စပ်ကြားအစိုးရများ အကြောင်း သုံးသပ်ကြည့်ခြင်း (၄)
This article has been converted from Zawgyi One to Unicode
ရွေးကောက်ပွဲ ကျင်းပပေးတဲ့ အာဏာပိုင်စနစ်တွေနဲ့ ရွေးကောက်ပွဲ ကျင်းပပေးပြီး တစုတဖွဲ့ အာဏာလွှမ်းမိုးထားတဲ့ နိုင်ငံတွေကို ခွဲခြားကြည့်ရတာကလည်း အလားတူ ခက်ခဲပါသေးတယ်။ အာဏာပိုင်စနစ် ကျင့်သုံးပြီး အာဏာမှာ လက်ရှိမြဲနေသူတွေကို အတိုက်အခံ အင်အားစုတွေက အချိန်မှန်မှန် စိန်ခေါ်နိုင်၊ အားနည်းသွားအောင် လုပ်နိုင်၊ (ရံဖန်ရံခါမှာ) အနိုင်တောင်ယူနိုင်တဲ့ နယ်ပယ် ၄ ခုကို လယ်ဗစ်စကီးနဲ့ ဝေးလ်တို့က တင်ပြထားပါတယ်။ တရားစီရင်ရေးနဲ့ လူထုမီဒီယာ နယ်ပယ်မှာ ဘယ်သူနိုင်သလဲ ဆိုတာကို အကဲဖြတ်ပေးရခက်ပေမယ့် ရွေးကောက်ပွဲတွေနဲ့ ဥပဒေပြုရေး နယ်ပယ်တွေမှာတော့ ပိုပြီးစနစ်တကျ အကဲဖြတ်နိုင်ပါတယ်။
အပေါ်မှာရှင်းပြထားတဲ့ အဆင့် ၆ မျိုး ခွဲခြားနည်းစနစ်ကိုသုံးပြီး ကမ္ဘာ့နိုင်ငံတွေကို အုပ်စုခွဲခြားကာ ဇယား ၂ မှာ ပြသထားပါတယ်။ အပေါ်မှာ အဓိပ္ပါယ်ဖွင့်ဆိုထား (ရှယ်ဒလာရဲ့ ရေးသားချက်ကိုလည်း အသုံးပြုပြီး) တဲ့ အတိုင်း နိုင်ငံရေး အာဏာမှာ အဓိကကျတဲ့ နေရာတွေကို ရယူဖို့အတွက် လွတ်လပ်၊ တရားမျှတပြီး ပွင့်လင်းတဲ့ရွေးကောက်ပွဲတွေကို ကျင်းပခွင့်ပေးတယ်ဆိုရင် အဲဒီလို အုပ်ချုပ်ရေး စနစ်မျိုးကို ဒီမိုကရေစီလို့ သဘောထားနိုင်ပါတယ်။ ဒီမိုကရေစီမဆန်တဲ့ အုပ်ချုပ်ရေးစနစ်တွေကို အမျိုးအစား ခွဲခြားရာမှာ ဖရီးဒမ်းဟောက်စ် အဖွဲ့ကြီးက ပေးထားတဲ့ အကဲဖြတ်ရမှတ်တွေ အပါအဝင် အချက်အလက်တွေ ၃ မျိုးကိုလည်း ကျနော် ရယူအသုံးပြုထားပါတယ်။ ဥပဒေပြုလွှတ်တော်မှာ လက်ရှိအာဏာရပါတီ ရယူထားတဲ့ အမတ်နေရာ အရေအတွက်၊ အာဏာရပါတီ ကိုယ်စားပြု သမ္မတလောင်း နိုင်သွားတဲ့ မဲရာခိုင်နှုန်း၊ လက်ရှိအာဏာရထားသူက အာဏာကို ဆက်တိုက်ကိုင်စွဲထားနိုင်တဲ့ နှစ်ကာလ စတာတွေပဲဖြစ်ပါတယ်။ အာဖရိကတိုက်ကြီးနဲ့ ပတ်သက်ပြီး ဗန်းဒီဝဲလ် ရေးသားထာသလိုပါပဲ၊ လက်ရှိအာဏာရထားသူ ရာထူးယူထားတာက ဘယ်လောက်ကြာနေပြီလဲ ဆိုတာကို ကြည့်ပြီး အနာဂတ်မှာ ဒီမိုကရေစီ ပြောင်းလဲလာဖို့ ဘယ်လောက်လမ်းပွင့်သွားပြီလဲ ဆိုတာ ညွှန်ပြနေသလို တိုင်းပြည်ရဲ့ နိုင်ငံရေးက ဘယ်လောက် ပွင့်လင်းသွားပြီလဲ ဆိုတာကိုလည်း ပြောနိုင်ပါတယ်။ အထက်မှာ ပြောခဲ့တဲ့ ညွှန်ကိန်း ၃ ခုနဲ့ ဖရီးဒမ်းဟောက်စ် ရမှတ်တွေကို ပေါင်းစပ်ဖို့ သချၤာပုံသေနည်းတွေကို အသုံးမပြုပေမယ့် အာဏာပိုင်နိုင်ငံတွေမှာ နိုင်ငံရေးပြိုင်ဆိုင်မှု ရှိမရှိ ဆိုတာကို ပြောနိုင်တဲ့ ညွှန်ကိန်းတခုကိုတော့ ပြုစုသင့်ပါတယ်။
