မန္တလေး စက်မှုဇုန် စွန့်ပစ် ရေဆိုးဒဏ် ဒေသခံများ ခံနေရ
This article has been converted from Zawgyi One to Unicode
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် စာတိုးကျေးရွာရှိ စက်မှုဇုန် စက်ရုံ၊ အလုပ်ရုံများမှ စွန့်ပစ်ရေများကြောင့် ဒုဌဝတီမြစ် အောက် ဘက် ဥယျာဉ်တော်ရွာ အထိ အနံ့ဆိုးများ သက်ရောက်မှုနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
“စွန့်ပစ်ရေတွေကို စက်ရုံရေဆိုး စီမံချက် ပိုက်လိုင်းတွေနဲ့ မိုးထိအောင်စည် ရိပ်သာနားမှာ ရေသန့်စင်စက် ဆောက်ပြီး ဒုဌဝတီ မြစ် ထဲကို စွန့်မယ်လို့ ပြောသံကြားတယ်။ အခုအထိတော့ အကောင်အထည် မပေါ်သေးပါဘူး။ ဘယ်တော့ လုပ်မယ် ဆိုတာကိုလည်း သေချာ မသိရသေးပါဘူး”ဟု ဒုဌဝတီ မြစ်ကြောင်းပေါ်ရှိ မင်းရွာမှ ဒေသခံ ဦးစောက ပြောသည်။
အဆိုပါ ရေဆိုးပြဿနာကို သက်ဆိုင်ရာသို့ လွန်ခဲ့သော ၂ နှစ်ခန့်ကတည်းက တင်ပြတောင်းဆိုမှုများ ပြုလုပ်ခဲ့ရာ မန္တလေး တိုင်းမှူးကိုယ်တိုင် ၅ ကြိမ် ကွင်းဆင်းကြည့်ခြင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းထံ အကူအညီ တောင်းခံခြင်းများ ပြုလုပ်ခဲ့သော်လည်း ထူးခြားမှု မရှိသေးကြောင်း ဒေသခံများက ပြောသည်။
စက်မှုဇုန်ရှိ စက်ရုံများသည် ၎င်းတို့ စက်ရုံမှ ထွက်ရှိလာသော စွန့်ပစ်ရေ အညစ်အကြေးများကို သန့်စင်ခြင်း မပြုဘဲ ပိုက်လိုင်းများမှ တဆင့် ဒုဌဝတီ မြစ်အတွင်းသို့ တိုက်ရိုက်စွန့်ပစ်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သဘာ၀ ပတ်ဝန်းကျင် အဖွဲ့ တဖွဲ့ ဖြစ်သော စိမ်းရောင်စိုအဖွဲ့၏ သုတေသန အစီရင်ခံစာတွင်လည်း ဖော်ပြထားသည်။
ယင်း သုတေသန အစီရင်ခံစာကို ၂၀၁၃ ခုနှစ် ဇူလိုင်လ မှ ဒီဇင်ဘာလ အထိ ၆ လတာ ကာလအတွင်း ဧရာဝတီ မြစ်ဝှမ်းဒေသရှိ နေရာ ၁၁ ခု တွင် သုသေတန ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ရေဆိုး အနံ့တွေကြောင့် အသက်ရှုမဝတာ ခေါင်းကိုက်တာ၊ မူးဝေ အော့အန်တာတွေကို ဒေသခံတွေ ခံစားရပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်တာတွေလည်း များလာပါတယ်”ဟု စိမ်းရောင်စိုအဖွဲ့၏ အတွင်းရေးမှူး ဦးမောင်မောင်ဦးက သုတေသန တွေ့ရှိချက်ကို အခြေခံ၍ ပြောသည်။
၎င်းက ဆက်လက်ပြီး“ဒီစက်မှုဇုန် ရေဆိုးပြဿနာက ဖြစ်နေတာကြာပြီ။ ရေဆိုးဝင်ပြီးတဲ့ နောက်ပိုင်း ငါးရှားသွားတယ်။ ရေဆိုး တွေ က မြစ်ထဲကို အကန့်အသတ်မဲ့ စီးဝင်တယ်။ ယားနာတွေလည်း အဖြစ်များလာကြတယ်။ မြစ်ကမ်းပါးကို ဂလိုင်ဖောက်ပြီး နေ တတ် တဲ့ ဒေသငါးမျိုးရင်း မဟုတ်တဲ့ ငါးစုပ်ခွက်တွေ ပေါက်ဖွား လာတာကြောင့် ကမ်းပါးပြိုကျမှု အန္တရာယ်ကိုလည်း ရင်ဆိုင် ရတော့မယ်”ဟု ရှင်းပြသည်။
