မလေးရှား အော်ပရာစီ စစ်ဆင်ရေးတွင် မြန်မာနိုင်ငံသား ၁၅၀ ကျော် ဖမ်းဆီးခံရ
This article has been converted from Zawgyi One to Unicode
မလေးရှား နိုင်ငံရှိ တရားမဝင် နိုင်ငံခြားသားများ အဖမ်းအဆီးပြုလုပ်မှု (အော်ပရာစီ စစ်ဆင်ရေး)တွင် မြန်မာနိုင်ငံသား ၁၅၀ ကျော် အဖမ်းခံ ရကြောင်း သတင်းရသည်။
အော်ပရာစီ စစ်ဆင်ရေးကို ဇန်နဝါရီလ ၂၁ ရက်တွင် စတင်လုပ်ဆောင်မည်ဟု မလေးရှား အစိုးရက ကြေညာထားသော်လည်း မလေးရှားနိုင်ငံရှိ မြို့တချို့၌ ဇန်နဝါရီ ၁၉ ရက်က စတင် ဖမ်းဆီးမှုများ ရှိကြောင်း သိရသည်။
ယင်းစစ်ဆင်ရေးကြောင့် အလုပ်သမား အများစုသည် အပြင်မထွက်ရဲသည့် အတွက် အလုပ်မဆင်းနိုင်ကြကြောင်း၊ ယခုရက်ပိုင်းတွင် အဖမ်းခံထားရသူ မြန်မာနိုင်ငံသား ၁၅၀ ကျော် ရှိကြောင်း မလေးရောက် မြန်မာတချို့က ဧရာဝတီ ကို ပြောသည်။
“အလုပ် မလုပ်ရတာ တပတ်ရှိပြီ၊ အလုပ်ရှင်ကလည်း တာဝန်မယူတော့ အများစုက အလုပ် မဆင်းရဲကြဘူး၊ တချို့ဆို အဖမ်းခံ ထား ရပြီ၊ မြန်မာသံရုံးကတော့ အခုအထိ ကူညီပေးတာတွေ မရှိသေးပါဘူး”ဟု ကွာလာလမ်ပူရှိ စားသောက်ဆိုင် တခုတွင် လုပ် ကိုင် နေသူ မြန်မာ အလုပ်သမားတဦးက ဧရာဝတီကို ပြောသည်။
အော်ပရာစီ စစ်ဆင်ရေးကို ၃ လ ဆောင်ရွက်မည်ဖြစ်ကြောင်း မလေးရှား အာဏာပိုင်များက ကြေညာထားပြီး ကွာလာလမ်ပူမြို့ အပါအဝင် မြို့ပေါင်း ၁၀၀ ကျော်နှင့် စက်ရုံ၊ အလုပ်ရုံ၊ စိုက်ပျိုးရေးခြံများ၊ ဈေးဆိုင်များကိုပါ ဝင်ရောက် စစ်ဆေး ဖမ်းဆီးမည် ဖြစ် ကြောင်း သိရသည်။
ဇန်နဝါရီ ၁၉ ရက် ညနေပိုင်းက စတားဘတ်မြို့ရှိ စားသောက်ဆိုင် တခုကို ရှောင်တခင် ဝင်ရောက် ဖမ်းဆီးရာ ဆိုင်တွင် လုပ်ကိုင် နေသည့် မြန်မာနိုင်ငံသား ၁၅ ဦး အဖမ်းခံခဲ့ရကြောင်း၊ တချို့နေရာများ၌ ဖမ်းဆီးခံရသည့် မြန်မာ နိုင်ငံသားများရှိပြီး စုစုပေါင်း ၁၅၀ ကျော် အထိ အဖမ်းခံထားရကြောင်း ကပုန်းနာရေး ကူညီမှု အဖွဲ့မှ ဦးဆန်းဝင်းက ဧရာဝတီကို ပြောသည်။
ယခု စတင် လုပ်ဆောင်နေသည့် အော်ပရာစီ စစ်ဆင်ရေးတွင် မလေးရှားနိုင်ငံ၏ ပြည်ထဲရေး ဝန်ကြီးကိုယ်တိုင် ပါဝင်ပြီး ရဲတပ်ဖွဲ့၊ လူဝင်မှု ကြီးကြပ်ရေး၊ အရပ်ဘက် အဖွဲ့အစည်းများ စသည့် အဖွဲ့ ၁၀ ဖွဲ့ဝန်းကျင် ပူးပေါင်း လုပ်ဆောင်ခြင်း ဖြစ်သည်။
အော်ပရာစီ လုပ်ဆောင်ရခြင်းသည် မလေးရှားနိုင်ငံ၌ တရားမဝင် အလုပ်သမား ပပျောက်စေရေး၊ ရာဇဝတ်မှု လျှော့ချရေး၊ တရား မဝင် အလုပ်သမားဦးရေ များပြားမှုကြောင့် နိုင်ငံတော်၏ အခွန်ဝင်ငွေ နစ်နာမှုကို ကာကွယ်ရေး စသည့် ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း မလေးရှား အစိုးရက ဆိုသည်။