မှတ်ချက်။
၁ ဘဟားမား၊ ဘာဘေးဒိုးစ်၊ဘလီးစ်၊ ဒိုမီနီကာ၊ ဂရီနာဒါ၊ စိန့်တ်ကစ်တ် နဲ့ နာဗစ်၊ စိန့်လူစီယာ၊ စိန့်ဗင်းဆင့် နဲ့ ဂရီနာဒိုင်း
၂ ၁၉၉၉ အောက်တိုဘာ စစ်အာဏာသိမ်းမှုနောက်ပိုင်း ပါကစ္စတန်တွင် ရွေးကောက်ပွဲတစ်ကြိမ်မျှ မကျင်းပရသေးပေ။ နိုင်ငံရေးယှဉ်ပြိုင်ခွင့်ကို ပိတ်ပင်ထားသော အာဏာပိုင်အုပ်ချုပ်ရေးစနစ်များထက် လက်ရှိပါကစ္စတန် စနစ်က ပိုမိုပွင့်လင်းပြီး ဗဟုဝါဒပိုစုံလင်သောကြောင့် အမျိုးအစားခွဲခြားရခက်သော စနစ်လည်းဖြစ်ပါတယ်။
၃ ကီရီဘာတီ၊ မာရှယ်ကျွန်းစု၊ မိုက်ကရိုနီးရှား၊ နော်ရူး၊ ပလောင်း၊ ဆာမိုအာ၊ ဗာနူအားတူ၊ တူဗားလူ၊
၄ ပညာရပ်ဆန်ဆန်ပြောရရင် နိုင်ငံရေးပါတီ မဟုတ်သော အုပ်ချုပ်ရေးစနစ်၊ သို့သော် အပြိုင်အဆိုင်ရှိပြီး တစိတ်တပိုင်းလွတ်လပ်သော ရွေးကောက်ပွဲများ။
၅ ပြိုင်ဆိုင်မှုပိုရှိ ပိုမိုပွင့်လင်းသော နိုင်ငံရေး စနစ်ဆီကိုရောက်အောင် ကူးပြောင်းနေဆဲ။
*နိုင်ငံတကာ အစောင့်ရှောက်ခံနယ်မြေ ** အစဉ်အလာအရ ဘုရင်အုပ်ချုပ်သောစနစ်။ တွန်ဂါနိုင်ငံက လစ်ဘရယ်ဆန်သော အော်တိုခရက်ဖြစ်ပြီး တစိတ်တပိုင်းလွတ်လပ်သော ရွေးကောက်ပွဲဖြင့်သာ အုပ်ချုပ်သူကို ရွေးကောက်တင်မြှောက်သည်။
ရွေးကောက်ပွဲကျင်းပပေးတဲ့ အာဏာပိုင်စနစ်နဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသား အဆုံးအဖြတ် ပေးနိုင်တာကတော့ လွှတ်တော်ထဲမှာ အတိုက်အခံတွေ အခိုင်အမာ အထင်အရှား ရှိနေ မနေ ဆိုတာပါ။ အာဏာပိုင် အုပ်ချုပ်ရေးကို အကာကွယ်ပေးဖို့ ဟန်ပြကျင်းပတဲ့ အုပ်ချုပ်ရေးစနစ်တွေမှာ အာဏာရပါတီ ဒါမှမဟုတ် အကြီးဆုံးပါတီက နေရာတွေ အားလုံးနီးပါးကို အနိုင်ရသွားတတ်ပါတယ်။ စင်ကာပူမှာ ဆိုရင် မဲတွေရဲ့ ၉၅ ရာခိုင်နှုန်းကို ရအောင်ယူပြီး ထပ်ကာတလဲလဲ နိုင်နေပါတယ်။ အီဂျစ်မှာဆိုရင် ၂၀၀၀ ပြည့််နှစ်တုန်းက နဲ့ မော်ရီတေးနီးယားမှာဆိုရင် ၂၀၀၁ ခုနှစ်တုန်းက ၈၀ ရာခိုင်နှုန်း လောက်နိုင်ခဲ့ပါတယ်။ ၂၀၀၀ ပြည့််နှစ်တုန်းက တန်ဇန်းနီးယားနိုင်ငံမှာ ၈၉ ရာခိုင်နှုန်း နိုင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်တွေတုန်းမှာတော့ တူနီးရှားနိုင်ငံမှာ ၈၀ ရာခိုင်နှုန်း ကျော်နိုင်ခဲ့ပါတယ်။ ကမ္ဘောဒီးယားမှာ ဆိုရင် ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ကမ္ဘောဒီးယား ပြည်သူ့ပါတီ (စီပီပီ) က လွှတ်တော်မှာ သာမန်လူများစု (bare majority) ကိုသာ ၁၉၉၈ မှာ ရယူနိုင်ခဲ့တာကြောင့် တစုတဖွဲ့အာဏာလွှမ်းမိုး စရိုက်လက္ခဏာတွေကို မတွေ့ခဲ့ရပါ။ ဒါပေမယ့် စုစုပေါင်းမဲတွေရဲ့ ၇၀ ရာခိုင်နှုန်း လောက်ကိုရပြီး မြို့နယ်ပေါင်း ၁၆၂၁ ရဲ့ ၉၉ ရာခိုင်နှုန်းလောက်ကို စီပီပီ ထိန်းချုပ်သွားနိုင်တဲ့ အခါမှာတော့ တစုတဖွဲ့ အာဏာလွှမ်းမိုး စရိုက်လက္ခဏာတွေကို ၂၀၀၂ အစောပိုင်းမှာ တွေ့လာရပါတယ်။
ကာဇက်စတန်နဲ့ ကာဂျီစတန် တို့မှာလိုမျိုး နိုင်ငံရေးပါတီတွေ ကောင်းစွာ မဖွံ့ဖြိုးတဲ့ နေရာဒေသတွေမှာ တစုတဖွဲ့ အာဏာလွှမ်းမိုး စရိုက်လက္ခဏာတွေ ရှိလား၊ မရှိလား ဆိုတာကို ဥပဒေပြုရွေးကောက်ပွဲ ရလဒ်တွေကနေ တဆင့် အဓိပ္ပါယ်ကောက်ယူဖို့ ခက်ပေမဲ့ သမ္မတရွေးကောက်ပွဲ ရလဒ်တွေက အထောက်အထားတွေကို ပေးနိုင်ပါလိမ့်မယ်။ သမ္မတစနစ်အပေါ် လူထုဆန္ဒခံယူပွဲမှာ ထောက်ခံမဲ ၉၅ ရာခိုင်နှုန်းနဲ့ ၁၉၉၅ ခုနှစ်မှာ အနိုင်ရပြီးနောက်မှာ ကာဇက်စတန် သမ္မတ နာစူလ်တန် နာဆာဘာယက်ကို ထောက်ခံမဲ ၈၀ ရာခိုင်နှုန်း နဲ့ ၁၉၉၉ ခုနှစ်မှာ ပြန်ပြီး ရွေးကောက်တင်မြှောက်ခဲ့ပါတယ်။ ဒီမိုကရေစီ တိုးတက်မှုတွေ လုပ်ဆောင်ပေးမယ်လို့ အနောက်တိုင်းက (ရူးရူးမိုက်မိုက်) မျှော်လင့်ခဲ့သူ ကာဂျီစတန်သမ္မတ အက်စ်ကာအာကာယက်ဖ် ကိုလည်း ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းလောက်နဲ့ ၁၉၉၅ မှာတခါ ၂၀၀၀ မှာတခါ ပြန်ပြီး ရွေးကောက် တင်မြှောက်ခဲ့ပါတယ်။ သမ္မတယောက်က စုစုပေါင်းမဲတွေရဲ့ ၃ ပုံ ၂ ပုံ ဒါမှမဟုတ် အဲဒီထက်ကို ကျော်လွန်ပြီး မဲတွေရနေပြီဆိုရင် တစုတဖွဲ့ အာဏာလွှမ်းမိုး စရိုက်လက္ခဏာတွေ ရှင်းရှင်းလင်းလင်းကြီး ရှိနေပြီဆိုတာ ပြောနိုင်ပါတယ်။ ဒါမျိုးက အယ်လ်ဂျီးရီးယားမှာ ၁၉၉၉ ခုနှစ်၊ အဇာဘိုင်ဂျန်မှာ ၁၉၉၈ ခုနှစ်၊ ဘာကီနာဖာဆိုမှာ ၁၉၉၈ ခုနှစ်၊ ကင်မရွန်းမှာ (အတိုက်အခံတွေရဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားပေမယ့်) ၁၉၉၇ ခုနှစ်၊ ဂျီဘိုတူမှာ ၁၉၉၉ ခုနှစ်၊ တန်ဇန်းနီးယားမှာ ၂၀၀၀ ပြည့်နှစ်တွေမှာ ဖြစ်ခဲ့ပါတယ်။
