ကရင်ပြည်နယ်ရှိ ကရင်အမျိုးသား အစည်းအရုံး(KNU) ဌာနချုပ် လောခီးလာ၌ ကျင်းပနေဆဲ တိုင်းရင်းသား ညီလာခံတွင် အဓိက ဆွေးနွေးနေသည့် အချက်များ မပြီးပြတ်သေးသောကြောင့် ညီလာခံရက် တရက် ထပ်မံတိုးမည် ဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီ ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပမည့် မူလအစီစဉ်အရ ယနေ့ ဒုတိယမြောက် ကျင်းပသည့်နေ့တွင် တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်ရေး အဖွဲ့(NCCT) က ရေးဆွဲထားသည့် အပစ်အခတ်ရပ်စဲရေး မူကြမ်းကို တိုင်းရင်းသားများထံမှ သဘောတူညီချက်ရယူ၍ အတည်ပြုရန်စီစဉ် ထားသော်လည်း စကားလုံး သုံးစွဲမူတခု၊ မူဝါဒတခုနှင့် ထပ်မံ ဖြည့်သည့် စကားလုံး တခုတို့ကို ဆွေးနွေးမှုမပြတ်ခဲ့ခြင်းကြောင့် ဆက်လက် ဆွေးနွေးရန် ရက်ထပ်တိုးခြင်းဖြစ်ကြောင်း NCCT က ပြောသည်။
“အဓိကကတော့ တော်လှန်ရေးဆိုတဲ့စကားရယ်၊ နောက် အရင်ကလိုင်ဇာမှာ စစဉ်းစားတာက နိုင်ငံရေးမူဘောင်ပြီးမှ အပစ်အခတ် ရပ်မယ် စီစဉ်ထားတယ်။ အခုကျတော့ပြောင်းပြီး အပစ်ရပ်ပြီးမှ နိုင်ငံရေးဆွေးနွေးမယ်။ ဒီလိုပြင်တော့ ဒါကိုလည်း ဆွေးနွေးနေ တယ်၊ နောက်ဆုံးတခုကတော့ လိုင်ဇာမှာတုန်းက မထည့်ထားတဲ့ စကားခုထည့်တာနဲ့ပတ်သက်ပြီး ဆွေးနွေးရတာလည်း ပါတယ်။ ဒီအချက်တွေကို ဆွေးနွေးတာ မပြတ်ဘူး”ဟု NCCT မှ ဒေါက်တာဆလိုင်း လျန်မုန်းက ပြောသည်။
လက်ရှိတွင် အစိုးရပိုင်းမှ“တော်လှန်ရေး”ဆိုသည့် စကားရပ်ကို ဖြုတ်ပေးရန် တောင်းဆိုထားပြီး အဆိုပါစကားလုံးကို တိုင်းရင်းသား ခေါင်းဆောင်တချို့က ဖြုတ်ပေးလိုခြင်း မရှိကြောင်း၊ အဆိုပါစကားရပ်အပေါ် ဆွေးနွေးနေရကြောင်း သိရသည်။
“တိုင်းရင်းသားတွေက ဒီအချက်ကို မဖြုတ်ချင်ဘူး။ အစိုးရကလည်း လက်နက်ကိုင်တော်လှန်တာ ကျတော့ သိက္ခာတရားအရ မ ကောင်းလို့ ဖြုတ်ခိုင်းတယ်။ ကျနော်တို့ဘက်ကတော့ လက်နက်ကိုင်တဲ့လူတွေက အကြောင်းအမျိုးမျိုးကြောင့် ကိုင်တာ။ ကျနော်တို့အခွင့်အရေးတွက် လက်နက်ကိုင် တော်လှန်တာ။ တချို့က စီးပွားရေးအတွက်၊ တချို့က သူတို့အတ္တ ကိုယ်ကျိုးအတွက် ဒါတွေကွဲပြား စေချင်လို့ ဒီအပေါ်မှာ ကျနော်တို့က လက်နက်ကိုင် တော်လှန်သည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးလို့ ဆိုလို့တာ။ ရောလို့မရအောင် ရေးတာပါ”ဟု NCCT ခေါင်းဆောင် နိုင်ဟံသာ က ပြောသည်။
