မြန်မာ-အိန္ဒိယ နယ်စပ် နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နန်းယွန်းမြို့နယ် ပန်ဆောင်းမြို့နယ်ခွဲတွင် နယ်စပ် ကုန်သွယ်ရေးဇုန် ဆောက် လုပ်ရန် စီစဉ်နေကြောင်း သိရသည်။
အဆိုပါ ကုန်သွယ်ရေးဇုန် နေရာသည် မြန်မာ၊ အိန္ဒိယနှင့် တရုတ် သုံးနိုင်ငံ ကုန်သွယ်ရေးအတွက် ဖြစ်ပြီး သွားလာရေး လွယ်ကူရန် အတွက် နိုင်ငံကူး လက်မှတ် ထုတ်ပေးသည့် ဂိတ်များကိုပါ ဖွင့်လှစ်ရန် စီစဉ်နေကြောင်း နန်းယွန်းမြို့ လူဝင်မှု ကြီးကြပ်ရေး ဦးစီး ဌာနမှ ဦးစီးမှူး ဦးသိန်းဟန်က ဧရာဝတီသို့ ပြောသည်။
“ကုန်သွယ်ရေးဇုန် ဆောက်ဖို့အတွက် ကျနော်တို့ သွားကြည့် ပြီးသွားပြီ။ နေရာလည်း လျာပြီးသွားပါပြီ။ နယ်စပ် ကုန်သွယ်ရေးဇုန် ဖွင့်ရင်တော့ နာဂဒေသက အရင်ကထက် ပိုဖွံ့ဖြိုးလာမယ်လို့ မျှော်လင့်ပါတယ်”ဟု ၎င်းက ဆိုသည်။
ပန်ဆောင်းမြို့နယ်ခွဲရှိ နယ်စပ်ကုန်သွယ်ရေးဇုန်ကို တရုတ်နှင့် အိန္ဒိယ ကုန်ပစ္စည်းများ ကုန်သွယ်မှု သွားလာနိုင်ရန်နှင့် တရုတ် နယ် စပ် ဖြစ်သည့် ကချင်ပြည်နယ်မှ နာဂဒေသ အထိ လမ်းများ စတင် ဖောက်လုပ်နေကြောင်း ဦးသိန်းဟန်က ဆက်ပြောသည်။
“အခုတော့ ကျနော်တို့ ကချင်ပြည်နယ်ဘက်ကနေ စပြီး လမ်းတွေ ဖောက်နေပါပြီ။ လာမယ့်နှစ်မှာ အပြီး ဖောက်လုပ်သွားပါမယ်။ အခုဆိုရင် နာဂဒေသမှာလည်း ကွန်ကရစ် တံတားတချိူ့လည်း ဆောက်လုပ်ပြီးသွား ပါပြီ”ဟု ယင်းလမ်းကို ဖောက်လုပ်နေသည့် လမ်းတံတားမှ တာဝန်ရှိသူ တဦးက ဆိုသည်။
အဆိုပါ လမ်းမကြီးသည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တနိုင်းမြို့မှ စစ်ကိုင်းတိုင်း ဒေသကြီး နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ နန်းယွန်းမြို့နယ်ကို ဖြတ်သန်း ဖောက်လုပ်မည့်လမ်း ဖြစ်ကြောင်း သိရသည်။
ပန်ဆောင်းမြို့နယ်ခွဲတွင် နေထိုင်သည့် ကိုချင်းမောင်က“ပန်ဆောင်းမှာ လက်ရှိတော့ တလကို သုံးရက်ဈေးနေ့ ရှိပါတယ်။ ဈေးနေ့မှာ အိန္ဒိယဘက်က ကုန်ပစ္စည်းတွေ လာရောင်းတယ်။ နယ်စပ် ကုန်သွယ်ရေး ဖွင့်ရင်တော့ ကျနော်တို့ ပန်ဆောင်းမြို့ရော နာဂ ဒေသ ရော ဖွံ့ဖြိုးလာမယ်လို့ ထင်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ နာဂ တိုင်းရင်းသားများသည် လူနေမှု၊ စီးပွားရေး၊ စားဝတ်နေရေးနှင့် လမ်းပန်း ဆက်သွယ်ရေးများ ခက်ခဲနေသေးကြောင်း၊ နယ်စပ် ကုန်သွယ်ရေးဇုန် တခု ဖွင့်လိုက်ပါက ဒေသခံ ပြည်သူများလည်း လူနေမှု အဆင့်အတန်း မြင့်လာမည် ဖြစ်ကြောင်း ကိုချင်း မောင်က ပြောဆိုသည်။