အဆိုးဆုံးကတော့ အီဂျစ်၊ တူနီးရှားနဲ့ ယီမင် သမ္မတတွေက မဲတွေအားလုံးရဲ့ ၉၀ ရာခိုင်နှုန်း ကျောက်လောက်ကို အနိုင်ရပြီး ၁၉၉၀ ပြည့်နှစ်တွေမှာ ပြန်လည် ရွေးကောက်တင်မြှောက် ခံခဲ့ရတဲ့ ဖြစ်ရပ်တွေပါ။ အဆိုပါ လူပုဂ္ဂိုလ်တွေ လက်ထဲကို အာဏာရောက်နေတာ ၂၁၊ ၁၅ နဲ့ ၁၂ နှစ်စီ အသီးသီးကြာနေပြီဆိုတော့ တစုတဖွဲ့အာဏာလွှမ်းမိုး ခြင်းရဲ့ နောက်ထပ် စရိုက်လက္ခဏာ တခုကို ညွှန်ပြနေသလိုပါပဲ။ အဲဒါကတော့ သက်ဆိုးရှည်နေတဲ့ သမ္မတတွေ ဆိုတာပါပဲ။ နောက်ထပ် ထင်ရှားတဲ့ ဥပမာတွေကတော့ အင်ဂိုလာမှာ ၂၃ နှစ် သက်တမ်းရှည်နေတဲ့ သမ္မတ၊ ကင်မရွန်းမှာ ၂၀၊ ဂါဘွန်မှာ ၃၅၊ ဂီနီမှာ ၁၈ နှစ်၊ ယူဂန်ဒါမှာ ၁၆ နှစ် သက်ဆိုးရှည်နေတဲ့ သမ္မတတွေပါပဲ။ နောက်ထပ် သက်တမ်းရှည် သမ္မတတွေလည်း သူတို့ရဲ့ နိုင်ငံရေးဘဝကို အသက်ဆက်နိုင်ဖို့ ၁၉၉၀ ပြည့်နှစ်တွေအတွင်းမှာ အနိုင်နိုင် ရုန်းကန်ကြိုးစားနေရတယ် ဆိုတာကို တွေ့နေရပါတယ်။
ဒယ်နီယယ် အာရပ်မွိုင် (အာဏာရလာတာ နှစ်ပေါင်း ၂၄ နှစ်လောက် ကြာပြီးတဲ့နောက်မှာ ရာထူးကနေ ဆင်းပေးပါမယ်လို့ နောက်ဆုံးမှာ ကတိပေးထားရသူ) က စုစုပေါင်း မဲတွေရဲ့ ၄၂ ရာခိုင်နှုန်းလောက် မရှိတတ်ရှိတတ်ကိုပဲ အနိုင်ရပြီး ၁၉၉၀ ပြည့်နှစ်တွေအတွင်းမှာ ၂ ကြိမ် ပြန်ရွေးခံထားရပါတယ်။ အာဏာရထားတာ ၂၂ နှစ်ရှိနေပြီဖြစ်တဲ့ ဇင်ဘာဘွေ သမ္မတ ရောဘတ်မူဂါဘီကလည်း (ဒီ အက်ဆေးကို ပုံနှိပ်ထုတ်ဝေချိန် ၂၀၀၂ ဧပြီလမှာ) လူကြိုက်များ ထောက်ခံမှုကို ရမထားဘဲ နောက်တကြိမ် ပြန်လည် ရွေးကောက်တင်မြှောက်ခံရဖို့ ကြိုးစားနေရတာကြောင့် ခြိမ်းခြောက် အကြပ်ကိုင်မှုတွေနဲ့ အကြမ်းဖက်မှုတွေကို အကြီးအကျယ် လက်ကိုင်ပြုထားရပါတယ်။ အကြမ်းဖက်မှုတွေ ပြည့််နှက်နေတဲ့ ၂၀၀၀ ခုနှစ် ရွေးကောက်ပွဲကို မူဂါဘီအားကိုးရတဲ့ နိုင်ငံတော်ပါတီက သာမန်အများစုလောက်သာ bare majority နိုင်လိုက်တာကြောင့် တစုတဖွဲ့အာဏာ လွှမ်းမိုးအခြေအနေကနေ ရွေးကောက်ပွဲရှိသော အာဏာပိုင်စနစ်ဆီ ကူးပြောင်းသွားပါတယ်။
ဖရီးဒမ်းဟောက်စ် အဖွဲ့ကြီးက နှစ်စဉ်ပြုစုတဲ့ အရပ်ဖက် လွတ်လပ်မှုတွေ၊ နိုင်ငံရေး ရပိုင်ခွင့်တွေနဲ့ အခုဖော်ပြလိုက်တဲ့ အချက်အလက် အထောက်အထားတွေကို နှိုင်းယှဉ်စဉ်စားလိုက်တဲ့အခါ အဓိပ္ပါယ်တွေ အများကြီး ပိုပေါ်လွင်သွားပါတယ်။ အမှတ် ၇ ခုပါတဲ့ ပေတံနဲ့ တိုင်းတာလိုက်ရင် ရွေးကောက်ပွဲ ကျင်းပပေးတဲ့ အာဏာပိုင်စနစ်တွေက အမှတ် ၄ ကနေ ၆ အတွင်းမှာ ရကြတယ်လို့ ယေဘူယျကျကျပြောနိုင်ပါတယ်။ အမှတ် ၄ လောက်ကို ရောက်သွားရင် အစိုးရတွေရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေ နည်းသွားတယ်လို့ ပြောနိုင်ပြီး နိုင်ငံရေး ဗဟုဝါဒတွေ ပိုထွန်းကားလာတာ၊ အရပ်ဖက် လူ့အဖွ့ဲအစည်းကို ပိုနေရာပေးလာတာ တွေ့ရပါတယ်။ ဒါကြောင့်မို့ ပြိုင်ဆိုင်မှုပိုရှိတဲ့ အာဏာပိုင်စနစ် ပိုဖြစ်လာတယ်လို့လည်း ဆိုပါတယ်။ အဲဒီလိုဖြစ်ရပ်တွေထဲမှာ ပါဝင်တဲ့နိုင်ငံတွေကို ဥပမာအဖြစ် ပေးရမယ်ဆိုရင် ဖူဂျီမိုရီလက်ထက် ပီရူးနိုင်ငံ (၁၉၉၅ ခုနှစ်မှာ ၄.၅မှတ်)၊ အာဏာလွှမ်းမိုးထားတဲ့ ဆိုရှယ်လစ်ပါတီ လက်ထက် ဆီနီဂေါလ် နိုင်ငံ (၁၉၉၀ ပြည့်နှစ်တွေအတွင်း ၄ ကနေ ၄.၅ မှတ်လောက်ရပါတယ်)၊ အိုင်ဗရီကို့တ် (ပြိုင်ဆိုင်မှုမြင့်မားတဲ့ သမ္မတနဲ့ လွှတ်တော်ရွေးကောက်ပွဲတွေကို ဒီနေ့ချိန်မှာ ကျင်းပထားပြီး ၄.၅ မှတ်လောက် ရထားပါတယ်။) ရွေးကောက်ပွဲ မသမာမှုတွေ စဉ်ဆက်မပြတ် ဖြစ်ပွားနေပေမယ့် အကြမ်းဖက်ခြိမ်းခြောက်မှုတွေ အတော်ကလေး နည်းပါးတာကြောင့် တန်ဇန်းနီးယားနိုင်ငံက ဒီမိုကရေစီဖြစ်တယ်လို့ ပညာရှင်အများက ယူဆထားပါတယ်။ ဒါပေမယ့် နိုင်ငံကို အုပ်ချုပ်နေတဲ့ သမ္မတ ဂျူးလီးယပ်စ် နျေးရဲရဲ ရဲ့ပါတီ TANU သမိုင်းကြောင်းကို ပြန်ခြေရာခံကြည့်လိုက်မယ်ဆိုရင် Chama Cha Mapizindi (CCM) ပါတီကို ပြန်တွေ့ရမှာဖြစ်ပြီး တိုင်းပြည်လွတ်လပ်ရေး ရချိန်ကစပြီး နှစ်ပေါင်း ၄၀ လောက် အုပ်ချုပ်ထားတယ်ဆိုတာကို တွေ့ရပါမယ်။
ပေးထားတဲ့ လွတ်လပ်ခွင့်တွေ အတိုင်းအတာနဲ့ ရွေးကောက်ပွဲပြိုင်ဆိုင်နှိုင်မှု အတိုင်းအတာဆိုတာ အမြဲတမ်း တိတိကျကျ သပ်သပ်ရပ်ရပ် ဒွန်တွဲမနေဘူးဆိုတာကြောင့်လည်း ဖြစ်နိုင်ချေတွေ အများကြီးကို လေ့လာဆန်းစစ်နေရတာ ဖြစ်ပါတယ်။ အာဏာရှင်ဆန်ဆန် နည်းတွေနဲ့ တိုင်းပြည်ကို နှစ်ပေါင်းများစွာ အုပ်ချုပ်လာပြီးတဲ့နောက် (မလေရှားနဲ့ ဇင်ဘာဘွေ နိုင်ငံတွေမှာ မကြာသေးခင်က ဖြစ်ထားသလို) ခက်ခဲတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့လာရတဲ့အခါ အစိုးရတွေက အကြမ်းတမ်းဆုံးအဆင့် နှိပ်ကွပ်မှုဆီကို ပြန်ပြီး ဦးလှည့်သွားတတ်ပါတယ်။ နိုင်ငံရေးမှာ အသာရလွှမ်းမိုးမှုကို မဲပုံးကနေ တဆင့် စိတ်ချလက်ချ လုပ်ဆောင်နိုင်တဲ့အခါ မလိုအပ်တဲ့ အကြမ်းဖက်မှုတွေ၊ ခြိမ်းခြောက် အကျပ်ကိုင်မှုတွေကို အသုံးပြုကြတာလည်း ဖြစ်ပါတယ်။ နိုင်ငံရေးအရ ပြိုင်ဆိုင်မှုတွေ ပြောင်းလဲသွားတာနဲ့ နိုင်ငံရေးအရ ဖိနှိပ်ချုယ်ချယ်မှုတွေ ပြောင်းလဲသွားတာရဲ့ ကြားမှာ ဆက်နွှယ်ချက်တွေကို ခြေရာခံလိုက်ကြည့်နိုင်မယ် ဆိုရင်တော့ ရွေးကောက်ပွဲကျင်းပတဲ့ အာဏာပိုင်စနစ်တွေက ဘယ်အချိန်မှာ ဘယ်လိုနည်းလမ်းနဲ့ အသွင်ကူးပြောင်းမှုတွေ လမ်းပွင့်သွားမလဲ လမ်းပိတ်သွားမလဲ ဆိုတာကို ပိုကောင်းကောင်း နားလည်လာပါလိမ့်မယ်။
အဖြူရယ်၊ အမည်းရယ်၊ မီးခိုးရောင်ရယ်
ဒါကြောင့်မို့ နိုင်ငံရေးစနစ်တွေကို နှိုင်းယှဉ်လေ့လာတဲ့ ပညာက ပြဿနာဟောင်းကို အချက်အလက်သစ်တွေ၊ စိတ်ကူးဉာဏ်အသစ်တွေနဲ့ ပြန်လည် ချည်းကပ်လေ့လာနေတယ်လို့ ပြောနိုင်ပါတယ်။ အဲဒါကတော့ အာဏာပိုင် အုပ်ချုပ်ရေး စနစ်တွေအတွင်း အုပ်စုတွေ အချင်းချင်းကြား ဆက်ဆံရေးနဲ့ အာဏာပိုင် အုပ်ချုပ်ရေးတွေရဲ့ ပုံသဏ္ဍန်တွေပါ။ အဲဒီလို အာဏာပိုင် အုပ်ချုပ်ရေး ပုံသဏ္ဍန်တွေ ကွဲပြားနေတာကို အရေးတကြီးလေ့လာဖို့ လိုနေပါတယ်။ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်တွေက တခုနဲ့ တခု ပုံသဏ္ဍန်အရရော အတိုင်းအတာအားဖြင့်ပါ သိသိသာသာ ထင်ထင်ရှားရှား ကွဲပြားနေကြသလို ခေတ်ပြိုင် အာဏာပိုင် အုပ်ချုပ်ရေး စနစ်တွေကလည်း အဲဒီလို ကွဲပြားနေကြပါတယ်။ မျက်မှောက်ခေတ် အစိုးရ အပြောင်းအလဲတွေ ဖြစ်ပေါ်ရာမှာ ပြောင်းလဲရတဲ့ အကြောင်းရင်း၊ အပြောင်းအလဲပေါ်မှာ ရှိနေတဲ့ ကန့်သတ်ချက်၊ အပြောင်းအလဲ နိုင်ငံရေးအခြေအနေ အတွင်းက အုပ်စုတွေကြား ဆက်ဆံရေး နဲ့ အပြောင်းအလဲ ဖြစ်နိုင်ချေကိုပါ နားလည် သဘောပေါက်လာဖို့ဆိုရင် အာဏာပိုင် အုပ်ချုပ်ရေးတွေရဲ့ မတူကွဲပြားတဲ့ အမျိုးအစားတွေ (တချို့နိုင်ငံတွေမှာ ဆိုရင် အင်္ဂါရပ်အသစ်တွေ) ကိုပါ နားလည် သဘောပေါက်ထားဖို့ လိုပါတယ်။
အဖြူအမည်း ပြတ်ပြတ်သားသား မပြောနိုင်တဲ့ လက်တွေ့နိုင်ငံရေး လောကထဲက နိုင်ငံတွေကို အခုပြောတဲ့ ဆောင်းပါးတွေထဲက အတိုင်း အမျိုးအစား ခွဲခြားဖော်ပြဖို့ ကြိုးစား အားထုတ်တာကလည်း စိတ်မသက်သာစရာ အဖြေတွေကိုပဲ ပေးမယ်ဆိုတာ ကျနော်တို့ နားလည် သဘောပေါက်ထားရပါမယ်။ “စနစ်တစ်ခုလုံး” အပေါ် ခြုံယူစဉ်းစား သုံးသပ်နေတာနဲ့ ပတ်သက်ပြီး ဝေဖန်သူတွေရှိသလို၊ အဲဒီဝေဖန်မှုတွေကိုလည်း လျစ်လျူပြုထားလို့ မရပါ။ နိုင်ငံရေးစနစ်တွေကို အုပ်စုလိုက် အမျိုးအစား