သမ္မတ ဦးသိန်းစိန်က စစ်အစိုးရလက်ထက် တနိုင်ငံလုံးတွင် ဖြစ်ပွားခဲ့သော မြေသိမ်းဆည်း ခံရမှုများကို အစိုးရက ဖြေရှင်းဆောင်ရွက်လျက်ရှိသည်ဟု ဇန်နဝါရီလ ၂၁ ရက်နေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ သဝဏ်လွှာ ပေးပို့ အကြောင်းကြားခဲ့သော်လည်း လွှတ်တော် ကိုယ်စားလှယ်များက သမ္မတဦးသိန်းစိန်အစိုးရသည် အဓမ္မမြေသိမ်းမှုများကို ပြေလည်အောင် ဖြေရှင်းပေးသေးခြင်း မရှိဟုဆိုကာ သမ္မတ၏ သဝဏ်လွှာကို လက်မခံဘဲ ဝိုင်းကန့်ကွက်လိုက်ကြသည်။
ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်ထားသော နိုင်ငံတဝန်း မြေသိမ်းမှု အစီရင်ခံစာများနှင့်ပတ်သက် ပြီး အစိုးရအဖွဲ့ အဆင့်အဆင့်က အရေးယူ ဆောင်ရွက်မှုနှင့်ပတ်သက်ပြီး သမ္မတဦးသိန်းစိန်က သဝဏ်လွှာတစောင် လွှတ်တော်သို့ပေးပို့ပြီး ယင်းသဝဏ်လွှာကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်းက လွှတ်တော် အစည်းအဝေးတွင် လာရောက်ဖတ်ကြားပြခဲ့သည်။
သမ္မတ ဦးသိန်းစိန်ကပေးပို့သော သဝဏ်လွှာတွင် ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်ထားသော အစီရင်ခံစာပါ မြေယာသိမ်းဆည်းမှု ပေါင်း ၇၄၅ မှု အနက် အစိုးရက မြေသိမ်းမှုပေါင်း ၄၂၃ ခုကို ဖြေရှင်းပြီးဖြစ်သည်ဟု ဖော်ပြထားသော်လည်း လွှတ်တော်ကိုယ်စားလှယ်များကမူ အစိုးရ၏ အစီရင်ခံစာသည် အောက်ခြေတွင် ဖြစ်ပျက်နေသော လက်တွေ့အခြေအနေများနှင့် ကွဲလွဲလျက်ရှိပြီး အမှန်တရားကို ဖုံးကွယ်ထားသော တင်ပြမှုဖြစ်ကြောင်း၊ အစိုးရ ဖြေရှင်းသည်ဟုဆိုသော်လည်း မြေသိမ်းခံရသူများ လက်ထဲသို့ သိမ်းဆည်း ခံလိုက်ရသော မြေယာများ ပြန်လည်ရောက်ရှိခြင်းမရှိဟု လွှတ်တော်ကိုယ်စားလှယ်များက ဆိုကြသည်။
”အောက်ခြေမှာ တိုင်ထားတဲ့အမှုတွေက အများကြီးပဲ။ တိုင်တဲ့အမှုတွေက ထောင်ချီရှိတယ်။ ကျနော်တို့ ရခိုင်ပြည်နယ်မှာ ၄၂ မှု ရှိတယ်လို့ ပြောတယ်။ တကယ်တော့ အမှုရာနဲ့ချီ ရှိတယ်။ တမှုမှ ပြန်ဖြေရှင်း ပေးတာမျိုလည်း မတွေ့ရသေးဘူး။ လယ်သမားတွေ လက်ထဲကို လယ်တွေ ပြန်အပ်တာ မဟုတ်ဘူး။ ဘယ်လိုရှင်းလိုက်လဲ မသိဘူး။ အဲဒါကို ကိုယ်စားလှယ်တွေက ထပြီး တော်တော်လေး ကန့်ကွက်ကြတယ်။ ကိုယ်စားလှယ်တွေ တော်တော် မကျေမနပ်ဖြစ်တော့ သဝဏ်လွှာကို လွှတ်တော်က လက်မခံဘဲ မှတ်တမ်းပဲ တင်လိုက်တယ်။ ကျနော်တို့က အစိုးရ ဘယ်လိုလုပ်မှာလဲဆိုတာ တိတိကျကျ သိချင်တယ်” ဟု ရခိုင် ပြည်နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။
နေပြည်တော်ကောင်စီတွင် မြေယာသိမ်းဆည်းမှု စုစုပေါင်း ၁၁၁ မှု ဖြစ်ပွားခဲ့ပြီး အစိုးရက ၁ဝ၄ မှု ဖြေရှင်းပြီး မြေသိမ်းဆည်းမှု ၇ မှုသာ ကျန်ရှိသည်ဟု အစိုးရက ထုတ်ပြန်ပြောဆိုမှုအပေါ် သဘောမတူဘဲ ကန့်ကွက်ခဲ့ကြောင်း နေပြည်တော် ဇမ္မူသီရိ မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဧရာဝတီသို့ ပြောသည်။
