှတ်တော့ဘဲ သူ့ရဲ့ မျက်စိ အောက်မှာပဲထားဖို့ ဆုံးဖြတ်လိုက်တယ်။

လွတ်လပ်ရေး ရပြီးတဲ့နောက် မောင်တင်ဦးဟာ ရန်ကုန်တက္ကသိုလ်မှာ ကျောင်းဆက်တက်ပြီး စီးပွား ရေးနဲ့ သမိုင်းပညာရပ်တွေ သင်ယူတယ်။ ဒါ့အပြင် တက္ကသိုလ်တက်ရင်း မာ့က်စ်ဝါဒကို လေ့လာခဲ့သလို လက်ဝဲအယူအဆတွေကို ယုံကြည်တဲ့ ကျောင်းသား တွေနဲ့လည်း သိကျွမ်းခဲ့တယ်။ သူ့ရဲ့ ကျောင်းနေဖက် တွေထဲက တဦးကတော့ ၁၉၈၈ ခုနှစ်မှာ ဖွဲ့စည်း ခဲ့တဲ့  အမျိုးသား  ဒီမိုကရေစီအဖွဲ့ချုပ်  ဗဟိုအလုပ် အမှု ဆောင်တယောက်ဖြစ်တဲ့ စာရေးဆရာ မောင် စူးစမ်း ဖြစ်လာမယ့် မောင်ချမ်းအေး ဖြစ်ပါတယ်။ မောင်ချမ်းအေးက သူ့ကိုကွန်မြူနစ်ပါတီဝင်ဖို့ ဖိတ် ခေါ်ခဲ့ပေမယ့် မောင်တင်ဦးက စိတ်မဝင်စားခဲ့ဘူး။ နောက်ဆုံးမှာတော့ စစ်တပ်ကိုပဲ ပြန်ရောက်သွားပြီး ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ကိုယ်ရေးအရာရှိ ဖြစ်လာ တယ်။ ဗိုလ်ချုပ်ကြီး နေဝင်းက သူ့ကို ထိရောက်မှု မရှိတဲ့ ထောက်လှမ်းရေးအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းဖို့နဲ့ စစ်ထောက်လှမ်းရေးဌာန တည်ထောင်ဖို့ တာဝန် ပေးခဲ့တယ်။

ဗိုလ်ချုပ်ကြီးနေဝင်းက သူ့ကို ပစိဖိတ်သမုဒ္ဒရာ ထဲက ဆိုင်ပန်ကျွန်းမှာ အမေရိကန်ထောက်လှမ်းရေး အေဂျင်စီ (CIA) က ဖွင့်တဲ့ သင်တန်းတက်ဖို့  စေလွှတ်ခဲ့တယ်။ အင်္ဂလန်နိုင်ငံက တော်ဝင်စစ်ရဲအဖွဲ့ ထံမှာ လေ့ကျင့်သင်ကြားခွင့်လည်း ရရှိခဲ့တယ်။ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းယူပြီးတဲ့ နောက်မှာတော့ သမ္မတဟောင်း မန်းဝင်းမောင်နဲ့ ဝန်ကြီးချုပ်ဟောင်း ဦးနုအပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို ရန်ကုန်မြို့ပြင်မှာရှိတဲ့ ရေကြည်အိုင်လို့ ခေါ်ကြတဲ့ စခန်းမှာ ထိန်းသိမ်းဖို့ ဒုဗိုလ်မှူးကြီးတင်ဦး က တာဝန်ယူရတယ်။

ဦးနု နဲ့ အစိုးရအဖွဲ့ဝင်တွေကို ကယ်ဆယ်ဖို့ ကြိုးစားလာမှုမှန်သမျှကို ကာကွယ်နိုင်ဖို့လည်း သူက ပြင်ဆင်တယ်။ လေကြောင်းတိုက်ခိုက်မှုတွေ ဒါမှ မဟုတ် နိုင်ငံခြားက အထူးတပ်ဖွဲ့တွေ လေကြောင်းချီ စစ်ဆင်ရေးပြုလုပ်လာရင်လည်း တုံ့ပြန်နိုင်ဖို့ သနက ၄ ရဲ့ အကူအညီနဲ့ ပြင်ဆင်ထားတယ်။

လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်မှုတွေကိုလည်း ဖယ်ရှားပေးနိုင်ခဲ့တဲ့အတွက် ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ သဘောကျနှစ်ခြိက်မှု အကြီးအကျယ် ရရှိခဲ့ပါတယ်။ မြန်မာပြည်ကွန်မြူနစ်ပါတီ အလံဖြူအဖွဲ့ ခေါင်းဆောင် သခင်သန်းထွန်း သေဆုံးမှုကို အတည်ပြုပေးနိုင်ဖို့ အတွက် စစ်မြေပြင်ကိုလည်း လိုက်သွားခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတယောက် လည်းဖြစ်တဲ့ သခင်သန်းထွန်းကို သူပုန်းခိုရာ တော တွင်းစခန်းတခုမှာ တပ်ပြေးတယောက်လို့ ယူဆရသူ တဦးက လုပ်ကြံသတ်ဖြတ်ခဲ့တယ်။

စာဖတ်ဝါသနာပါသူ တယောက်ဖြစ်တဲ့ ဒုဗိုလ်မှူးကြီး တင်ဦးဟာ စစ်ထောက်လှမ်းရေးဌာနမှာ စာအုပ်ထုတ်ဝေရေး တိုက်တတိုက် တည်ထောင်ပြီး တော့ ကွန်မြူနစ်လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ဖူးပြီး အစိုးရနဲ့ ပြန်လည်ဆက်သွယ်လာသူတွေကို စစ်ထောက်လှမ်းရေး ရန်ပုံငွေနဲ့ ဆောင်ရွက်ရမယ့် လုပ် ငန်းတွေအတွက် စည်းရုံးစုဆောင်းတယ်။ ထုတ်ဝေခဲ့ တဲ့ စာအုပ်တွေထဲက “သခင်သန်းထွန်း၏ နောက်ဆုံး နေ့များ” နဲ့ “ဇင်ချစ်နောက်ဆုံးနှစ်” ဆိုတဲ့ ၂ အုပ်ကို လက်နက်ချ အလင်းဝင်ကွန်မြူနစ်ဟောင်းတွေဖြစ်တဲ့ ရဲဘော်မြနဲ့ ရဲဘော်ဘခက်တို့က ရေးသားခဲ့တယ်။ ထိရောက်တဲ့ ကွန်မြူနစ်ဆန့်ကျင်ရေး ဝါဒဖြန့်မှုလည်း ဖြစ်ခဲ့ပါတယ်။

အဲဒီ အချိန်အထိ ဒုဗိုလ်မှူးကြီး တင်ဦးဟာ ထောက်လှမ်းရေးဌာနရဲ့ အကြီးအကဲ မဖြစ်သေးပါ ဘူး။ ဌာနအတွင်းမှာလည်း ပြိုင်ဆိုင်မှုတွေ ကွဲပြားမှု တွေ ရှိနေခဲ့တယ်။ တဖက်က နှုတ်ခမ်မွေး မောင်လွင် လို့သိကြတဲ့ ဗိုလ်မှူးကြီး မောင်လွင်ရှိတယ်။ ရှေးရိုး ဆန်တဲ့ စစ်သားတယောက်ဖြစ်တဲ့ ဗိုလ်မှူးကြီး မောင်လွင်ဟာ ဗိုလ်ချုပ်ကြီးနေဝင်း အပေါ်သစ္စာရှိ ပေမယ့် သူ့ရဲ့ ထောက်လှမ်းရေးဌာနနဲ့ ပတ်သက်ရင် ဝန်တိုစိတ်နဲ့ စောင့်ကြည့်တတ်သူ တယောက်ပါ။ တခြားဖက်မှာတော့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ နှစ်ခြိုက် သဘောကျတဲ့ လက်ထောက်တယောက်ဖြစ်ပြီး ထောက်လှမ်းရေးတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲရေး လုပ်ဖို့အတွက်  ရန်ကုန်မြို့က အမေရိကန်သံရုံးမှာ CIA  အရာရှိတွေဆီမှာ သင်တန်းတက်ထားတဲ့ ဗိုလ်မှူးချုပ် မောင်မောင်ရှိနေတယ်။ အဲဒီပြဿနာကို ပြေလည်အောင် ဖြေရှင်းနိုင်ရေးက ဗိုလ်ချုပ်ကြီး နေဝင်းအတွက် ဖိအားလည်း ဖြစ်စေခဲ့တယ်။ ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလမှာတော့ ဗိုလ်ချုပ်ကြီးနေဝင်းက ဗိုလ်မှူးချုပ် မောင်မောင်ကို ရာထူးက ထုတ်ပယ် လိုက်တဲ့အတွက် ဗိုလ်မှူးတင်ဦးအတွက် အထက်ကို တက်နိုင်ဖို့ လမ်းတွေ မြန်မြန်ပွင့်သွားတော့တယ်။

