အငြင်းပွားမှုတွေ ရှိနေတဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ဖို့ စီစဉ်ခဲ့ပေမယ့် အတည်မပြုခင် ဆွေးနွေးမှုတွေ ထပ်လုပ်သင့်တယ်ဆိုပြီး အင်္ဂါနေ့ လွှတ်တော်က ရက်ရွှေ့ဆိုင်းခဲ့ပါတယ်။
ဥပဒေပြု အမတ်တွေက ဒီဥပဒေကြမ်းဟာ အရေးကြီးတဲ့ ဥပဒေဖြစ်တဲ့အတွက် ဥပဒေကြမ်း ပူးပေါင်း ကော်မတီဝင်တွေ ဆွေးနွေးဖို့ အချိန်ပိုမို လိုအပ်တာကြောင့် ရက်ရွှေ့ဖို့ သဘောတူလိုက်တာလို့ ဆိုပါတယ်။
လွှတ်တော်နှစ်ရပ်ရဲ့ ဥပဒေကြမ်း ပူးပေါင်းကော်မတီ အဖွဲ့ဝင်တွေ ထပ်တွေ့ဆုံပြီး ဒီဥပဒေကြမ်းအပေါ် အသေးစိတ် ဆွေးနွေးမှုတွေ ထပ်လုပ်ပြီးရင် ဒီလထဲ အတည်ပြုဖြစ်မယ်လို့ သိရပါတယ်။
“ဝက်လက် မဲဆန္ဒနယ်က သူရဦးအေးမြင့်က ဥပဒေကြမ်း ပူးပေါင်းကော်မတီကနေ ဝန်ကြီးဌာနနဲ့ ပညာရှင်တွေကို ပြန်ခေါ် ဆွေးနွေးဖို့ အကြံပြုချက်က သင့်တော်တဲ့အတွက် ကျနော်တို့ ဥပဒေကြမ်းကော်မတီက ထပ်ဆွေးနွေးဖို့ လက်ခံလိုက်တာပါ” လို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင် ဦးဘရှိန်က ဧရာဝတီကို ပြောပါတယ်။
ဒီဥပဒေကြမ်းဟာ အရေးကြီးတဲ့ ဥပဒေဖြစ်သလို အငြင်းပွားမှုတွေ ရှိနေပြီး နိုင်ငံတကာ စံနှုန်းအရလည်း ပြန်လည် သုံးသပ်သင့်တာတွေ ရှိနေတာကြောင့်၊ ဒါကို အချိန်ယူဖို့ အားကစား၊ ယဉ်ကျေးမှုနဲ့ ပြည်သူ့ဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ သူရ ဦးအေးမြင့်က အကြံပြုချက်အဆို တင်ပြချက်ဟာ သင့်တော်တာကြောင့် လွှတ်တော်က ထောက်ခံတာ ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်အမတ် ဦးသိန်းညွန့်ကလည်း ဆိုပါတယ်။
လွှတ်တော်မှာ နောက်ဆုံး မဲခွဲ မဆုံးဖြတ်ခင် ဥပဒေကြမ်း ပူးပေါင်းကော်မတီအဖွဲ့ဝင် တွေဟာ ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ ဥပဒေချုပ်ရုံးက ပညာရှင်တွေနဲ့ ထပ်မံဆွေးနွေးသွားမယ်လို့ သိရပါတယ်။
ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းဥပဒေကြမ်းဟာ ၂၀၁၃ ခုနှစ် မတ်လ လွှတ်တော်မှာ တင်ပြီးကတည်းက ဒီဥပဒေကို သတင်း ထောက်တွေက ကန့်ကွက်ခဲ့ကြပါတယ်။ ပြန်ကြားရေး ဝန်ကြီးဌာနက မူကြမ်းရေးဆွဲပြီး အစိုးရ သတင်းစာတွေက ဖေဖော်ဝါရီ လကုန်မှာ ဖော်ပြခဲ့ပါတယ်။ ဥပဒေကြမ်းကို လွှတ်တော်နှစ်ရပ်စလုံးက ဆွေးနွေးပြီး ပြည်သူ့လွှတ်တော်က ပြီးခဲ့တဲ့နှစ် ဇူလိုင်လက အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အမျိုးသားလွှတ်တော်မှာ တင်ပြီး အမျိုးသားလွှတ်တော်က ပြင်ဆင်ချက် တွေနဲ့အတူ ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲဖို့ စီစဉ်ခဲ့ကြတာပါ။