”ကျမရဲ့ ဇမ္မူသီရီ မြို့တခုတည်းမှာတင် အမှုတွဲပေါင်း ၁ဝဝ ကျော်ရှိတယ်။ နေပြည်တော် ၄ မြို့နယ်မှာဆိုရင် အမှုက ၄ဝဝ ကျော်တယ်။ ပြီးတော့ ရှင်းလင်းတယ်ဆိုတာ ဘယ်လိုရှင်းလိုက်တာလဲ။ လယ်သမားတွေကို ခေါ်ယူကြိမ်းမောင်းပြီးတော့ ရှင်းလိုက်တာလား။ သက်ဆိုင်ရာ နယ်မြေက လွှတ်တော်ကိုယ်စားလှယ် တယောက်အနေနဲ့ ဘာမှလည်း မသိရဘူး ” ဟု ဒေါ်စန္ဒာမင်းကပြောသည်။
သမ္မတ ဦးသိန်းစိန်၏ မြေယာသိမ်းဆည်းမှု ဖြေရှင်းပြီးဖြစ်သည်ဆိုသော သဝဏ်လွှာကို ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များက ဝိုင်းဝန်းကန့်ကွက်ချိန် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များမှာ ဝင်ရောက်ဆွေးနွေးခြင်း မပြုဘဲ တိတ်တဆိတ်ဖြင့် ငြိမ်သက်နေခဲ့ကြကြောင်း သိရှိရသည်။
”တပ်က ဘယ်လောက် သိမ်းထားတယ်။ ဌာနဆိုင်ရာက ဘယ်လောက်သိမ်းထားတယ်။ အဲဒီ အပေါ်မှာ ဘာလုပ်ပေးထားတယ်ဆိုတဲ့ ဖြေရှင်းချက် မပါဘူး။ ကျနော်တို့ လွှတ်တော်က တောင်းဆိုထားတဲ့ အတိုင်း လုပ်၊ မလုပ် အစီရင်ခံစာ ပြန်တင်ပေးရမှာ။ အဲလိုမလုပ်ဘဲ အကျဉ်းချုပ်ပြီးတော့ လာပြောတဲ့ သဘောပဲ။
“လွှတ်တော်ဘက်ကလည်း မြေသိမ်းခံရမှု စုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဦးတင်ထွတ်က လယ်မြေ ကိစ္စတွေကိုအစိုးရဆီကို ထပ်တင်ပြဦးမယ်။ အစိုးရ အနေနဲ့လည်း ဒီထက်ပိုပြီး ဖြေရှင်းပေးဖို့ လိုတယ်ဆို တဲ့ သဘောမျိုးပြောတယ်” ဟု ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ် စားလှယ်တဦးက ပြောသည်။
လွှတ်တော်မှ ဖွဲ့စည်းပေးထားသည့် လယ်ယာ မြေ စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာအရပြည်သူ လူထုထံမှ မြေယာများသိမ်းဆည်းရာတွင် မြို့ပြများ တိုးချဲ့ တည်ဆောက်ရေးအတွက် သိမ်းဆည်းခြင်း၊ စက်မှုဇုန်များတိုးချဲ့ တည်ဆောက်ရေးအတွက် သိမ်း ဆည်းခြင်း၊ တပ်မတော်တပ်ရင်း တပ်ဖွဲ့များတိုးချဲ့ဖွဲ့ စည်းရာတွင် တပ်မြေအဖြစ် သိမ်းဆည်းခြင်း၊ နိုင်ငံ တော်ပိုင် စက်ရုံ၊ အလုပ်ရုံများ တည်ဆောက်ရေးအတွက် သိမ်းဆည်း ခြင်းနှင့် စိုက်ပျိုးရေး၊မွေးမြူရေး စီမံကိန်းများ ဆောင်ရွက်ရန် ပုဂ္ဂလိကကုမ္ပဏီများ သို့ မြေနေရာ ချထားပေး ခြင်းတို့အတွက် အာဏာ ပိုင်များ၊ တပ်မတော်နှင့် ပုဂ္ဂလိက ကုမ္ပဏီများက မြေသိမ်းမှုများ ပြုလုပ်ကြကြောင်း သိရှိရသည်။
သမ္မတ ဦးသိန်းစိန်နှင့် လွှတ်တော်တို့အကြား မကြာခဏဆိုသလို ထိပ်တိုက်တွေ့မှုများ ရှိခဲ့ရာ ယမန် နှစ်ကအစိုးရက လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း အမြန် ပြဋ္ဌာန်းရေး လွှတ်တော်သို့ တင်ပြတောင်းဆိုခဲ့ပြီး လွှတ်တော်က ဆိုင်းငံ့ထားရန် ဆုံးဖြတ်ခဲ့ရာ အပြန်အလှန် အချေ တင်ပြောဆိုမှု ပေါ်ပေါက်ခဲ့ပြီး တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်များက သမ္မတဦးသိန်းစိန်အစိုးရ ဘက်တွင် ရပ်တည်ခဲ့သည်။