အိန္ဒိယ နယ်စပ်ဒေသ ဖြစ်သည့် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် တလလျှင် သုံးရက်ဈေးနေ့ ရှိကြောင်း၊ အိန္ဒိယပြည် အတွင်းသို့ အပတ်စဉ် သောကြာနေ့တိုင်း သွားရောက်ခွင့် ရှိကြောင်း၊ နယ်စပ် ကုန်သွယ်ရေးဇုန် ဖွင့်လှစ်မည် ဆိုပါက အမြဲတမ်း သွားလာခွင့် ရမည်ဖြစ်ကြောင်း သိရသည်။
“နယ်စပ် ကုန်သွယ်ရေးဇုန်လို့သာ ပြောတာ။ ချင်းပြည်နယ် တမူးလိုပဲ ဖြစ်မှာပါ။ တရုတ်နယ်စပ် မူဆယ်တို့လိုတော့ အရမ်း မစည် ဘူးပေါ့။ ပြီးတော့ အိန္ဒိယနဲ့ တရုတ် ကုန်သွယ်ရေး ဖြတ်သန်းမှာလေ။ လမ်းပိုင်းကိုတော့ အဓိက လုပ်ဆောင်နေ ကြတယ်”ဟု လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးသိန်းဟန်က ပြောသည်။
လက်ရှိအသုံးပြုလျက်ရှိသည့် မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်မှု စခန်းကို ၁၉၉၄ ခုက မြန်မာနယ်စပ် တမူးမြို့နယ်နှင့် အိန္ဒိယ နယ်စပ် မိုးရေးမြို့တို့တွင် ပထမဆုံး နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး စခန်း ဖွင့်လှစ်ခဲ့ပြီး တမူး နယ်စပ် ကုန်သွယ်ရေး စခန်းကို ၁၉၉၅ ခုနှစ်၌ စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မြန်မာ-အိန္ဒိယ နယ်နိမိတ် တိုင်းတာ သတ်မှတ်မှုများကိုလည်း ယခုနှစ် ဇန်နဝါရီ ၆ ရက် နံနက်ပိုင်းက စတင် ဆောင်ရွက်နေကြောင်း ဇန်နဝါရီ ၈ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။
နယ်နိမိတ် သတ်မှတ်ခြင်း မလုပ်ရသေးသည့် မှတ်တိုင် ၇၆၊ ၇၈ အနီး၌ အိန္ဒိယနိုင်ငံဘက်မှ ပူးပေါင်း စစ်ဆေးရေးဂိတ် (Integrated Check Post–ICP) အတွက် မြေဖို့ခြင်း၊ မြေတူးခြင်း လုပ်ငန်းများ ဆောင်ရွက်နေသဖြင့် မြန်မာနိုင်ငံဘက်မှ ကန့်ကွက် မှုများ ပြုလုပ်ခဲ့ရာ ဇန်နဝါရီ ၂ ရက်တွင် ရပ်တန့်ပေးခဲ့ကြောင်း၊ ယခုအခါ နှစ်နိုင်ငံ မြေတိုင်းအဖွဲ့များ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်းလည်း သတင်းစာ၌ ပါရှိသည်။
မြန်မာ-အိန္ဒိယ နယ်နိမိတ် သဘောတူ စာချုပ်ကို ၁၉၆၇ ခုနှစ် မတ် ၁၀ ရက်တွင် ချုပ်ဆိုခဲ့ပြီး ၁၉၆၈-၁၉၆၉ ခုနှစ်တွင် နယ်နိမိတ် တိုင်းတာခြင်း လုပ်ငန်းကို အောင်နိမိတ် စစ်ဆင်ရေးဖြင့် အဆင့် ၇ ဆင့်ခွဲ၍ ဆောင်ရွက်ခဲ့ရာ ၁၉၇၅ ခုနှစ်တွင် ပြီးစီးခဲ့ကြောင်း သိရ သည်။
ယင်းသို့ နယ်နိမိတ် တိုင်းတာရေး လုပ်ငန်းများ ဆောင်ရွက်စဉ် ကဘော် ချိုင့်ဝှမ်း ဒေသ၌ နယ်နိမိတ် မှတ်တိုင် တချို့ စိုက်ထူရေး တွင် မြေပုံနှင့် မြေပြင် ကွဲလွဲမှုကြောင့် နှစ်ဘက် ညှိနှိုင်းခဲ့သော်လည်း ပြေလည်မှု မရရှိသဖြင့် နယ်နိမိတ် မှတ်တိုင် အမှတ် ၆၆၊ ၇၆၊ ၇၈၊ ၈၉၊ ၉၀၊ ၉၁၊ ၉၂၊ ၉၃ နှင့် ၉၄ တို့ကို စိုက်ထူနိုင်ခြင်း မရှိခဲ့ကြောင်းလည်း အစိုးရ ထုတ်ပြန်ချက်၌ ပါရှိသည်။