ထပ်မံတိုးရသည့် စကားမှာ အပစ်အခတ်ရပ်စဲရေးကို တိုင်းရင်းသား လက်နက်ကိုင် အားလုံးသဘောတူမှသာ အတူတကွလက်မှတ် ထိုးရေးဖြစ်ပြီး ထိုသို့ထပ်ထည့်ရခြင်းမှာ နိုင်ငံရေးဆွေးနွေးမှုကို တပြိုင်တည်းဆောင်ရွက်နိုင်စေရန် ဖြစ်ကြောင်း ဒေါက်တာဆလိုင်း လျန်မုန်းကလည်း ပြောပြသည်။
“အစိုးရက (Opening Book) ပုံစံလုပ်တယ်။ ဒီသဘောက လက်ခံတဲ့အဖွဲ့ အရင်လက်မှတ်ထိုး၊ လက်မခံသေးတဲ့အဖွဲ့က နောက်မှ ညှိပြီး ထိုး ဒီသဘောပေါ့။ ကျနော်တို့အနေနဲ့ ဒီသဘောလုပ်ရင် ကျန်တဲ့အဖွဲ့က ပိုထိခိုက်မယ်။ နောက် နိုင်ငံရေးဆွေးနွေးပွဲက ကြန့်ကြာနိုင်မယ်။ ဒီလိုဖြစ်တဲ့အတွက် ကျနော်တို့ အခုထပ်ထည့်တဲ့ သဘောပါ”ဟု ဒေါက်တာ ဆလိုင်းလျန်မုန်း က ပြောသည်။
ထိုသို့အစိုးရ၏ (Opening Book) ပုံစံကို လက်ခံသည့်အဖွဲ့ ရှိမရှိကို မေးမြန်းရာ အဆိုပါမေးခွန်းကိုမူ တိကျသည့် အဖြေမပေးဘဲ တိုင်းရင်းသားများ အနေဖြင့် စိုးရိမ်နေသည့်အချက်ကို ထည့်သွင်းဆွေးနွေးရခြင်းသာဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
ထို့အပြင် ဖက်ဒရယ်မူနှင့်ပတ်သက်၍လည်း ဆွေးနွေးမှုများရှိပြီး ၎င်းအပေါ် ထပ်မံထည့်သွင်းရန် ထောက်ပြပြောကြားမှုများ ရှိကြောင်း သိရသည်။
“တခုက ဖက်ဒရယ်ကို ကျနော်တို့ NCCTအနေနဲ့ သီးသန့်အသစ် ရေးဆွဲတာ မရှိဘူး။ သက္ကရာဇ် ၂၀၀၅ မှာ တိုင်းရင်းသားတွေရေး တဲ့ အခြေခံမူ ၈ ချက် ထွက်တယ်။ အဲဒါကိုပြန်ယူတယ်။ အဲဒီမှာ မပါတဲ့ ခေါင်းဆောင်တွေကို ရှင်းပြရတာ ရှိတယ်။ နောက်တချို့က ဒီထဲမှာ ပါတီစုံဒီမိုကရေစီ ကိစ္စနဲ့ ဘာသာရေးကို အခြေမခံတဲ့ နိုင်ငံတော်ကိစ္စတွေကိုပါ ထည့်ချင်တဲ့သူတွေ ပါလာတယ်”ဟု ဒေါက် တာ ဆလိုင်းလျန်မုန်းက ပြောသည်။
ယခု တွေ့ဆုံ ဆွေးနွေးမှုတွင် တိုင်းရင်းသားအများစု လက်ခံသည့် သဘောတခုကိုသာ ယူဆောင်မည်ဖြစ်ကြောင်း သိရသည်။