သတင်း

သီလဝါ အထူးစီးပွားရေးဇုန် အစုရှယ်ယာများ ဘဏ်နှင့်ချိတ်ဆက် ရောင်းချမည်

This article has been converted from Zawgyi One to Unicode

မြန်မာ သီလဝါ အထူး စီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်မှ စီမံကိန်းလုပ်ငန်း ဆောင်ရွက်ရာ၌ အစုရှယ်ယာများအား ကျယ်ပြန့်စွာ ရောင်းချနိုင်ရန် ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်များနှင့် ချိတ်ဆက်ပြီး လာမည့် ဖေဖော်ဝါရီတွင် စတင် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

ယနေ့ ရန်ကုန်မြို့ရှိ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ရုံး၌ မီဒီယာ များနှင့် တွေ့ဆုံသည့် အခမ်းအနားတွင် UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောဆိုခြင်း ဖြစ်သည်။

ယင်းကဲ့သို့ အစုရှယ်ယာများအား ရောင်းချမှု ပြုလုပ်ရာတွင် ရန်ကုန်၊ မန္တလေး မြို့ကြီးများမှ စီးပွားရေး လုပ်ငန်းရှင်များအပြင် နိုင်ငံ တဝန်းရှိ စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်လာနိုင်ရေး အတွက် ပုဂ္ဂလိက ဘဏ်များဖြင့် ချိတ်ဆက်၍ ကျယ်ပြန့်စွာ ရောင်းချနိုင်ရန် ဆောင်ရွက်ခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

“ရှယ်ယာတွေကို ကျယ်ကျယ်ပြန့်ပြန့် ရောင်းနိုင်အောင် ရန်ကုန်၊ မန္တလေး မြို့ကြီးတွေ သာမက နိုင်ငံတွင်းမှာရှိတဲ့ ငွေပိုရှိနေတဲ့ ရင်းနှီး မြှုပ်နှံချင်တဲ့ လူတွေကို ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ဝယ်ယူ နိုင်အောင် ဆောင်ရွက် နေပါတယ်”ဟု ဦးဝင်းအောင်က ပြောသည်။

သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းသည် နိုင်ငံ၏ အဓိက လိုအပ်ချက်ဖြစ်သော စီးပွားရေးဆိုင်ရာ ကုန်ထုတ်လုပ်မှုအတွက် စီးပွားရေးဇုန် တခု ပေါ်ပေါက်လာနိုင်ရေးကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

အများပိုင်ရှယ်ယာ တခုလျှင် ကျပ် ၁၀၀၀၀ ခန့် သတ်မှတ်ထားပြီး အဖွဲ့အစည်းတခု၊ ကုမ္ပဏီတခု သို့မဟုတ် လူပုဂ္ဂိုလ် တဦးတည်း က လက်ဝါးကြီးအုပ် ဝယ်ယူမှု မပြုနိုင်ရန်နှင့် နိုင်ငံတွင်းရှိ အများပြည်သူ အားလုံး ပါဝင် ဝယ်ယူခွင့် ရရှိရေး အတွက် ဝယ်ယူမှု ပမာဏကို ကန့်သတ်ထားမည် ဖြစ်ကြောင်း ဦးဝင်းအောင်က ပြောပြသည်။

“ဒီလုပ်ငန်းကို လုပ်ပေးနိုင်မယ့် ဘဏ်တွေနဲ့ ခေါ်ယူတွေ့ဆုံမှုတွေ ပြုလုပ်ပြီးပါပြီ။ သူတို့တွေဘက်ကလည်း လုပ်ပေးနိုင်တယ်လို့ ဆိုကြတယ်။ ဘဏ်ခွဲတွေက တဆင့် ဝယ်ယူနိုင်အောင် ဆောင်ရွက်နေ ပါတယ်။ ပုဂ္ဂလိကဘဏ် လုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ် ကိုင်နေကြတဲ့ ဘဏ်တော်တော် များများပါတယ်”ဟုလည်း ၎င်းက ဆိုသည်။

သီလဝါ အထူး စီးပွားရေးဇုန် စီမံကိန်း အတွက် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဘ၀ ထိခိုက် နစ်နာမှု အကဲဖြတ်ချက်(EIA နှင့် SIA) အစီရင်ခံစာ ထုတ်ပြန်ပြီးပါက မြန်မာ သီလဝါ အများပိုင် ကုမ္ပဏီ၊ ဂျပန် ကုမ္ပဏီ သုံးခုနှင့် ဖွဲ့စည်းထားသော အကျိုးတူ ပူးပေါင်းမှု အဖွဲ့အစည်းတို့က လုပ်ငန်း ဖက်စပ် ဆောင်ရွက်မှု စာချုပ် လက်မှတ် ရေးထိုးမည် ဖြစ်ကြောင်း သိရသည်။

အများပိုင် ရှယ်ယာ ရောင်းချမည့်ပမဏ သတ်မှတ်ခြင်းနှင့် ဒါရိုက်တာအဖွဲ့ဝင် ရွေးချယ်ခြင်းတို့ကို ဆက်တိုက် ပြုလုပ်သွားမည် ဖြစ် ကြောင်း ဦးဝင်းအောင်က ဆက်ပြောသည်။

သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းသည် အချိန် တနှစ်ခွဲကျော် ကာလအတွင်း ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပြီး ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များ လုပ်ငန်း ပါဝင် ဆောင်ရွက်နိုင်ရန် ရှယ်ယာ ခေါ်ယူခြင်းကို ဖေဖော်ဝါရီ ဒုတိယပတ်တွင် စတင်ခေါ်ယူနိုင်ရန် ၎င်းတို့ အနေဖြင့် ဦးစားပေး ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည်ဟု ဦးဝင်းအောင်က ဆိုသည်။

ရှယ်ယာတန်ဖိုး သတ်မှတ်ချက်နှင့် ရှယ်ယာခေါ်ယူခြင်း ဆိုင်ရာနှင့် ပတ်သက်၍လည်း ရှယ်ယာ စတင် ခေါ်ယူသည့်နေ့တွင် တနိုင်ငံ လုံးသို့ တပြိုင်နက် ကြေညာပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ သီလဝါ အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ လီမိတက်မှ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု အဖြစ် မြန်မာနိုင်ငံသားများမှ ၅၁ ရာခိုင်နှုန်း ပါဝင်မြှုပ်နှံမည် ဖြစ်ကြောင်း၊ ယင်းတို့ အထဲမှ ၁၀ ရာခိုင်နှုန်းသည် မြန်မာသီလဝါ အထူး စီးပွားရေးဇုန် ဖွံ့ဖြိုးရေး ကုမ္ပဏီ၏ စီမံခန့်ခွဲရေး ကော်မတီဝင်များမှ ပါဝင်မည် ဖြစ်ကြောင်း၊ ကျန်ရှိသည့် ၄၁ ရာခိုင်နှုန်းကို ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များ အတွက် အချိုးချ ထည့်ဝင်ရမည့် ငွေပမာဏကို ရှယ်ယာ ခေါ်ယူသွားမည် ဖြစ်ကြောင်း ဦးဝင်းအောင်က ဆိုသည်။

သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်း ပထမအဆင့်ကို ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က စတင်ခဲ့ပြီး မြေဟက်တာ ၄၀၀ ဝန်းကျင် တွင် အကောင်အထည် ဖော်မည်ဖြစ်ကာ မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် အဆင့်မြင့် နည်းပညာသုံး စက်ရုံများနှင့် လုပ်အား အသုံးပြု လုပ်ငန်းများကို ရင်းနှီး မြှုပ်နှံခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။

Loading