စစ်ကိုင်းတိုင်း အရာတော်မြို့နယ် အခြေစိုက် စစ်တပ် သုံးခုက တပ်မြေအဖြစ် အဓမ္မ သိမ်းယူထားသည့် တောင်ယာခင်းများ ပြန် လည် လုပ်ကိုင်ခွင့် သို့မဟုတ် ထိုက်တန်သည့် လျော်ကြေးငွေ ရရှိရန် ဒေသခံ တောင်သူများက စုပေါင်း လက်မှတ်ရေးထိုးပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ တောင်းဆိုသွားမည် ဖြစ်ကြောင်း သိရသည်။
အရာတော်မြို့နယ် အခြေစိုက် အမှတ်(၅၀၄)သံချပ်ကာတပ်၊ အမှတ်(၃၆၉) သစ်ကျင်းကြီး အမြောက်တပ်နှင့် အမှတ်(၁၀) စစ်အခြေ ခံ လေ့ကျင့်ရေး တပ်များက အရာတော်မြို့နယ် အတွင်းရှိ ဒေသခံများ၏ ပဲစင်းငုံ၊ နှမ်း၊ မြေပဲ၊ ပဲနောက်နှင့် ဝါ စိုက်ပျိူးမြေ ဧက ၂၀၀၀ ကျော်ကို တပ်မြေအဖြစ် သိမ်းဆည်းခံရခြင်း ဖြစ်ကြောင်း ကာယကံရှင် တောင်သူများက ပြောသည်။
ယာမြေ ၅ ဧကကျော် အသိမ်းခံလိုက်ရသည့် အရာတော်မြို့နယ် ညောင်ဒူးကြီး ကျေးရွာသားတဦးက“မြေတွေက စစ်တပ် အုပ်ချုပ် တဲ့ အချိန်က သိမ်းထားတာဖြစ်ပေမယ့် အခု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ဒီမိုကရေစီ လိုလားတယ်လို့ ပြောဆိုလာပြီ။ ဒါကြောင့် မြေတွေ အသိမ်းခံလိုက်ရလို့ ဆင်းရဲဒုက္ခရောက်ကုန်တဲ့ ကျနော်တို့တွေကို မြေတွေ ပြန်ပေးဖို့ စုပေါင်း လက်မှတ်ထိုးပြီး တောင်းဆိုဖို့ လုပ်တာပါ”ဟု ဧရာဝတီကို ပြောသည်။
ယာမြေတွေ အသိမ်းခံထားရသူများတွင် အရာတော်မြို့ခံများ အပါအဝင် မြို့နယ်တွင်းရှိ သစ်ကျင်းကြီး ကျေးရွာအုပ်စုရှိ ညောင်ဒူးကြီး၊ ငှက်ပျောခြံ၊ ကံသာ ကျေးရွာအုပ်စုရှိ တော်လှ၊ ရဲချင်း ကျေးရွာ အုပ်စုရှိ ဝါးတန်းလေး စသည့် ကျေးရွာများရှိ တောင်သူများ၏ ယာမြေများ ပါဝင်ကြောင်း သိရသည်။
စစ်အစိုးရ အုပ်ချုပ်စဉ် ၂၀၀၁ ခုနှစ်က အမှတ် (၅၀၄) သံချပ်ကာတပ်နှင့် အမှတ်(၃၆၉) သစ်ကျင်းကြီး အမြောက်တပ် တို့က တောင် သူများ၏ မြေဧက ၈၀၀ ကျော်ကို သိမ်းယူခဲ့ပြီး မြေယာနဲ့ သီးနှံလျော်ကြေး တပြားတချပ်မျှ ပေးလျော်ခြင်း မရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
တပ်သိမ်းခံထားရသည့် ယာမြေများသည် တပ်အဆောက်အအုံ ဆောက်လုပ်ရန်ထက် များစွာပိုလွန်နေပြီး ယင်းမြေနေရာတွင် စစ် တပ် ရန်ပုံငွေအဖြစ် သီးနှံများ စိုက်ပျိုးနေကြောင်း သိရသည်။
ယာမြေများအား စစ်တပ်က သိမ်းယူပြီးနောက်ပိုင်း မူလပိုင်ရှင်များကို သီးစားခယူပြီး စိုက်ပျိူးလုပ်ကိုင်ခွင့် ပြုခဲ့သော်လည်း ၂၀၁၂ ခုနှစ်တွင် လုံးဝရပ်ဆိုင်းလိုက်ကြောင်း ဒေသခံများက ဆိုသည်။
ယာမြေ ၁၇ ဧက အသိမ်းခံထားရသည့် ညောင်ဒူးကြီး ကျေးရွာသား ဦးကိုမြင့် က “အစိုးရက ပြည်သူတွေ အတွက် ဆင်းရဲမွဲတေမှု တိုက်ဖျက်နေတယ်ဆိုတာ ဘယ်လိုဟာလဲလို့တောင် စဉ်းစားမရ ဖြစ်မိတယ်။ ကျနော့်မှာ ယာတွေ မရှိတော့တဲ့အတွက် သူများအလုပ်တွေ လိုက်လုပ်၊ အလုပ် အဆင်မပြေတော့ ကလေးကို ၂ တန်းနဲ့ ကျောင်းထုတ်လိုက် ရတယ်၊ အခု နောက်တယောက်လည်း ၅ တန်းနဲ့ ထုတ်လိုက် ရပြန်ပြီ”ဟု ဧရာဝတီကို ပြောသည်။
အမှတ် (၁၀) စစ်အခြေခံ လေ့ကျင့်ရေးတပ်က တပ်မြေ နေရာအတွက် အကြောင်းပြကာ တောင်သူများ၏ မြေဧက ၁၀၀၀ ကျော်ကို ၁၉၉၁ ခုနှစ်တွင် သိမ်းယူခဲ့ပြီး သိမ်းယူစဉ်က ယာမြေ တဧကကို သီးနှံကြေး ကျပ် ၆၀၀ နှင့် မြေ လျော်ကြေး ကျပ် ၇၅၀ ပေးချေခဲ့ သော်လည်း ယင်းလုပ်ရပ်သည် အာဏာသုံးပြီး အတင်းအကျပ် လုပ်ဆောင်ခဲ့မှု ဖြစ်သည့်အတွက် နစ်နာကြေး ရရှိလိုကြကြောင်း ဒေသခံ ကာယကံရှင်များက ပြောဆိုကြသည်။
ယာမြေ အသိမ်းခံထားရသည့် တောင်သူများအပါအဝင် ဒေသခံ ၁၀၀ ကျော်က ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်က အရာတော်မြို့ပေါ်တွင် တောင်သူ လယ်သမား အခွင့်အရေး အပြည့်အဝ ရရှိရေး၊ နစ်နာကြေးများ ရရှိရေး၊ တပ်သိမ်းမြေများ ပြန်လည် ရရှိရေး စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး ဆန္ဒပြ တောင်းဆိုခဲ့ကြကြောင်း သိရသည်။
“ကျနော်တို့ရဲ့မြေတွေကို ပြန်မပေးနိုင်ဘူး ဆိုရင်လည်း ကာလပေါက်ဈေး အတိုင်း နစ်နာကြေးတွေ ပေးစေချင်တယ်၊ ယာ ပြန်ပေး ရင်တော့ ကောင်းတာပေါ့ဗျာ၊ ကိုယ့်ယာမြေပေါ်မှာ လုပ်ကိုင် စားသောက်ပြီး မိသားစု စားဝတ်နေရေး အခက်အခဲ ဖြေရှင်းနိုင်တာပေါ့၊ တကယ်လို့ တောင်းဆိုလို့ မရဘူးဆိုရင်တော့ ရတဲ့အထိ ကျနော်တို့ တပ်မတော်ကို ဆန္ဒပြရလိမ့်မယ်”ဟု ညောင်ဒူးကြီး ကျေးရွာသား ဦးကိုမြင့် က ပြောသည်။
၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက် အထိ လွှတ်တော်စုံစမ်းရေး ကော်မရှင်သို့ စစ်တပ်နှင့် သက်ဆိုင်သည့် တင်ပြ တိုင်ကြားစာပေါင်း ၅၆၅ စောင်ရှိပြီး စစ်တပ်သိမ်းမြေ ဧကပေါင်း ၂၄၇၀၇၇. ၆၀ ရှိကြောင်း ယင်းကော်မရှင်က ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသည့် အစီရင်ခံစာ အရ သိရသည်။
သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု လွှတ်တော် လယ်ယာမြေကော်မရှင် ဥက္ကဌထံသို့ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၂ ရက် နေ့စွဲဖြင့် ပေးပို့ခဲ့သော သဝဏ်လွှာတွင် နေပြည်တော် အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၅ ခုတို့တွင် လယ်ယာမြေ အမှုပေါင်း ၇၄၅ မှု အနက် ၄၁၈ မှုကို ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၆ မှ ဒီဇင်ဘာ ၂၆ ရက် အတွင်း ရှင်းလင်းပေးပြီး ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
အဆိုပါ အမှုများတွင် စစ်ကိုင်းတိုင်းတွင် ဖြစ်ပွားသည့် အမှု ၂၀ ပါဝင်ပြီး ၁၇ မှုကို ရှင်းပေးပြီးဖြစ်ကြောင်း ဖော်ပြထားသည်။
သို့သော်လည်း မြေအသိမ်းခံရသည့် ပြည်သူများကို စစ်တပ်က ဖြေရှင်းပေးသည့် ပုံစံသည် ပွင့်လင်းမြင်သာမှု မရှိကြောင်း လွှတ်တော် အမတ်များ၏ ထောက်ပြဝေဖန်မှုများ ရှိနေသည်။