သတင်း

ဗိုလ်ချုပ်ဈေး ဆိုင်ခန်းများ ရောင်းချမှု ဖြေရှင်းချက်ပေးရန် လွှတ်တော်တောင်းဆို

This article has been converted from Zawgyi One to Unicode

ရန်ကုန်မြို့၏ အထင်ကရ ဈေးကြီးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းဈေး (ဗိုလ်ချုပ်ဈေး) ရှိ သမဝါယမ ဝန်ကြီးဌာနပိုင် ဆိုင်ခန်းများကို ပုဂ္ဂလိကသို့ရောင်းချခဲ့မှုအပေါ် အမျိုး သားလွှတ်တော်သို့ သေချာစွာ တင်ပြ ဖြေရှင်းချက်ပေးရန်  အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က တောင်းဆိုလိုက်သည်။

ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဗိုလ်ချုပ်အောင်ဆန်းဈေးကြီးရှိ Super World ခန်းမ ၁ နှင့် ၂  ဆိုင်ခန်းများကို ပုဂ္ဂလိကသို့ လွှဲအပ်ရောင်းချထားခြင်း ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်းကို သမဝါယမ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းထွန်းက လာရောက်ဖြေဆိုစဉ် ရှင်းလင်းသော အဖြေမပေးသည့်အတွက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ရှင်းလင်းသည့်ဖြေရှင်းချက် အဖြေမျိုးပေးရန် တောင်းဆိုခြင်း ဖြစ်သည်ဟု သိရှိရသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က နိုင်ငံတော်ပိုင် မြေနေရာပေါ်တွင် ဆောက်ထားသည့် ဗိုလ်ချုပ်အောင်ဆန်းဈေး ဆိုင်ခန်းများကို အစိုးရက ရောင်းချခြင်းမဟုတ်ဘဲ သမဝါယမဝန်ကြီးဌာန လက်အောက်ရှိ သမဝါယမ အမှုဆောင် အဖွဲ့က လက်သိပ်ထိုး ရောင်းချမှုသည် ဥပဒေညီညွတ်မှု ရှိ၊ မရှိ မေးခွန်းမေးမြန်းရာ ဝန်ကြီးဌာနသည် ပြတ်သားသော အဖြေမပေးနိုင်ဘဲ စာတမ်းဖတ်သည့်ပုံစံ လွှတ်တော်တွင် လာရောက်ဖြေဆိုကြောင်း သိရှိရသည်။

”နိုင်ငံပိုင်ပစ္စည်းတွေကို သမဝါယမ အမှုဆောင်အဖွဲ့က ရောင်းချခဲ့တယ်။ ဒါကြောင့် မေးခွန်းထုတ်ခဲ့တာပါ။ လာဖြေတဲ့ဝန်ကြီးက အရင်လုပ်ခဲ့တဲ့ မှတ်တမ်းထဲကအတိုင်း ဒီဆိုင်ခန်းတွေက သမဝါယမပိုင်၊ ဒါပေမယ့် သူတို့က အခြေအနေအရ ရောင်းလိုက်တာလို့ ထဖြေတယ်။ ဒါက နိုင်ငံပိုင်ပစ္စည်းတွေ၊ သမဝါယမ အမှုဆောင် တွေကို ချပေးထားတဲ့နေရာပဲ။ နိုင်ငံပိုင်တွေဗျ။ သမဝါယမ အမှုဆောင်တွေပိုင်တဲ့ ပစ္စည်းမဟုတ်ဘူး” ဟု ဦးဖုန်းမြင့်အောင်က ပြောသည်။

ယခင်ခေတ်က ဗိုလ်ချုပ်ဈေးအတွင်း ဖွင့်လှစ်ထားသည့် Super World ခန်းမ ၁၊ ၂ နေရာရှိ ဆိုင်ခန်း များကို သမဝါယမအမှုဆောင်အဖွဲ့က ပုဂ္ဂလိက လုပ်ငန်းရှင် ဦးမောင်မောင်လွင်၊ ဒေါ်ရှုကြည်ထံသို့ ရောင်းချ ခဲ့ပြီး ယခုအခါ ဆိုင်ခန်း ငှားရမ်းသူများနှင့် ပုဂ္ဂလိကပိုင်ရှင်တို့အကြား အငြင်းပွားမှု ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

”ကျမ ငှားဖွင့်လာတာ ၁၉၉၃ ခုနှစ် နောက်ပိုင်းကတည်းက ငှားဖွင့်လာတာပါ။ ဦးမောင်မောင်လွင် ကို ဆိုင်ငှားခပေးပြီး ငှားဖွင့်ခဲ့တာ။ ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ် နှစ်ကုန်ပိုင်းအထိ ဆိုင်ငှားခပေးပြီးပြီ။ ၂ဝ၁၃ ခုနှစ် ၁၂ ပိုင်း တရက်နေ့က အဲဒီနေရာမှာ အကြီးစားပြင်ဆင်မှု လုပ်မယ်ဆိုပြီး ဦးမောင်မောင်လွင်က စာကပ်တယ်။ ကျမတို့ကို ဖယ်ပေးဖို့ မဖယ်ပေးရင် အတင်းပြောင်းရွှေ့ခိုင်းမယ်လို့ ပြောတယ်။ ကျမတို့ လက်မခံနိုင်ဘူး”ဟု ဆိုင်ခန်းငှားရမ်းသူတဦးမှ ပြောသည်။

ဦးဖုန်းမြင့်အောင်ကမူ ”အစကတည်းက နိုင်ငံပိုင်ကို ပုဂ္ဂလိကပိုင်အဖြစ် ရောင်းလို့ကို မရတာဗျ။ အရင် အစိုးရတွေက လုပ်ထုံးလုပ်နည်းကျော်ပြီး လုပ်ခဲ့တဲ့ကိစ္စ။ အခု အကြီးစားပြင်မယ်ဆိုပြီး ဖယ်ခိုင်းတာတွေဖြစ်တာ တွေက ကိစ္စတခုပေါ့။ ကျနော်ပြောချင်တာက နိုင်ငံပိုင်ပစ္စည်းကို သမဝါယမဝန်ကြီးဌာနက ရောင်းချင်သလို ရောင်းလို့ရသလား။ အဲလိုသာဆိုရင် ဝန်ကြီးဌာနတွေ အားလုံးက နိုင်ငံပိုင်ပစ္စည်းတွေကို ရောင်းကုန်ကြမှာပေါ့” ဟု ဧရာဝတီသတင်းဌာနသို့ ရှင်းပြသည်။

Loading