Ethnic Issues

လောခီးလာ ညီလာခံ၌ အပစ်ရပ်ပြီးမှ နိုင်ငံရေး ဆွေးနွေးရေး သဘောတူညီချက် ရယူမည်

This article has been converted from Zawgyi One to Unicode

အစိုးရဘက်မှ တောင်းဆိုထားသည့် အပစ်အခတ်ရပ်စဲပြီးမှ နိုင်ငံရေးမူဘောင် ဆက်လက်ဆွေးနွေးမည်ဟူသည့် အချက်ကို ယနေ့ကျင်းပသည့် လော်ခီးလာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ညီလာခံ ဒုတိယမြောက်နေ့တွင် ဆွေးနွေးရန်ရှိကြောင်း သိရသည်။

ယင်းဆွေးနွေးချက်ကို တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်ရေး အဖွဲ့(NCCT) က ဦးဆောင် ချပြကာ တိုင်းရင်းသား အဖွဲ့အများ ၏ သဘောတူညီချက်ကို ရယူသွားမည် ဖြစ်သည်ဟု ဆိုသည်။

“အစိုးရသဘောကို လိုက်တာ မဟုတ်ဘူး။ ကျနော်တို့ ဘက်ကလည်း အခြေအနေတခုကိုသုံးသပ်ပြီးမှ လုပ်ဆောင်တာပါ။ နိုင်ငံ ရေးမူ ဘောင်ပြီးမှ အပစ်အခတ်ရပ်ဖို့ကျတော့ တော်တော်လေး ခက်ပါတယ်။ ဒီချိန်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နိုင်တယ်။ ဒီတော့အပစ် အခတ် ရပ်ပြီးမှ ဆိုလည်း အရင်အခြေအနေတွေဖြစ်လာမလား ဆိုတာတွေရှိတော့ ဒီအပစ်အခတ်ရပ်ရေး စာချုပ်မှာဘယ်လို အာမခံချက် တွေပါသင့်သလဲ။ ခိုင်မာအောင်လုပ်ဖို့ ဆုံးဖြတ်ထားတယ်။ အဲဒီထဲမှာ ခိုင်မာအောင် ထည့်သွားမယ်”ဟု NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျန်မုန်းက  ပြောသည်။

လက်ရှိဆွေးနွေးပွဲ ဒုတိယနေ့တွင် အဆိုပါကိစ္စနှင့်ပတ်သက်၍ တိုင်းရင်းသားများထံမှ အမြင်သဘောထား ရယူသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် အပစ်အခတ်ရပ်စဲရေး လက်မှတ်တွင် ခိုင်မာသည့် အချက်အလက်များထည့်ရန်အတွက်လည်း ဆွေးနွေးသွားရန် ရှိကြောင်း သိရသည်။

ကရင်ပြည်နယ်ရှိ ကရင်အမျိုးသား အစည်းအရုံး(KNU)ဌာနချူပ် လောခီးလာ၌ ကျင်းပနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ညီလာခံတွင် ငြိမ်းချမ်းရေးနှင့် အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ အဓိက အချက် ၅ ချက်ကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းအချက်များမှာ အခြေခံမူများ၊ ကြားကာလ စောင့်ကြည့်ရေး အစီစဉ်များ၊ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ၊ နိုင်ငံရေး မူဘောင်နှင့် အပစ်အခတ် ရပ်စဲရေး ဆိုင်ရာများ စသည်တို့ကို ဆွေးနွေးခြင်း ဖြစ်သည်။

လောခီးလာ တိုင်းရင်းသား ညီလာခံကို ဇန်နဝါရီ ၂၀ ရက်မှ ၂၂ ရက်အထိ ၃ ရက် ကျင်းပမည် ဖြစ်ပြီး ရရှိလာသည့် သဘောတူ ညီချက်ကို အစိုးရနှင့် ဆက်လက် ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

ညီလာခံ ဖွင့်ပွဲတွင် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက မြန်မာနိုင်ငံ၏ ထိလွယ်ရှလွယ်နေသော နိုင်ငံရေး အခြေအနေတွင် အောင်မြင်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန် ငြိမ်းချမ်းရေး သဘောတူညီချက်များကို ရဲရဲဝံ့ဝံ့ လက်မှတ်ထိုး သမိုင်းမှတ်တိုင် တင်ကြရန် ပြောသည်။

“ကျနော်တို့ တဦးချင်းဆီမှာ ဘယ်အနှောင်အဖွဲ့မှ မထားဘဲ လွတ်လွတ်လပ်လပ် တွေးခေါ်ပြီး ကောင်းတဲ့ အနာဂတ်ကို ဖန်တီးဖို့လို ပါတယ်။ လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ နိုင်ငံရေး ပြဿနာ ဖြေရှင်းချိန်မှာ ပြတ်သားတဲ့ နိုင်ငံရေး ဦးဆောင်မှုအောက်မှာ နာခံမှုကောင်းကောင်းနဲ့ အဓိပ္ပာယ်ရှိတဲ့ ပြောင်းလဲမှုရှိအောင် ပံ့ပိုးဖို့လိုတယ်”ဟုလည်း ၎င်းက တိုက်တွန်းပြောဆိုသည်။

ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက ဆက်လက်ပြီး ငြိမ်းချမ်းရေး ဖော်ဆောင်ရာ၌ စိတ်ကောင်းစေတနာကောင်း ထားရန်လိုကြောင်း၊ ပဋိပက္ခကို အကြမ်းဖက် ဖြေရှင်းခြင်းဖြင့် သမိုင်းဆိုးကို အသက်မသွင်းရန် လိုကြောင်း စသည်တို့ကိုလည်း ပြောသည်။

နှစ်ပေါင်း (၆၀)အတွင်း တိုင်းရင်းသားများ မနားတမ်း တိုက်ပွဲဝင်ရခြင်းမှာ မြန်မာနိုင်ငံ စစ်အုပ်ချုပ်မှု အဆက်ဆက်တွင် လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ရန်နှင့် ဥပဒေဘောင် အတွင်းဝင်ရန် တဖက်သတ် အမိန့်ပေးခြင်းဖြင့်သာ ရပ်တည်ခဲ့သည့်အတွက် ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၃ နိုဝင်ဘာလ လိုင်ဇာတိုင်းရင်းသား ညီလာခံ အပြီးတွင် အစိုးရဘက်မှ သမ္မတ၊ တပ်မတော်၊ လွှတ်တော် ပူးပေါင်း ရေးဆွဲထားသည့် အပစ်အခတ် ရပ်စဲရေး မူကြမ်းကို တိုင်းရင်းသားများသို့ ချပြရာတွင် တိုင်းရင်းသားများဘက်မှ ကန့်ကွက်ခဲ့ကြပြီး အဆိုပါမူကြမ်းကို ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

ယင်းမူကြမ်းအား အစိုးရဘက်က ၂၀၁၃ ဒီဇင်ဘာ၂ ရက်တွင် ပယ်ဖျက်ပေးခဲ့ပြီး လိုင်ဇာ တိုင်းရင်းသား ညီလာခံတွင် ရေးဆွဲခဲ့သည့် တိုင်းရင်းသားများဘက်မှ တင်ပြလာသည့် မူကြမ်းကို အခြေခံ၍ အစိုးရက မူကြမ်းအသစ် ပြန်လည်ရေးဆွဲပြီး ဒီဇင်ဘာ၂၉ ရက်တွင် တိုင်းရင်းသားများထံ ပြန်လည် ပေးပို့ထားကြောင်း သိရသည်။

“ဒီတခေါက်ကလည်း သမ္မတ၊ တပ်မတော်နဲ့ လွှတ်တော်ပြန် ရေးဆွဲတယ်လို့ ပြောတယ်။ သူတို့အပိုင်းက အခုရေးဆွဲတာက တိုင်း ရင်းသားတွေ သဘောနဲ့ တော်တော်ကိုက်ညီ လာပါပြီ”ဟု တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်ရေး အဖွဲ့(NCCT)မှ ဒေါက်တာ ဆလိုင်းလျန်မုန်း က ပြောသည်။