ဗိုလ်ချုပ်ကြီးနေဝင်းက နိုင်ငံခြားခရီးသွားတဲ့ အခါတိုင်း ထောက်လှမ်းရေးတပ်ဖွဲ့မှာ စစ်ဆင်ရေး အရာရှိအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အင်္ဂလိပ်-မြန်မာ ကပြား ဗိုလ်ကြီးကျော်စွာမြင့်ကို ခေါ်သွားလေ့ ရှိတယ်။ ဒါပေမယ့် ဗိုလ်ကြီးကျော်စွာမြင့်က မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ကို မနှစ်သက်တဲ့အတွက် ဗိုလ်ချုပ်ကြီးနေဝင်းကို လုပ်ကြံသတ်ဖြတ်ဖို့အထိ စီစဉ်ခဲ့တယ်လို့ သတင်းတွေက ဆိုတယ်။

လုပ်ကြံမှုက ဖြစ်မလာခဲ့ဘူး။ သူ့ရဲ့ အကြံ အစည်တွေကို ဗိုလ်ချုပ်ကြီးနေဝင်း မရိပ်မိမီမှာပဲ ဗိုလ်ကြီး ကျော်စွာမြင့်က ထိုင်းနယ်စပ်ကနေတဆင့် ဩစတြေးလျနိုင်ငံကို ထွက်ပြေးသွားခဲ့တယ်။ ဒါပေမယ့် ဗိုလ်ကြီးကျော်စွာမြင့် မြန်မာနိုင်ငံကနေ ထွက် သွားတဲ့အချိန်မှာ ပဲခူးရိုးမမှာရှိတဲ့ ဒုဗိုလ်မှူးကြီး တင်ဦးရဲ့ ထောက်လှမ်းရေး ကွန်ရက်တွေက သူ့ကို အဲဒီဒေသမှာ တွေ့ရှိရကြောင်း ထောက်လှမ်းရေးဌာန ချုပ်ကို သတင်းပို့ရင်း “သူအဲဒီမှာ ဘာလုပ်နေတာလဲ” လို့ လှမ်းမေးတယ်။

