၁၉ ရာစု မြန်မာ့ရှားပါး ရှေးဟောင်းဓာတ်ပုံများ ပြပွဲကို ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံဆိုင်ရာ အီတလီသံရုံးနှင့်
ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ (YHT) တို့ ပူးပေါင်းပြီး ရန်ကုန် ပန်းဆိုးတန်းလမ်းရှိ YHT ရုံးခန်းတွင် ဇန်နဝါရီလ ၂၀ ရက်နေ့က ဖွင့်လှစ်ပွဲ ကျင်းပခဲ့သည်။
အဆိုပါပြပွဲကို ဇန်နဝါရီ ၂၀ ရက်နေ့မှ ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ ပြသထားမည် ဖြစ်ကြောင်းသိရသည်။
“အခုလိုမျိုး ထူးခြားတဲ့ ပြပွဲကို YHT အနေနဲ့ စီစဉ်နိုင်ခဲ့တဲ့အတွက် ဝမ်းသာပါတယ်။ ဒီဓာတ်ပုံတွေဟာ ကျနော်တို့ အတိတ်ကို လှစ်ဟပြသနေတဲ့ ပြတင်းတွေ ဖြစ်သလို ပစ္စုပ္ပန်ကိုလည်း ပိုမိုနားလည် သဘောပေါက်စေမှာ ဖြစ်ပြီး ကျနော်တို့ရဲ့ အနာဂတ် မှာ ဖြစ်လာမယ့် တချို့အရာတွေကိုတောင်မှပဲ ပြောပြကောင်း ပြောပြနိုင်ပါလိမ့်မယ်” ဟု ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့တည်ထောင်သူ ဒေါက်တာသန့်မြင့်ဦးက ပြောဆိုသည်။
ပြပွဲတွင် ပြသထားသော ဓာတ်ပုံများမှာ ၁၉ ရာစု ရွှေတိဂုံဘုရားအတက် မြင်ကွင်း၊ ဆူးလေဘုရား၊ ရန်ကုန်ဆိပ်ကမ်း၊ မြန်မာဝန်ကြီးများ၊ အမျိုးသမီးများ၊ တိုင်းရင်းသားများ၊ ရန်ကုန်မြို့ ကုန်သည်လမ်း ဓာတ်ပုံ၊ STRAND HOTEL ၊ ဗလီများနှင့် ရန်ကုန်မြို့ပြ ဖွံ့ဖြိုးနေမှု ဓာတ်ပုံများ ပါဝင်သည်။
ပြပွဲတွင် ပြင်သစ်လူမျိုး Mr. Gilles De Flogny ၏ မြန်မာ့ယဉ်ကျေးမှု၊ ဗိသုကာ လက်ရာ၊ ဝတ်စားဆင်ယင် ထုံးဖွဲ့မှုနှင့် ဆိုင်သော ဓာတ်ပုံများ၊ အီတာလျံ – ဗြိတိသျှ လူမျိုး ဓာတ်ပုံပညာရှင် Felice Beato ရိုက်ကူးခဲ့သော မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှင့် ဗိသုကာ လက်ရာများ၊ ၁၈၆၅ ခုနှစ်မှ ၁၉၁၅ ခုနှစ် အထိ ရန်ကုန်မြို့ရှိ Jackson & Bentley စတူဒီယိုကို ပိုင်ဆိုင်ခဲ့သည့် J. Jackson နှင့် ၁၉ ရာစု အကုန်ပိုင်းနှင့် ၂၀ ရာစုဆန်းပိုင်းတို့တွင် ရန်ကုန်နှင့် မော်လမြိုင်မြို့များ၌ စတူဒီယို ဖွင့်လှစ် လုပ်ကိုင်ခဲ့သူ Philip Klier တို့ ရိုက်ကူးထားသော ပုံများပါဝင်သည်။
“အီတလီလူမျိုး ဓာတ်ပုံဆရာ Felice Beato ရဲ့ တန်ဖိုးရှိလှတဲ့ ဓာတ်ပုံတွေကို မြန်မာတာဝန်ရှိသူတွေနဲ့ ပြည်သူတွေရဲ့ ရှေ့မှာ
ပြသခွင့်ရတဲ့အတွက် ဝမ်းသားပါတယ်။ ဆန်းသစ်တဲ့ သူ့ရဲ့ ဓာတ်ပုံတွေဟာ မြန်မာနိုင်ငံနဲ့ အီတလီနိုင်ငံအကြား ကောင်းမွန်တဲ့ ဆက်ဆံရေး နှစ်ပေါင်းများစွာက ရှိခဲ့တယ်ဆိုတာကို သက်သေပြနေပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ အီတလီ သံအမတ်ကြီး Mr. Paolo Aadrea က ပြောသည်။
ယင်း ဓာတ်ပုံပြပွဲသို့ ကုလသမဂ္ဂနှင့် မိတ်ဖက် အဖွဲ့အစည်များ၊ သြစတြေးလျ၊ နော်ဝေ၊ ဘရာဇီး၊ အင်ဒိုနီးရှား၊ ရုရှား၊ ဆွစ်ဇာလန်၊ တောင်ကိုရီးယား သံရုံးတို့မှ သံအမတ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဓာတ်ပုံပြပွဲကို ဦးဆောင်ပြသခဲ့သော ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့သည် ရန်ကုန်မြို့ပြ အမွေအနှစ်များကို
ထိန်းသိမ်းဆောင်ရွက်ရင်း အာရှတွင် အလှပဆုံးနှင့် နေချင့်စဖွယ် အကောင်းဆုံး မြို့ကြီးတခု ဖြစ်လာစေရန် ယုံကြည်ကြသည့် သဘောထားချင်း တူသော သမိုင်းပညာရှင်များ၊ ဗိသုကာများ၊ စီးပွားရေး လုပ်ငန်းရှင်းများ ပူးပေါင်း ထူထောင်ထားခြင်း ဖြစ်ကြောင်း YANGON HERITAGE TRUST – YHT ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။