တိုင်းရင်းသား ဆွေးနွေးပွဲများနှင့် အပစ်အခတ် ရပ်စဲရေးတို့တွင် အစိုးရစစ်တပ်ပိုင်းက ယခင်ကထက် ပိုမိုပါဝင်လာကြောင်း ညှိနှိုင်း မှုများတွင်လည်း ယခင်ကထက် ပိုမိုပွင့်လင်းလာကြောင်း ဒေါက်တာ ဆလိုင်းလျန်မုန်းက ဆက်ပြောသည်။

“ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ တပ်မတော် မပါလို့ မရဘူး။ အခုပြည်ထောင်စု အခန်းကဏ္ဍ တွေမှာလည်း ပါဝင် ဆွေးနွေးလာတယ်။ သူတို့ ပါဝင်တဲ့ ငြိမ်းချမ်းရေးရမှ ရေရှည်တည်မြဲမယ်။ အဓိက ကတော့ အခုနောက်ဆုံး ရထားတဲ့ မူကြမ်းနှစ်ခုထဲက တူညီတာ စုမယ်။ မတူညီတာကို အခုညှိကြတဲ့ သဘောပါပဲ။ နောက်ဆုံးမှာတော့ မူကြမ်းဟာ တခုပဲ ဖြစ်လာမှာပါ”ဟုလည်း ၎င်းက ပြော သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များထဲတွင် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော်(RCSS/SSA)က တိုင်းရင်းသားများ လက်ခံ ထားသည့် လိုင်ဇာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားခြင်း မရှိသေးသကဲ့သို့ တိုင်းရင်းသား အများစု ပါဝင်ဖွဲ့စည်း ထား သော NCCT အဖွဲ့တွင်လည်း ပါဝင်ခြင်း မရှိသေးကြောင်း တွေ့ရသည်။

RCSS/SSA အနေဖြင့် အစိုးရ၏ လုပ်ထုံးလုပ်နည်းကို လက်ခံထားကြောင်း အစိုးရ ပြောကြားသည့် အပစ်အခတ် ရပ်စဲပြီးမှသာ နိုင်ငံရေး သဘောတူညီချက်ကို ဆက်လက် ဆွေးနွေးလိုကြောင်း RCSS မှ ဗိုလ်မှူးကြီး စိုင်းလှက ပြောသည်။

“တိုင်းရင်းသားတွေ သဘောကို မဆန့်ကျင်ဘူး။ မူနဲ့ ရပ်တည်ချက်ကတော့ အတူတူပါပဲ။ ဒီဆွေးနွေးပွဲမှာ ကျနော်တို့ဘက်ကလည်း အတတ်နိုင်ဆုံး ဆွေးနွေးသွားမှာပါ”ဟုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။

လော်ခီးလာ တိုင်းရင်းသား ညီလာခံသို့ ကချင် လွတ်လပ်ရေး တပ်မတော်(KIA/KIO)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) ၊ ပလောင်(တအာင်း)အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ ရခိုင် အမျိုးသား ကောင်စီ (ANC)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ လားဟူ ဒီမိုကရက်တစ် သမဂ္ဂ (LDU)၊ ‘ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO)၊ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး (PSLF)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ရှမ်းပြည် တိုးတက်ရေးပါတီ / ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA)၊ ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA)၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ မွန်အမျိုးသား ကာကွယ်ရေး တပ်မတော် (MNDA) နှင့် ရခိုင်ပြည် တပ်မတော် (AA)တို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) က လေ့လာသူ အဖြစ် တက်ရောက်ကြောင်း သိရသည်။

ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)နှင့် မိုင်းလား အခြေစိုက် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် တို့က တက်ရောက်နိုင်ခြင်း မရှိကြောင်း သတင်းများ၌ ဖော်ပြထားသည်။

Loading