စိမ်းရောင်စို အဖွဲ့သည် ၂၀၁၀ ပြည့်နှစ် ဇွန်လတွင် စတင်ဖွဲ့စည်းခဲ့ပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်း များနှင့် လူမှုပရဟိတ လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည့် အဖွဲ့အစည်းတခု ဖြစ်သည်။
မန္တလေးတိုင်းဒေသကြီး စက်မှုဇုန် ကော်မတီ၏ တွဲဖက်အတွင်းရေးမှူးဖြစ်သူ ဦးရဲဝင်းအောင်က“စက်မှုဇုန်ရဲ့ပြဿနာက ကြာပါပြီ။ ဒီအခြေအနေက စည်ပင်က လက်သင့်ခံလို့ လုပ်ငန်းရှင်တွေ အနေနဲ့ ဒဏ်ကြေး ဆောင်ပြီး စွန့်ပစ်နေတာပါပဲ။ မြန်မာဘီယာ ချက် စက်ရုံလိုမျိုးဆိုရင်တော့ သိန်းပေါင်းများစွာ ကုန်ကျခံပြီး ရေဆိုး သန့်စင်တဲ့ စနစ်ကို အသုံးပြုတယ်။ စက်ရုံ ၁၀ ခု လောက် တော့ ဒီစနစ်ကို အသုံးပြုပါတယ်”ဟု ပြောသည်။
စာတိုးကျေးရွာ အောက်ဘက် ၅ မိုင်အကွာတွင် ၁၉၇၂ ခုနှစ်က တည်ဆောက်ခဲ့သော ပုလိပ်ချည်မျှင်နှင့် အထည်စက်ရုံ တည်ရှိပြီး ထိုစက်ရုံ၏ ရေဆိုးများကို ရေကန် ၃ ကန်ဖြင့် အဆင့်ဆင့် သန့်စင်ပြီးမှ စွန့်ပစ်သဖြင့် ညစ်ညမ်းမှုနှင့် အနံ့ဆိုး မရှိကြောင်း၊ စက်မှုဇုန်မှ ရေဆိုးများကိုလည်း ထိုကဲ့သို့ စွန့်ပစ်စေလိုကြောင်း ဒေသခံများက ပြောဆိုသည်။
ရေဆိုးများ စွန့်ပစ်နေသည့် စက်ရုံများတည်ရှိရာ စာတိုးကျေးရွာသည် ဧရာဝတီမြစ် အတွင်းသို့စီးဝင်သော မြစ်ငယ် (ခ) ဒုဌဝတီမြစ် ၏ လက်ယာဘက်ကမ်းတွင် တည်ရှိပြီး မန္တလေးစက်မှုဇုန်မှ ရေဆိုးစွန့်ပစ်ရာ ချောင်းဝ(ဒေသအခေါ် တာပေါက်) ထိပ်တွင် တည်ရှိသည်။
အဆိုပါ ရေဆိုးစွန့်ပစ်မှုနှင့် ပတ်သက်၍ မန္တလေး တိုင်းဒေသကြီး စည်ပင်သာယာရေး ကော်မတီ၊ ရေနှင့် သန့်ရှင်းမှု ဌာနမှ ရေသန့်ဌာနမှူး ဦးတင့်လွင်က “စည်ပင်ရဲ့ ဘတ်ဂျက်နဲ့ မနိုင်တဲ့အတွက် အိတ်ဖွင့် တင်ဒါ ခေါ်ပါတယ်။ ကုမ္ပဏီ ၅ ခုထဲကနေ ထိုင်း ကုမ္ပဏီ နဲ့ စာချုပ်ချုပ်တဲ့ အဆင့်တောင် ရောက်နေပါပြီ။ မတ်လ နောက်ပိုင်းလောက်မှာ အကောင်အထည် ဖော်ဖြစ်မှာပါ။ အဲဒီအခါကျရင် စက်ရုံပေါင်း ၉၀ ကျော်က ဒီစနစ်နဲ့ပဲ ရေဆိုးစွန့်ထုတ်သွားမှာပါ။ ရေဆိုးပစ်ခ ကတော့ ရေမီတာလိုပဲ များများထွက်ရင် များများ ဆောင်ရမှာပါ”ဟု ပြောသည်။
ထိုင်းကုမ္ပဏီ တခုဖြစ်သည့် HydroTed Mandalay နှင့် ပူးပေါင်းကာ BOD (Biochemical Oxygen Demand) ရေဆိုး စွန့်ပစ် သည့် နည်းပညာကို အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မန္တလေးစက်မှုဇုန်ရှိ စက်ရုံပေါင်း ၉၃ ရုံအနက် စက်ရုံ ၁၀ ရုံခန့်သည် ၂ မိုင်ခန့် ကွာဝေးသည့် တောင်အင်း မြောက်အင်း အတွင်း သို့ စက်မှုဇုန် ၆၇ လမ်းတလျှောက်မှ ၁၀ လက်မ ကျယ်သည့် ပိုက်လိုင်းဖြင့် ပေ ၂ သောင်းကျော် သွယ်တန်း၍ BOD စနစ် အသုံးပြုကာ ရေဆိုးများစွန့်ထုတ်လျက် ရှိကြောင်း ရေနှင့် သန့်ရှင်းမှုဌာနက ပြောသည်။