ဒုဗိုလ်မှူးကြီးတင်ဦးက စစ်ရုံးကို ခပ်မြန်မြန်ပဲ လှမ်းစုံစမ်းပေမယ့် အကြောင်းပြန်ချက် မရခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်မှူးကြီး မောင်လွင်က ဗိုလ်ချုပ်ကြီးနေဝင်းကို ဒီသတင်းပို့ဖို့ ကြောက်ရွံ့နေ လို့ပါ။ ဒါပေမယ့် ဒုဗိုလ်မှူးကြီးတင်ဦးက သူ့ဆရာ သမားဆီကို တိုက်ရိုက်သွား အစီရင်ခံပါတယ်။ ဗိုလ်ချုပ်ကြီး နေဝင်းကလည်း အဆင့်မြင့်ထောက် လှမ်းရေးအရာရှိတွေကို ဆင့်ခေါ်ပြီး နောက်ဆိုရင် သူ့ဆီတိုက်ရိုက် သတင်းပို့ဖို့ပြောတယ်။ အဲဒီနောက် မှာတော့ ဗိုလ်ချုပ်ကြီးနေဝင်း က ဒု ဗိုလ်မှူးကြီးတင်ဦး ကို စစ်ရုံးချုပ်ကို ပို့လိုက်ပြီး သူကောင်းပြုခဲ့တယ်။ အမျိုးသား ထောက်လှမ်းရေးဗျူရိုရဲ့ အကြီးအကဲဖြစ် လာပြီး သမ္မတရဲ့ စစ်ရေးလက်ထောက်ဆိုတဲ့ ရာထူး သစ်တမျိုးလည်း ရရှိခဲ့တယ်။ အဲဒီရာထူးဟာ စစ်ဦး စီးချုပ်ထက်တောင်မှ ပိုပြီး အာဏာရှိပါတယ်။ အမ်အိုင်တင်ဦးဆိုတဲ့ မြန်မာနိုင်ငံသား အများစု ဒီနေ့အထိ အမှတ်တရဖြစ်နေတဲ့ နာမည်ကိုလည်း ခပ်မြန်မြန်ပဲ ရခဲ့ပါတော့တယ်။

ဒါပေမယ့် သူ့မှာ တိုက်ပွဲအတွေ့အကြုံ အား နည်းပါတယ်။ တိုက်ခိုက်ရေးဘက်က သူ့ရဲ့ပြိုင်ဘက် တွေက သူရဲ့လုပ်ပိုင်ခွင့်နဲ့ ဩဇာကို ထိခိုက်ကျဆင်း စေချင်ရင် ဒီအချက်ကို သုံးမယ်ဆိုတာ သူသိတယ်။ ဒါကြောင့် မှန်ကန်တဲ့ထောက်လှမ်းရေး သတင်းမပါ ဘဲ စစ်မြေပြင်မှာ အောင်မြင်မှု မရရှိနိုင်ဘူးဆိုတာကို သိအောင်ပြသတဲ့ အလိမ္မာနည်းနဲ့  တုံ့ပြန်ခဲ့ပါတယ်။ ၁၉၇၀ နှစ်တွေအတွင်း ကွန်မြူနစ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကိုတိုက်ခိုက်တဲ့ စစ်တပ်ရဲ့ အရေး ပါတဲ့ ထိုးစစ်တွေတိုင်းမှာ ဗိုလ်မှူးချုပ်တင်ဦးနဲ့ သူ့ရဲ့ ထောက်လှမ်းရေးအဖွဲ့တွေက စစ်မြေပြင်တပ်မှူးတွေ ကို ထိရောက်တဲ့ ထောက်လှမ်းရေး သတင်းအချက် အလက်တွေပေးပြီး ကူညီခဲ့တယ်။ ကွန်မြူနစ်တပ် တွေကို အပြီးအပိုင် တိုက်ထုတ်တဲ့နေရာမှာ စစ်မြေ ပြင် တပ်မှူးတွေကို ကူညီဖို့အတွက် သူကိုယ်တိုင် ပဲခူးရိုးမပေါ် သွားခဲ့တယ်။