ဒီ ပုံနှိပ်ထုတ်ဝေရေး ဥပဒေကြမ်းဟာ သတင်းမီဒီယာတွေအပေါ် ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ထိန်းချုပ်မှုတွေ ဆက်ထားနိုင်ဖို့ ကြိုးပမ်းချက် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီနဲ့ မူလ သဘောတူထားချက်အတိုင်း သတင်းမီဒီယာဥပဒေ ထဲမှာ ပါဝင် ရေးဆွဲဖို့ကို ပြန်ကြားရေးဌာနက လက်ဦးမှု ရယူပြီး လုပ်ငန်းရှင်ဆိုင်ရာ ဥပဒေအဖြစ် ဖဲ့ထုတ်သွားတာသာ ဖြစ်ကြောင်း စာနယ်ဇင်း သမားတွေက မြင်ကြပါတယ်။
ပုံနှိပ် ထုတ်ဝေရေး ဥပဒေကြမ်းကို ဒီနေ့ အတည်မပြုဖြစ် သေးတာဟာ သတင်းထောက်တွေနဲ့ မြန်မာ့ သတင်းမီဒီယာ လောကအပေါ် သက်ရောက်မှု တစုံတရာ ရှိနိုင်ပါသလား ဆိုတဲ့ မေးမြန်းချက်ကို မြန်မာဂျာနယ်လစ် ကွန်ရက် အတွင်းရေးမှူး ဖြစ်တဲ့ ဦးမြင့်ကျော်က “အမှန်က ဥပဒေ အတည်ပြုခြင်းမှာ မြန်တယ်၊ နှေးတယ်က ကျနော်တို့အတွက် ဘာမှ သိပ် အရေးမကြီးဘူး။ သူတို့ကတော့ ၆၂ (၁၉၆၂ ခု ပုံနှိပ်ထုတ်ဝေရေးဥပဒေ) နဲ့ ချိတ်ထားတာ။ ၆၂ က အကျိုး သက်ရောက်မှု ရှိနေတယ်။ သတင်းမီဒီယာ ဥပဒေထဲက ဖဲ့ထုတ်သွားတာ ဖြစ်တယ်။ အမှန်တော့ တခုပဲ ရှိသင့်တာ။ သူတို့က လုပ်ငန်းရှင် အတွက် ခွဲထုတ်တာလို့ပြောတယ်။ ထိန်းချုပ်တာလည်း ပါတယ်။ တနည်းအားဖြင့် လုပ်ပိုင်ခွင့် ပါတယ်။ စာနယ်ဇင်း ကောင်စီ ဖွဲ့စဉ်က အဲဒီလို ခွဲမယ်လို့မပြောထားဘူး။ ပြီးခဲ့တဲ့ မတ်လမှာ အရင်လက်ဦးမှု ယူပီး လွှတ်တော်ကို တင်လိုက်တာ” လို့ ဧရာဝတီကို ဖြေပါတယ်။
သတင်းထောက်တွေ သဘောမတူတဲ့ ပုံနှိပ်ထုတ်ဝေရေး ဥပဒေကြမ်းက မကြာခင်မှာ ဥပဒေ အတည် ဖြစ်လာတော့မှာပါ။ တချိန်တည်း မှာပဲ မြန်မာစာနယ်ဇင်း ကောင်စီ (ယာယီ) က ရေးဆွဲထားတဲ့ သတင်းမီဒီယာ ဥပေဒကလည်း လွှတ်တော် ၂ ရပ်စလုံးမှာ ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။
ဦးမြင့်ကျော်က ပုံနှိပ်ထုတ်ဝေရေး ဥပဒေကြမ်းဟာ ၁၉၆၂ ခုနှစ် ပုံနှိပ်ထုတ်ဝေရေး ဥပဒေနဲ့ အစားထိုးဖို့ အပေးအယူ သဘောမျိုး ဖြစ်နေတယ်လို့ ဆိုပါတယ်။
“ဒီဥပဒေက နဂိုကတည်းက ကျနော်တို့ မလိုချင်တဲ့ ဥပဒေပေါ့။ ဒါပေမယ့် သူတို့က အပေးအယူပေါ့။ ဒီဥပဒေ မရှိရင် ၁၉၆၂ ဥပဒေ မဖျက်နိုင်ဘူး။ စာနယ်ဇင်း ကောင်စီက အားလုံး ခြုံငုံမိအောင် အဲဒီအပိုင်းတွေပါတဲ့ သတင်းမီဒီယာ ဥပဒေကို အတည် ပြုမယ်။ အဲဒီဟာနဲ့ ၁၉၆၂ ဥပဒေ ဖျက်မယ်လို့ အရင်က ရေးထားတယ်။ အဲဒီဟာကို သူတို့က ပုံနှိပ်ဥပဒေကို လွှတ်တော်ကို အရင်တင် ပြီးတော့ အဲဒီဟာနဲ့ ၆၂ ပုံနှိပ်ထုတ်ဝေ ဥပဒေ ဖျက်မယ်။ တကယ်လို့ဒီဥပဒေ ကြန့်ကြာနေမယ်ဆိုရင် ခင်ဗျားတို့ ၆၂ ဥပဒေနဲ့ နေရမှာပဲ ဆိုတဲ့ သဘောမျိုး ဖြစ်နေတယ်” ဟု ဦးမြင်ကျော်က ဆက်ပြောပါတယ်။
စာနယ်ဇင်း သမားတွေအနေနဲ့ ထိန်းချုပ်မှုတွေရှိတဲ့ လိုင်စင်လိုတာမျိုး မဟုတ်ဘဲ လုပ်ငန်းလိုင်စင် သဘောမျိုးပဲ လက်ခံတာ ဖြစ်ပါတယ်။ မှတ်ပုံတင်ရတဲ့ စနစ်မျိုးကို စာနယ်ဇင်း သမားတွေ မလိုလားတာပါ။
ပုံနှိပ်ထုတ်ဝေရေး ဥပဒေကြမ်းမှာ အရေးယူမှု၊ အပြစ်ပေးမှုအပိုင်းတွေ လျော့နည်းသွားပါတယ်။ အရင်က ထောင်ဒဏ် အပြစ်ပေးမှုတွေ ရှိရာက ငွေဒဏ်ပဲ သတ်မှတ်ဖို့ လွှတ်တော် ၂ ရပ်စလုံးက ပြင်ဆင်ထားပါတယ်။
ဒါပေမယ့် လွှတ်တော် နှစ်ရပ် ကွဲလွဲချက်တွေထဲမှာ “သတင်းမီဒီယာ” “ဝက်ဘ်ဆိုက်” စတဲ့ စကားလုံးတွေအပေါ် အဓိပ္ပာယ် ဖွင့်ဆိုချက် ထည့်သင့် မထည့်သင့် ကွဲလွဲနေကြပါတယ်။ ပြည်သူ့လွှတ်တော်က ဒီအဓိပ္ပာယ်ဖွင့်ဆိုချက် ထည့်သွင်းဖို့ လိုလာပြီလို့ ဆိုပြီး အမျိုးသား လွှတ်တော်ကတော့ ဒီဖွင့်ဆိုချက်တွေက ရှိပြီးသားပုံနှိပ်ဥပဒေမှာ ပါပြီးတာကြောင့် မလိုအပ်ဘူး လို့ ဆိုပါတယ်။
ဒါ့အပြင် ဥပဒေပြု အမတ်တွေက ဥပဒေပါ တားမြစ်ချက်တွေ ချိုးဖောက်ရင် အရေးယူမှု အပိုင်းမှာလည်း ကွဲလွဲနေတာကြောင့် ပြည်သူ့ လွှတ်တော်က အရေးယူမှု ရှိလာရင် စီမံခန့်ခွဲမှု ကော်မတီမှာ အရင်ဖြေရှင်းပြီးမှ တရားရုံးမှာ ဆက်လက် ဖြေရှင်းသင့်တယ်လို့ ပြင်ပါတယ်။ အမျိုးသား လွှတ်တော်ကတော့ အရေးယူမှု ရှိလာရင် တခြား နိုင်ငံသားများ နည်းတူ တရားရုံးမှာ အဆုံးအဖြတ် ခံယူသင့်တယ်လို့ ပြင်ထားပါတယ်။
ဦးမြင့်ကျော်ကတော့ “တရားရုံးမှာ ဖြေရှင်းတာ၊ တရားစီရင်ရေး တခုတည်းထားတာ အကောင်းဆုံးလို့ထင်တယ်။ ဝန်ကြီးဌာနတွေကို တရားရုံးလို စီမံခွင့်၊ အရေးယူခွင့် ပေးထားတာက အဂတိ လိုက်စားမှုတွေ ဖြစ်နိုင်တယ်။ တခြားဟာတွေ ဖြစ်နိုင်တယ်။ ဒါပေမယ့် တရားရေး စနစ်လည်း ကောင်းဖို့လိုတာပေါ့” လို့ ဆိုပါတယ်။