အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ (ILO) က သက်ဆိုင်ရာနှင့် ညှိနိုင်း ကာကွယ် ပေးထားသည့် ဧရာဝတီတိုင်း ပုသိမ်မြို့မှ ကလေးစစ်သား တဦးကို တပ်မတော် အာဏာပိုင်များက တပ်ပြေးမှုဖြင့် ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
အနောက်တောင်တိုင်း စစ်ဌာနချုပ် (နတခ) လက်အောက်ခံ လျှပ်စစ်နှင့် အင်ဂျင်နီယာ တပ်ရင်း အမှတ် (၉) က ထို ကလေး စစ်သားကို တပ်ပြေးမှုဖြင့် ဖမ်းဆီး အရေးယူခဲ့ခြင်း ဖြစ်သည်ဟု ပုသိမ်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့က ပြောသည်။
အသက်မပြည့်မီ စစ်တပ်ထဲဝင်ခဲ့သည့် အဆိုပါ ကလေးစစ်သား မောင်ရဲမြတ်ဦးမှာ ILO က Protection Letter (ကာကွယ်စာ) ထုတ်ပေးထားသူတဦး ဖြစ်သော်လည်း ၎င်းကို စစ်တပ်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်း ဖမ်းဆီးပြီးနောက် စစ်ခုံရုံးတွင် ထောင်ဒဏ် ၁ နှစ်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့် ကာကွယ်ရေး ကွန်ရက် (HRWDN) ခေါင်းဆောင် ကိုမြင့်နိုင်က ဧရာဝတီသို့ ပြော သည်။
“ILO ရုံးက Protection Letter ထုတ်ပေး ထားတယ်။ အဲဒီစာကို စစ်တပ်၊ ရဲစခန်း၊ ရပ်ကွက် ရုံးတွေ အကုန်လုံး ကမ်းပြီးသား။ ဒါပေ မယ့် ကောင်လေး အဖမ်းခံရပြီး တပ်ပြေးမှုနဲ့ ထောင် ၁ နှစ် ကျသွားတယ်”ဟု သူက ပြောဆိုသည်။
ပုသိမ်မြို့နယ် ရွှေသောင်ယံမြို့၌ ILO ၏ ကာကွယ်စာဖြင့် အလုပ်လုပ်နေသူ မောင်ရဲမြတ်ဦးကို ပြီးခဲ့သည့် ဒီဇင်ဘာ ဒုတိယပတ် အတွင်းက စစ်တပ်နှင့် နယ်မြေခံ ရဲစခန်းတို့ ပူးပေါင်း ဖမ်းဆီးခဲ့ပြီး ယခုလ ၇ ရက်နေ့တွင် တပ်ပြေးမှုဖြင့် ထောင်ဒဏ်ချမှတ်ခဲ့ရာ လက်ရှိတွင် မောင်ရဲမြတ်ဦးမှာ ပုသိမ်ထောင်၌ အကျဉ်းကျခံနေရသည်။
မောင်ရဲမြတ်ဦးနှင့် တရပ်ကွက်တည်းသား ဖြစ်သည့် ဒေသခံတဦးက “ကောင်လေးက အဖေရော၊ အမေရော ဆုံးသွားပြီ။ ညီအစ်ကို ၂ ယောက်တည်းပဲ ရှိတယ်။ နေတာက ဦးလေးအိမ်မှာ နေရတယ်။ နေရတာ အဆင်မပြေတော့ တပ်ထဲကို ဝင်သွားတာ။ အခု သူ့ညီလေးက ထောင်ဝင်စာ သွားတွေ့ နေရတယ်”ဟု ဧရာဝတီသို့ ပြောသည်။
မောင်ရဲမြတ်ဦးအား ဖမ်းဆီးပြီး တပ်ထဲ၌ အချုပ်ချထားစဉ်ကလည်း HRWDN မှ ဦးထွန်းထွန်းဦးနှင့် ဦးထွန်းရွှေတို့ တပ်ထဲသို့ လိုက်သွားပြီး တပ်မှအရာရှိများနှင့် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့သည်ဟု သိရသည်။
“ဒီကလေးက မနှစ်ကလည်း တပ်ထဲက ထွက်ပြေးဖူးတယ်။ အဲဒီတုန်းကတည်းက စစ်ပြေး ကြေညာထားတယ်တဲ့”ဟု ဦးထွန်းရွှေက ပြောသည်။
ပုသိမ်မြို့ အမှတ် ၁ ရပ်ကွက် ငဝန်ကျွန်းသာ ၁ လမ်းနေ မောင်ရဲမြတ်ဦးမှာ ၁၉၉၂ ခုနှစ်တွင် မွေးဖွားသူဖြစ်ပြီး အသက် ၁၇ နှစ်အရွယ် ၂၀၀၉ ခုနှစ်က တပ်မတော်သို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၂၀၁၃ ခုနှစ် သြဂုတ်လ ၂၇ ရက်စွဲဖြင့် ILO ရုံးက ထုတ်ပေးထားသည့် ကာကွယ်စာတွင် “မောင်ရဲမြတ်ဦးမှာ အသက် မပြည့်မီ တပ်မတော်သို့ စုဆောင်းခံရမှုကို တိုင်တန်းထားကြောင်း၊ ယင်းတိုင်ကြားမှုကို မြန်မာအစိုးရနှင့် ILO ဌာနတို့မှ ၎င်းအား စုံစမ်း စစ်ဆေးနေဆဲ ဖြစ်ကြောင်း”ရေးသားထားသည်။
တပ်မတော်သို့ စုဆောင်းခံရပြီးမှ စစ်ပြေးမှုဖြင့် စွပ်စွဲ ခံနေရမှုအပေါ် အကြောင်းပြု၍ စုံစမ်းစစ်ဆေးဆဲ ကာလအတွင်း ကာယကံရှင် မောင်ရဲမြတ်ဦးကို သော်လည်းကောင်း၊ မိသားစုဝင်များကို သော်လည်းကောင်း နှောင့်ယှက် ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီး ချုပ်နှောင်ခြင်း၊ ဥပဒေကြောင်းအရ တရားစွဲဆိုခြင်း မပြုလုပ်ရန် ဥပဒေအရ ပြဌာန်းထားကြောင်း ILO ရုံး၏စာတွင် ဖော်ပြထားသည်။
အထက်ဖော်ပြ သကဲ့သို့ တနည်းနည်းဖြင့် အရေးယူမှု ပြုလုပ်လာပါက ကျူးလွန်သူအား ဥပဒေကြောင်းအရ အရေးယူသွားမည် ဖြစ် ကြောင်း ဖော်ပြထားပြီး ILO ရုံးမှ ဆက်သွယ် ညှိနှိုင်းရေး အရာရှိ စတိဗ် မာရှယ်က လက်မှတ် ရေးထိုးထားသည်။
၂၀၁၂ ခုနှစ် ဇွန်လ ၂၇ ရက်မှ စတင်ကာ မြန်မာအစိုးရနှင့် ကုလသမဂ္ဂ တို့အကြား ကလေးစစ်သား ပပျောက်ရေး သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။
အသက်မပြည့်ဘဲ စစ်မှုထမ်းနေရသည့် ကလေးစစ်သားများကို သိရှိ၍ ဆက်သွယ်လာပါက ပြန်ထုတ်ပေးမည် ဖြစ်ကြောင်း အစိုးရ ပိုင် တီဗီ၊ ရေဒီယို၊သတင်းစာများ၊ စစ်တပ်ပိုင် မြဝတီရုပ်သံနှင့် သတင်းစာတို့တွင် တပ်မတော်က ကြေညာ ပြောဆိုထားသော်လည်း လက်တွေ့တွင် အပြောနှင့်အလုပ် ကွဲလွဲနေကြောင်း HRWDN အဖွဲ့က ဝေဖန်ထောက်ပြသည်။
“အသက်မပြည့်ရင် စစ်မှုမထမ်းစေရဘူးဆိုတာ အစိုးရနဲ့ ILO နဲ့လည်း သဘောတူ လက်မှတ် ထိုးပြီးသား။ အဲဒါကို အမှန်တကယ် အသက်မပြည့်ဘဲ တပ်ထဲရောက်ထားတဲ့ ကလေးကို ပြန်ထုတ်ဖို့အရေးကို ကလေးပါ ထောင်ကျတယ် ဆိုတော့ ပြောတာနဲ့လုပ်တာ က တလွဲစီ ဖြစ်နေတယ်လို့ပဲ မြင်တယ်”ဟု ဦးထွန်းရွှေက ပြောသည်။
ပုသိမ်အခြေစိုက် HRWDN အဖွဲ့သည် ၄ နှစ်တာ ကာလအတွင်း ကလေးစစ်သားပေါင်း ၃၀ ကျော်ကို တပ်မတော် အတွင်းမှ ပြန် ထုတ်ပေးနိုင်ခဲ့ပြီး လက်ရှိတွင်လည်း ကလေးစစ်သား ၈ ဦး ကို ILO ရုံးနှင့်ချိတ်ဆက်၍ ကာကွယ်စာ ရရှိအောင် ကူညီပေးထားကြောင်း သိရသည်။
အစိုးရ စစ်တပ်များအတွင်း စစ်မှုထမ်းနေရသည့် ကလေးစစ်သား ၉၆ ဦးကို မိဘအုပ်ထိန်းသူများထံ ပြန်လည် အပ်နှံသည့် ပွဲတခုကိုလည်း ယခုလ ၁၈ ရက်က ရန်ကုန်မြို့၊ အမှတ် ၁ စစ်ကြောရေးနှင့် တည်းခိုစခန်းတွင် ပြုလုပ်ခဲ့သည်။
ယခုကဲ့သို့ ပြန်လည် အပ်နှံခြင်းမှာ ၅ ကြိမ်မြောက်ရှိပြီ ဖြစ်ပြီး၊ ၂၀၁၂ ခုနှစ်မှ စတင်၍ ယခုချိန်ထိ ကလေးစစ်သား စုစုပေါင်း ၂၇၂ ဦး ပြန်လည် လွှတ်ပေးခဲ့ပြီး ဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ကလေးစစ်သား အဓိက စုဆောင်းခံရဆုံး နေရာများမှာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း နှင့် မကွေးတိုင်းတို့ဖြစ်ကြောင်း မြန်မာနိုင်ငံတွင်း မြို့နယ်ပေါင်း ၁၅၇ မြို့နယ်တွင် လူ့အခွင့်အရေး ကိစ္စများ ကိုင်တွယ် ဆောင်ရွက် နေ သည့် လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်ရေးနှင့် မြှင့်တင်သူများ ကွန်ရက်(HRDP)မှ သိရသည်။