တပြိုင်တည်းလိုမှာပဲ ဗိုလ်မှူးချုပ်တင်ဦးဟာ သူ့ရဲ့ ထောက်လှမ်းရေးကွန်ရက်ကို မြန်မြန်ဆန်ဆန် ချဲ့ထွင်နိုင်ခဲ့ပါတယ်။ လွတ်လပ်ရေး တိုက်ပွဲမှာပါဝင် တိုက်ခိုက်ခဲ့တဲ့ သခင်တွေနဲ့ နိုင်ငံရေးသမားဟောင်း တွေကို ဂုဏ်ပြုတဲ့ နိုင်ငံ့ဂုဏ်ရည် ဘွဲ့တံဆိပ်ကို တီထွင်ပြီးတော့ ဦးနေဝင်းက ချီးမြှင့်ပေးနိုင်အောင် ကူညီခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်းနဲ့ ပြည်ပမှာ ပြုလုပ်တဲ့ လျှို့ဝှက်လှုပ်ရှားမှုတွေအတွက် သီးသန့် ရန်ပုံငွေကိုလည်း သူပဲစီမံခန့်ခွဲရပါတယ်။ အဲဒီထဲမှာ ပြည်ပမှာနေထိုင်တဲ့ မြန်မာတွေဖြစ်တဲ့ သံရုံးဝန်ထမ်း တွေ၊ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာရှိတဲ့ နိုင်ငံအတွင်းက ထွက်ပြေးခိုလှုံတဲ့ အဖွဲ့တွေကို စောင့်ကြည့်လေ့လာတာတွေ ပါဝင်ပါ တယ်။ ဒီလိုလုပ်တာဟာ ဆွစ်ဇာလန်ဘဏ်တခုမှာ အပ်နှံထားတဲ့ ဦးနေဝင်းရဲ့ လျှို့ဝှက်ဘဏ်စာရင်းထဲက ငွေတွေကို ပြန်လည်ရနိုင်ဖို့အတွက် အကူအညီတောင် ဖြစ်သေးတယ်လို့ သူကပြောပါတယ်။

ဗိုလ်မှူးချုပ် တင်ဦးဟာ ပေါင်မုန့်ကို ဘယ် နေရာမှာ ထောပတ် သုတ်ရမယ်ဆိုတာ သိတဲ့သူပါ။ ဦးနေဝင်းအပေါ် ကြည်ညိုလေးစားမှုကိုလည်း ဖုံး ကွယ်မထားခဲ့ပါဘူး။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဝီစကီ သောက်တဲ့အခါတိုင်း “ကျနော့်မှာ ဘုရား တဆူပဲ ရှိတယ်။ အဲဒါ ဗိုလ်ချုပ်ကြီး နေဝင်းပဲ” လို့ ပြောတတ် ပါတယ်။ တဖက်မှာလည်း ဦးနေဝင်းက သူ့ကို အရမ်းယုံကြည် အားထားပါတယ်။ ဝန်ကြီးအဖွဲ့နဲ့ စစ်တပ်ရဲ့ ထိပ်ပိုင်းရာထူးတွေ ခန့်ထားဖို့ကိုတောင်မှ ဆုံးဖြတ်ချက်မချခင် ဗိုလ်မှူးချုပ်တင်ဦးရဲ့ အကြံ Óဏ် ရယူလေ့ရှိပါတယ်။

နောက်ပိုင်းမှာတော့ ဗိုလ်မှူးချုပ်တင်ဦးဟာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီရဲ့ တွဲဖက်အတွင်း ရေးမှူးဖြစ်လာပါတော့တယ်။ လက်အောက်ငယ်သား တွေကလည်း ဦးနေဝင်းကို “နံပါတ်တစ်” လို့ စတင် ခေါ်လာကြပြီး သူ့ကိုတော့ “တစ်ခွဲ” လို့ သူတို့ နောက်ကွယ်မှာ ခေါ်ကြပါတယ်။ ဒါပေမယ့် ဒီ အကြောင်းတွေကို သူတပါးအပေါ် သံသယအလွန် ကြီးတဲ့ စစ်အာဏာရှင် ဦးနေဝင်း သတိမထားမိ အောင်တော့ ကြာရှည်ဖုံးကွယ်မထားနိုင်ခဲ့ပါဘူး။

အပိုင်း (၄) ကို ဆက်လက်ဖော်ပြပါမည်။

(ဧရာဝတီမဂ္ဂဇင်းတွင် အခန်းဆက်ဖော်ပြခဲ့သော အောင်ဇော်၏ Dictator:A Story of Burma’s Military Rulers ကို နိုင်မင်းသွင် ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading