ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ အနီး၌ မြန်မာနိုင်ငံဘက်မှ မူးယစ်ဆေး သယ်ဆောင် လာသည်ဟု ယူဆရသည့် အဖွဲ့နှင့် ထိုင်း နယ်ခြားစောင့် စစ်တပ်တို့ ယမန်နေ့ နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး ၄ ဦး အသေ ဖမ်းမိကြောင်း သတင်းရသည်။
ဒဏ်ရာရသူ ၁ ဦး နှင့် မူးယစ်ဆေးဝါးများကိုလည်း ထိုင်း အာဏာပိုင်များက ဖမ်းဆီးရမိကြောင်း သိရသည်။
အိတ် ၂၅ အိတ်ဖြင့် ထည့်ထားသည့် မက်သာအဖက်တမင်း စိတ်ကြွဆေးပြား ၅ သောင်း၊ ဘိန်းဖြူ ၂ ကီလို ဂရမ် ပါဝင်သော အထုပ် ၁၃ ထုပ်၊ အေကေ ၄၇ အမျိုးအစား မောင်းပြန်ရိုင်ဖယ် တလက်၊ သေနတ် အတို တလက်၊ တရုတ်နိုင်ငံလုပ် လက်ပစ် ဗုံး တလုံးတို့ကို ထိုင်းနယ်ခြားစောင့် စစ်တပ်က သိမ်းဆီးရမိသည်ဟု ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြ ထား သည်။
ထိုင်းနယ်ခြားစောင့် တပ်မဟာ ၃၁ လက်အောက်ခံ တပ်စုအမှတ် ၃၁၀၈ နှင့် ၃၁၀၉ မှ ဒုဗိုလ်မှူးကြီး ယင်းဆေး ဦးစီးသော ၀ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA) တပ်ဖွဲ့မှ မူးယစ်ဆေး သယ်ဆောင်လာမည့် အဖွဲ့တဖွဲ့သည် ထိုင်းနိုင်ငံ ချင်းရိုင် ဒေသ၊ မယ်ကျန်ခရိုင် အတွင်းရှိ လွိုင်ဆမ်စပ် နယ်အနီးရှိ နယ်စပ်ကို ဖြတ်ကျော်လာမည်ဟု သတင်းအရ ထိုင်းစစ်တပ်က စောင့်ဆိုင်းနေရာ လက်နက်ကိုင် ၈ ဦးပါ အဖွဲ့အား စစ်ဆေးရန် ရပ်တန့်စေရာတွင် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းက ဆိုသည်။
တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် မူးယစ်မှောင်ခို အဖွဲ့သည် နယ်စပ် ချောင်းကို ဖြတ်ကူး၍ ထွက်ပြေးသွားကြောင်း၊ ထွက်ပြေးသွားသူများနောက်သို့ ရဟတ်ယာဉ် အသုံးပြု၍ လိုက်လံဖမ်းဆီးရာတွင် ခြေထောက်တွင် ဒဏ်ရာရနေသော လူတဦးကို ဖမ်းမိခဲ့ပြီး ကျန်လူများမှာ လွတ်မြောက်သွားကြောင်း သတင်းတွင် ဆက်လက် ဖော်ပြထားသည်။
တိုက်ပွဲဖြစ်ပွားရာ နေရာတွင် အလောင်း ၄ လောင်း၊ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းတချို့ကို တွေ့ရှိရကြောင်း နှင့် ချင်းရိုင်ခရိုင် ရဲဋ္ဌာန၏ ရဲမှူးချုပ် ဝန်ချိုင်း ဆုဝန်သီရိခက်နှင့် ဖမုန် အထူးစစ်တပ်မှ ဗိုလ်မှူးကြီး ယုံဂျီယွသ် လောင်ခက်ခန်တို့က အခင်းဖြစ်ပွားရာသို့ သွားရောက်စစ်ဆေးခဲ့သည်ဟုလည်း အဆိုပါသတင်းတွင် ဖော်ပြပါရှိသည်။
ယခု ဖြစ်စဉ်နှင့်ပတ်သက်ပြီး UWSA သို့ မေးမြန်းရန် ဧရာဝတီ က ဆက်သွယ်သော်လည်း မရရှိပေ။
UWSA မှ ဦးယင်းဆေးအား ထိုင်းနိုင်ငံက မူးယစ်ဆေးဝါး ကုန်သွယ်မှုအတွက် အလိုရှိနေသော တရားခံတဦးအဖြစ် သတ်မှတ် ကြေညာထားကြောင်း ထိုင်း သတင်းများတွင် ဖော်ပြထားသည်။
နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုလ် (Interpol) နှင့် ပူးတွဲလုပ်ဆောင်နေသော ထိုင်း နိုင်ငံ၏ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ် အဖွဲ့ရုံးက UWSA မှ ဦးယင်းဆေးသည် ထိုင်းနိုင်ငံ အတွင်းသို့ မူးယစ်ဆေးများ တင်သွင်းသူ၊ မူးယစ်ဆေးဝါးများကို နိုင်ငံ တကာသို့ ထိုင်းနိုင်ငံမှ တဆင့် ဖြန့်ချိသည့် အထောက်အထားများ အခိုင်အမာ ရှိသည်ဟု ထိုင်း ရဲဗိုလ်ချုပ် Pongsapat က ထုတ်ဖော်ပြောဆိုပြီး ၎င်းအား ထိုင်း ဘတ်ငွေ ၅ သန်းဖြင့် အလိုရှိသူအဖြစ် သတ်မှတ် ကြေညာခဲ့သည်။