မြန်မာနိုင်ငံတွင်း ဝင်ရောက်မည့် တာလီဘန် အကြမ်းဖက် အဖွဲ့ဝင် ၃ ဦး ဖမ်းမိ
This article has been converted from Zawgyi One to Unicode
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ တာ့ခ်နာမြို့မှ တဆင့် မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်မည့် ပါက္ကစတန် တာလီဘန် အကြမ်းဖက် အဖွဲ့ဝင် ၃ ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရဲတပ်ဖွဲ့က မြို့တော် ဒါကာ၌ ဖမ်းမိထားကြောင်း သိရသည်။
၎င်းတို့ ၃ ဦးသည် ပါကစ္စတန်နိုင်ငံ အခြေစိုက် ပါကစ္စတန်-တာလီဘန် Tehrik-e-Taliban Pakistan (TTP) အဖွဲ့ဝင်များဖြစ် ကြောင်း၊ ဒါကာမြို့မှ တဆင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ တာ့ခ်နာမြို့ကို သွားရောက်ရန်ကြိုးပမ်းစဉ် ဇန်နဝါရီ ၁၉ ရက်ညက ဖမ်းမိခြင်း ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံထုတ် Bangla News 24 သတင်း၌ ယမန်နေ့က ဖော်ပြထားသည်။
ဖမ်းမိထား သူများမှာ မာဟ်မက် (Mehmud)၊ အိုစမန် (Osman)၊ ဖက်ခရူးလ် ဟာဆန် (Fakhrul Hasan) တို့ ဖြစ်ကြောင်း ယင်း သတင်း၌ ပါရှိသည်။ ၎င်းတို့ထံမှ ဗီဇာသက်တမ်း ကုန်နေသည့် နိုင်ငံကူး လက်မှတ် တခုကိုလည်း သိမ်းဆည်း ရမိကြောင်း သိရသည်။
အကြမ်းဖက် အဖွဲ့ဝင် ၃ ဦးသည် ပါကစ္စတန် နိုင်ငံသားများ ဖြစ်ကြပြီး ၂ ဦး မှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် မွေးဖွားကာ ပါကစ္စတန်တွင် အခြေချသူများ ဖြစ်ကြောင်း၊ ၎င်းတို့သည် မြန်မာနိုင်ငံ၌ ဖိနှိပ်ခံနေရသည့် မွတ်စလင်များကို ကူညီရန်အတွက် မြန်မာနိုင်ငံ ထဲကို ဝင်ရောက်ရန် ကြိုးပမ်းခြင်း ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ရဲအရာရှိ တဦး၏ ပြောဆိုချက်ကို ကိုးကားပြီး ဘီဘီစီ မြန်မာပိုင်း သတင်း တပုဒ်တွင် ဖော်ပြ ထားသည်။
၎င်းတို့ထံမှ လက်ပစ်ဗုံးနှင့် ဖောက်ခွဲရေး ပစ္စည်းများ ထုတ်လုပ်နိုင်သည့် နည်းပညာများကို သိမ်းဆည်းထားသော လက်ပ်တော့ပ် ကွန်ပျူတာ တလုံးကိုလည်း သိမ်းဆည်းရမိပြီး အသေးစိတ် အချက်အလက်များကို စစ်ဆေးနေဆဲ ဖြစ်သည်ဟု သိရသည်။
မြန်မာနိုင်ငံသို့ အကြမ်းဖက် ဖောက်ခွဲရေး သမားများ ဝင်ရောက်ရန် ကြိုးပမ်းမှုနှင့် ဆက်စပ်၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်၌ လုံခြုံရေး သီးသန့် ချထားမှု မရှိကြောင်း၊ ပုံမှန် လုံခြုံရေးယူထားသည့် နယ်စပ်လုံခြုံရေး ရဲတပ်ဖွဲ့နှင့် အစိုးရ စစ်တပ်တို့သာ ရှိနေကြောင်း၊ နယ်စပ်ဒေသ၏ လက်ရှိ အခြေအနေမှာလည်း တည်ငြိမ်မှု ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရ၏ ပြောခွင့်ရ ဦးဝင်းမြိုင်က ဧရာဝတီ ကို ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် အာဏာပိုင်များပါဝင်သော လူစုလူဝေး ဖြင့် တိုက်ခိုက်မှုကြောင့် မွတ်စလင်များ သေဆုံးခဲ့သည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ အကြမ်းဖက် အဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးမိသည့် သတင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များကြောင့် လူပေါင်း ၁၉၂ ဦး သေဆုံးခဲ့ပြီး ၂၆၅ ဦး ဒဏ်ရာ ရရှိခဲ့ကာ နေအိမ်ပေါင်း ၈၆၁၄ ဆုံးရှုံးခဲ့ရသည်ဟု ရခိုင်ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထား သည်။