“မလေးမှာ တရားမဝင်တဲ့ သူတွေ လုံး၀ ပပျောက်စေချင်တာ၊ နောက် ရာဇဝတ်မှုတွေမှာ နိုင်ငံခြားသားတွေ ပါဝင် ပတ်သက်မှုတွေ ရှိလာလို့ အော်ပရာစီ လုပ်တာ ထင်ပါတယ်၊ မြန်မာနိုင်ငံသား အများစုကတော့ ကိုယ့်နိုင်ငံ ပြန်ချင် နေကြတယ်၊ ပြန်ဖို့ စာရင်းပေး ထား သူတွေလည်း များပါတယ်”ဟု ကွာလာလမ်ပူရှိ ဧရာဝတီ ဖောင်ဒေးရှင်း၏ တာဝန်ခံ ဦးသီဟမောင်မောင်က ပြောသည်။
အခက်အခဲ အမျိုးမျိုးကြောင့် မြန်မာနိုင်ငံ ပြန်လိုသူများအား ဧရာဝတီ ဖောင်ဒေးရှင်း၊ သီတဂူဖောင်ဒေးရှင်းနှင့် လူမှုအဖွဲ့ တချို့က ကူညီပေးလျက် ရှိသည်။
မလေးရှား၌ မြန်မာနိုင်ငံသား အပါအဝင် အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ တရုတ်၊ ဗီယက်နမ်၊ ပါကစ္စတန်၊ နိုင်ဂျီးရီးယား စသည့် နိုင်ငံသားများ အလုပ်လုပ်ကိုင်လျက်ရှိပြီး ယခု စတင်သည့် အော်ပရာစီတွင် မြန်မာနိုင်ငံသား ၁၀၀ ကျော် အပါအဝင် လူစုစုပေါင်း ၁၅၀၀ ကျော် ဖမ်းဆီးထားကြောင်း သိရသည်။
မလေးရှား၌ ပြီးခဲ့သည့်နှစ် စက်တင်ဘာလက အော်ပရာစီ စစ်ဆင်ရေး လုပ်ခဲ့ရာတွင်လည်း မြန်မာနိုင်ငံသား ရာချီ အဖမ်းခံခဲ့ရ သည်။
ယင်းစစ်ဆင်ရေး၌ ဖမ်းမိသူများကို အထောက်အထား တစုံတရာ မပြနိုင်ပါက မလေးရှား နိုင်ငံ၏ ဥပဒေအရ ထောင် ၃ လ ကျခံရပြီး အများစုကို ထိန်းသိမ်းရေး စခန်းများ၌ ထိန်းသိမ်းထားကြောင်း သိရသည်။
ပြီးခဲ့နှစ် အော်ပရာစီ စစ်ဆင်ရေးအရ မလေးရှားနိုင်ငံ၌ တရားမဝင် နိုင်ငံခြားသား လုပ်သား ၅ သိန်း အထိ ဖမ်းဆီးမည်ဟု မလေးရှား အစိုးရက ကြေညာခဲ့သော်လည်း ဖမ်းဆီးမှု မလုပ်ဆောင် နိုင်ခဲ့ကြောင်း၊ မလေးရှား နိုင်ငံတွင် လူ ၁၀၀၀ ဆန့်သည့် ထိန်းသိမ်းရေး စခန်း ၁၂ ခု သာ ရှိကြောင်း မလေးရောက် မြန်မာများက ပြောသည်။
မလေးရှား နိုင်ငံတွင် တရားဝင် လာရောက် အလုပ်လုပ်ကိုင်သူ မြန်မာ ၃ သိန်းခန့် ရှိပြီး တရားမဝင် အလုပ်လုပ်နေသည့် မြန်မာ လုပ်သား ၁ သိန်းဝန်းကျင် ရှိကြောင်း၊ နိုင်ငံရေး ခိုလှုံခွင့်နှင့် ဒုက္ခသည်အဖြစ် ရရှိရန် ရောက်လာသူ ရာနှင့်ချီရှိကြောင်း သိရသည်။
မြန်မာ တရားမဝင် အလုပ်သမားများအား ဖမ်းဆီးမှုနှင့် ပတ်သက်၍ မေးမြန်းရန် ကွာလာလမ်ပူရှိ မြန်မာသံရုံးနှင့် အလုပ်သမား သံအရာရှိတို့ထံ ဧရာဝတီက ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရရှိပါ။