မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့၊ အောင်ချမ်းသာရပ်ကွက်၊ ပတ္တမြားဈေးတွင် ဖွင့်လှစ်ထားသောရွှေဆိုင် ၂ ခုကို လူ ၁၀ ဦးခန့်က အနုကြမ်းစီး ဝင်ရောက်လုယက် ဓါးပြတိုက်မှုတခု ယနေ့ နေ့လည် ၂ နာရီခန့်ကဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုကြောင့် လူ တဦးသေဆုံးသွားကြောင်း မိုးကုတ်မြို့ မြို့မရဲစခန်းက ပြောသည်။
မိုးကုတ်မြို့ရှိ မီလျံရွှေဆိုင်နှင့် နဂါးရွှေဆိုင်ကို ယနေ့ နေ့လည် ၂ နာရီ ဝန်းကျင်တွင် မျက်နှာဖုံး အမည်းများ ဝတ်ဆင်ထားသော ခန့်မှန်း လူ ၁၀ ဦးခန့် ရှိသော လူတစုက ဓားပြတိုက်ခဲ့ပြီး လက်ဝတ်ရတနာများကို လုယူခဲ့ကြောင်း၊ ဓားပြတိုက်ပြီးနောက် ဆိုင်ထဲမှ ပြန်အထွက် ပါလာသော သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ရာ လမ်းတဖက်ခြမ်းရှိ မှန်ဆိုင်မှ ဂေါ်ရခါးအမျိုးသားတဦးနှင့် အခြားသူ တဦးကို သေနတ်ထိမှန်ခဲ့ကြောင်း၊ သေနတ်ထိမှန်သွားသော ဂေါ်ရခါး အမျိုးသား သည် ဆေးရုံသို့ အရောက်တွင် သေနတ် ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း မိုးကုတ်မြို့ခံ မနန်းက ဧရာဝတီသို့ ပြောသည်။
“လုတဲ့ လူတစုက မျက်နှာဖုံး အမည်းတွေ ဝတ်ထားတယ်။ ရွှေဆိုင်က မှန်တွေကို ရိုက်ခွဲပြီး ပစ္စည်းတွေ ယူသွားတာ။ ဓါးပြတိုက်မှန်း သိလို့ လူရုတ်ရုတ် ဖြစ်တော့ ရမ်းပစ်တာ လူတွေ ထိကုန်တယ်။ ရဲကတော့ ဖြစ်ပြီးမှ ရောက်လာတာ”ဟု မနန်းက ပြောသည်။
ပြန်ကြားရေးဝန်ကြီးဌာနကမူ မိုးကုတ်မြို့၊ ပတ္တမြားဈေးရှိ မီလီယံရွှေဆိုင်နှင့် နဂါးရွှေဆိုင်တို့အား ယနေ့မွန်းလွဲ ၁နာရီ ၄၅ မိနစ်တွင် ဓါးပြတိုက်မှု တခု ဖြစ်ပွားခဲ့ကြောင်း၊ ယနေ့နေ့လည် ၁၃း၄၅ အချိန်ခန့်တွင် မီလျံရွှေဆိုင်နှင့် နဂါးရွှေဆိုင် တို့အားလုယက်မှု တချိန် တည်းဖြစ်ပွားခဲ့ကြောင်း၊ ဖြစ်စဉ်မှာဓါးပြ ၇ ဦး ခန့်က သေနတ် ၂လက်ဖြင့် ရွှေဆိုင် ၂ ဆိုင် ကို တပြိုင်နက် တည်း ဝင်ရောက်လုယက်ခဲ့ကြောင်း၊ ထိုသို့ဖြစ်ပွားစဉ် သေနတ်ဖြင့် ပစ်ခတ်ရာဦးဒမ်းဗဟာဒူုး (၅၃) နှစ် နှင့် မောင်ပြည့်ကျော် (၂၆) နှစ်တို့ မှာဒဏ်ရာများရရှိခဲ့ပြီးဦးဒမ်းဗဟာဒူး သည် ဆေးရုံကြီးသို့ တက်ရောက်ကုသစဉ် သေဆုံးသွားခဲ့ကြောင်း၊ နဂါးရွှေဆိုင်မှ ရွှေပိဿာချိန် ၄ ပိဿာနှင့် အပေါင် ခံပစ္စည်းငွေကျပ် သိန်း ၅၀၀ ဖိုး၊ မီလျံရွှေဆိုင်မှ ရွှေ ၂ ပိဿာတို့ကိုလုယက်ပြီး CZI ဆိုင်ကယ် ၃ စီးဖြင့် သေနတ်ပစ်ဖောက် ထွက်ပြေးသွားသည်ဟု သတင်းထုတ်ပြန်သည်။