ခွဲခြားသတ်မှတ်တာကို အဲဒီဝေဖန်သူတွေက ရှောင်ကျဉ်သလို၊ အုပ်ချုပ်ရေးစနစ်တစ်ခုချင်းစီမှာ ဒီမိုကရေစီမဆန်တဲ့ စရိုက်လက္ခဏာတွေရယ် ဒီမိုကရေစီဆန်တဲ့ စရိုက်လက္ခဏာတွေရယ်ကို ပေါင်းစပ်ထားတာဖြစ်တယ်ဆိုတဲ့ နည်းလမ်ပေါ် အခြေခံပြီး ခွဲခြားသတ်မှတ်နိုင်မဲ့နည်းလမ်းကို သူတို့က ကြိုးစားဖော်ထုတ်ပါတယ်။
ဒါကြောင့်ပဲ အစိုးရတွေ အများစုဟာ “အင်္ဂါရပ်တွေ အမျိုးမျိုးပေါင်းစပ်” ထားတာဖြစ်တယ်လို့ ကျနော်တို့တွေပိုပြီး စဉ်းစားမိလာကြပါတယ်။ နိုင်ငံရေးအရ ပိတ်ပင်ထားတဲ့ အာဏာရှင် နိုင်ငံတွေမှာတောင်မှပဲ အုပ်ချုပ်သူတွေရဲ့ အာဏာကို ကန့်သတ်ထားဖို့နဲ့ ကျယ်ပြန့်တဲ့ သဘောထားတွေကို တိုင်ပင်ရယူဖို့အတွက် အခြေခံဥပဒေပေါ်ကို တစိတ်တပိုင်း အခြေခံတဲ့ လုပ်ထုံးလုပ်နည်းတွေ ရှိကြပါတယ်။ ဥပမာအနေနဲ့ ပြောရရင် တရုတ်ပြည်ရဲ့ အရေးကြီးနိုင်ငံရေးအဆင့်မှာ ပါဝင်သူတွေကို ရွေးချယ်ဖို့အတွက် ရွေးကောက်ပွဲတွေကို မကျင်းပပေးပါ။ ဒါပေမယ့် အာဏာကိုအလှည့်ကျ ခွဲဝေပေးဖို့နဲ့ ဒေသအဆင့်၊ ပြည်နယ်အဆင့် အရာရှိတွေ အကျင့်ပျက်ခြစားတာတွေ နည်းပါးသွာအောင် ဆိုပြီးတော့ အရေးယူ ဆောင်ရွက်ထားတာတွေ ရှိပါတယ်။ နိုင်ငံရေးအရ လွတ်လပ်ခွင့်ပေးဖို့ လုပ်ဆောင်တဲ့ ကြိုးစားမှုတိုင်း လုပ်ဆောင်မှုတိုင်းက အရေးကြီးပါတယ်။ ဒီမိုကရေစီကို ရောက်အောင် အသွင်ကူးပြောင်း သွားနိုင်ဖို့ လမ်းစပွင့်ရေးအတွက် အရေးကြီးသလို ဖိနှိပ်ချုပ်ချုယ်မှု၊ မတော်မတရား လုပ်မှုတွေကို နေ့စဉ်ကြုံတွေ့နေရတဲ့ ပြည်သူတွေရဲ့ နိုင်ငံရေးဘ၀ အရည်အသွေးတွေ တက်လာစေဖို့အတွက်လည်း အရေးကြီးပါတယ်။ ပိုပြီးပွင့်လင်းတဲ့၊ အပြိုင်အဆိုင်ရှိတဲ့၊ ဗဟုဝါဒပိုစုံတဲ့၊ ချင့်ချင့််ချိန်ချိန် လုပ်ဆောင်တတ်တဲ့ အာဏာပိုင်စနစ်ဆီ လိုလိုချင်ချင်သွားမယ့် ခြေလှမ်းတွေကို ရွေးကောက်ပွဲကျင်းပပေးတဲ့ စနစ်တွေမှာထက်စာရင် တခြားနယ်ပယ်တွေမှာ ပိုပြီးပေါ်ပေါက်လာနိုင်တယ်ဆိုတာ လယ်ဗစ်စကီးနဲ့ ဝေးလ်တို့ပြောထားသလိုလည်း ဖြစ်တတ်ပါတယ်။
ဒီမိုကရေစီ အစိုးရတွေဆိုတာ မတူညီတဲ့ အင်္ဂါရပ်တွေကို ပေါင်းစပ်ထားတဲ့ အစိုးရမျိုးတွေ ဖြစ်နေတတ်ပါတယ်။ တချို့သော အင်စတီကျူးရှင်းတွေ (အခြေခံဥပဒေတရားရုံးနဲ့ ဗဟိုဘဏ်လိုမျိုး) ကို ရွေးကောက်ခံအရာရှိတွေ လက်လှမ်းမမှီအောင် တမင်အဝေးမှာထားပြီး လုပ်ပိုင်ခွင့်အာဏာတွေ ပေးထားတဲ့ နည်းတွေနဲ့ ပေါင်းစပ်ထားသလို သိပ်ပြီး သဘောမကျစရာ ကောင်းတဲ့ နယ်ပယ်တွေမှာလည်း ပေါင်းစပ်ထားပါတယ်။ ကမ္ဘာပေါ်မှာ လစ်ဘရယ်အကျဆုံး ဒီမိုကရေစီနိုင်ငံတွေတောင် အကျင့်ပျက် ခြစားမှုတွေကို တိုက်ဖျက်နိုင်ဖို့ စဉ်ဆက်မပြတ် ကြိုးစားနေရပြီး နိုင်ငံရေးနယ်ပယ်မှာ အသပြာငွေကြေးရဲ့ အခန်းကဏ္ဍ လျော့နည်းကျဆင်းသွားအောင် ထိန်းချုပ်နိုင်ဖို့ မနိုင်မနင်းကြိုးစားနေရပါတယ်။ အဲဒီလိုကြိုးစားနေရာမှာ တုံ့ပြန်ဆောင်ရွက်မှုတွေက အားရစရာမကောင်း ပြီးပြည့်စုံမှု မရှိတာကြောင့် နိုင်ငံရေးသိပ္ပံညာရှင် ရောဘတ်ဒါးလ်က သူတို့ကို ဒီမိုကရေစီ (ပြည်သူတွေအုပ်ချုပ်သော ) လို့ ကင်ပွန်းမတပ်ပဲ ပိုလီအာခီ (အုပ်ချုပ်သူ ၂ ယောက်ထက် ပိုသော စနစ်) လို့သာ ကင်ပွန်းတပ်ထားပါတယ်။ ဒီမိုကရေစီ နှိုင်းဆလေ့လာမှုတွေ (Comparative democratic studies) မှာ ပြဿနာ အကြောင်းအရာတွေ တသီတန်းကြီးရှိနေတဲ့အပြင် ရွေးကောက်ပွဲကျင်းပပေးတဲ့ အာဏာပိုင်စနစ်တွေရဲ့ ပုံသဏ္ဍန်နဲ့ အာဏာ ဆက်စပ်ပုံတွေကိုပါ ထပ်ဖြည့်လေ့လာလိုက်ရင် ကျနော်တို့ နိုင်ငံရေးစနစ်တွေ ကိုယ်တိုင်ရဲ့ အပြစ်အနာဆာတွေကိုလည်း တေ့ွလာနိုင်ပြီး လျစ်လျူပြုထားလို့ မရဘူးဆိုတာ သဘောပေါက်သွားပါလိမ့်မယ်။ ရွေးကောက်ပွဲကျင်းပပေးတဲ့ အာဏာပိုင်နိုင်ငံတွေလည်း ဒီမိုကရေစီကို ကျင့်သုံးလာနိုင်ကြတယ်ဆိုတာ ၁၉၉၀ ပြည့်နှစ်တွေအတွင်း တိုင်ဝမ်၊ မက္ကဆီကိုနဲ့ ဆီနီဂေါ နိုင်ငံတွေက နိုင်ငံရေး အသွင်ကူးပြောင်းမှုတွေကို ကြည့်ရင်သိနိုင်ပါတယ်။ အသစ်ပဲဖြစ်ဖြစ်၊ အဟောင်းပဲဖြစ်ဖြစ်၊ လစ်ဘရယ်ပဲဖြစ်ဖြစ်၊ လစ်ဘရယ် မဆန်တာပဲဖြစ်ဖြစ် ဒီမိုကရေစီ နိုင်ငံတွေလည်း အရင်ထက်ပို ဒီမိုကရေစီဆန်လာ၊ ကျင့်သုံးလာနိုင်တယ်ဆိုတာကို ပြနေပါတယ်။
(ပြီး)
(လယ်ရီဒိုင်းမွန်းသည် Journal of Democracy ၏ ပူးတွဲအယ်ဒီတာ၊ National Endowment for Democracy’s International Forum for Democratic Studies ၏ ပူးတွဲညွှန်ကြားရေးမှူး တာဝန်များကို ထမ်းဆောင်လျက်ရှိပြီး Hoover Institution တွင်လည်း ထိပ်တန်းခေါင်းဆောင် တယောက်ဖြစ်သည်။ မကြာသေးခင်က ထွက်ရှိထားသော စာအုပ်များမှာ Political Parties and Democracy [Richard Gunther နှင့် ပူးတွဲတည်းဖြတ်] နှင့် The Global Divergence ofDemocracies (Marc F. Plattner နှင့် ပူးတွဲတည်းဖြတ်) တို့ဖြစ်သည်။)