ဧရာဝတီ စာပေပွဲတော် (Irrawaddy Literary Festival) ကို ဒုတိယအကြိမ်အဖြစ် လာမည့် ဖေဖော်ဝါရီလအတွင်း မန္တလေးမြို့တွင် ကျင်းပရန် စီစဉ်နေသော်လည်း မန္တလေးအခြေစိုက် စာရေးဆရာ၊ ကာတွန်းဆရာများ အပါအဝင် စာပေ အနုပညာရှင် ၇ဝ ရာခိုင်နှုန်းကျော်က ပါဝင်ဆင်နွှဲမည်မဟုတ်ကြောင်း သိရသည်။
Irrawaddy Literary Festival ကို မန္တလေး မြို့တွင် ကျင်းပနိုင်ရန် ပြီးခဲ့သည့်နှစ် သြဂုတ်လပိုင်း က ဖွဲ့စည်းထားသည့် စာပေပွဲတော် ဖြစ်မြောက်ရေး ကော်မတီ၏ အဖွဲ့ဝင်အများစုသည် ကော်မတီမှ နုတ်ထွက်လိုက်ကြကြောင်း၊ ပွဲတော်လုပ်ငန်း တာဝန်များကို ကော်မတီအနေဖြင့် ဆက်လက် ဆောင်ရွက် မည် မဟုတ်ကြောင်း ကော်မတီအဖွဲ့ဝင်ဟောင်းတဦး ဖြစ်သည့် မန္တလေးမြို့ အခြေစိုက် စာရေးဆရာ၊ သတင်းစာဆရာ ဦးကျော်ရင်မြင့်က ပြောသည်။
”ကော်မတီတော့ ဖွဲ့စည်းထားပြီး တဦး တယောက်တည်းက ခွဲထွက်လုပ်ဆောင်နေတော့ ကော်မတီဝင်တွေကို ဘေးဖယ်ထားသလို ဖြစ်တယ်။ ဒါကြောင့် ကော်မတီရဲ့ တာဝန်ရှိသူ တဦးဖြစ်တဲ့ စာရေးဆရာ ဒေါက်တာ အောင်ကြီးကလည်း ကော်မတီက နုတ်ထွက်ဖို့ စာတင်လိုက်တယ်။ အဲဒီစာကို ဗြိတိန် သံအမတ်ကြီး ဂျိမ်းက လက်ခံတယ်။ ကျနော်တို့လည်း အခု နုတ်ထွက်စာ တင်လိုက်ပြီ။ ဒီအခြေ အနေကို လက်မခံနိုင်တဲ့ မန္တလေးက စာပေအနု ပညာ ရှင် ၇၅ ရာခိုင်နှုန်းလောက်လည်း မပါဝင် တော့ဘူးလို့ သိရတယ်” ဟု ¤င်းက ပြောသည်။
မန္တလေးမြို့တွင် ဧရာဝတီ စာပေပွဲတော် ကော်မတီကို ဖွဲ့စည်းပြီးနောက် တလတကြိမ် အစည်း အဝေး လုပ်ခဲ့ကြပြီး အစည်းအဝေး လုပ်နေစဉ်တွင် စာပေပွဲတော်အတွင်း ရုပ်သေးပွဲ၊ မျက်လှည့်ပွဲစသည့် ဖျော်ဖြေရေးပွဲ ထည့်သွင်းရန် အလှူငွေ လက်ခံရေး ကော်မတီဝင်တဦးမှ အဆိုတင်သွင်းခဲ့ကြောင်း၊ ယင်း အဆိုကို ကော်မတီဝင်အချို့က လက်မခံနိုင်ကြောင်း ကန့်ကွက်ခဲ့သည်ဟု သိရသည်။
ယင်းအပြင် စာပေပွဲတော်အတွင်း ဖျော်ဖြေရေးပွဲ ထည့်သွင်းရေးနှင့် ပတ်သက်ပြီး လက်ခံကြသူ လူနည်းစုက ကော်မတီအတွင်းမှ ခွဲထွက်ပြီး သီးသန့် ဆောင်ရွက်မှုများကို လုပ်ဆောင်လာသည့်အတွက် မန္တလေးမြို့ အခြေစိုက် စာပေအနုပညာရှင်များက ဧရာဝတီ စာပေပွဲတော် ကျင်းပရေးကို ကန့်ကွက် လာကြောင်း သိရသည်။
”အလှူငွေ လက်ခံပြီဆိုကတည်းက ငွေကြေးပိုင်း ပါလာပြီ။ ငွေကြေး ပါလာရင် နာမည်ပျက်တာ များတယ်။ ဒါကြောင့် လက်မခံတာ။ ဖျော်ဖြေပွဲ ထည့်ပြီဆို ရန်ပုံငွေ လိုတယ်။ သံအမတ်ကြီး ဂျိမ်း (ယမန်နှစ်ကအထိ မြန်မာနိုင်ငံဆိုင်ရာ အင်္ဂလန်သံအမတ်ကြီးတာဝန် ထမ်းဆောင်သွားသူ) ပြောဆိုချက်အရတော့ အဲဒီအတွက် ရန်ပုံငွေမရှိဘူး လို့ ပြောတယ်။ ကျနော်တို့ကတော့ ငွေကြေးတွေ မပါလာစေချင်ဘူး။ ဒါကြောင့် ဖျော်ဖြေရေးကို ကန့် ကွက်ကြတယ်” ဟု ဦးကျော်ရင်မြင့်က ပြောသည်။
ကော်မတီအား မူလတာဝန်ယူ လုပ်ဆောင်နေသည့် လူပုဂ္ဂိုလ်များ နုတ်ထွက်သွားခြင်းကြောင့် မန္တလေး အခြေစိုက် ကာတွန်း၊ သရုပ်ဖော် ပညာရှင် ၃ဝ ကျော်က ဧရာဝတီ စာပေပွဲတော်တွင် ပါဝင် တော့မည်မဟုတ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ် အတွင်းက ထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး မန္တလေးမြို့ အခြေစိုက် ကာတွန်းဆရာ အောင်မော်က ”ကျနော် တို့ လေးစားရတဲ့ ဆရာတွေ မပါဝင်တော့တဲ့အတွက် ကျနော်တို့ သဘောဆန္ဒနဲ့ နုတ်ထွက်တာပါ” ဟု ပြောသည်။
ဒုတိယအကြိမ်မြောက် ဧရာဝတီ စာပေပွဲတော် ကို လာမည့် ဖေဖော်ဝါရီလ ၁၄၊ ၁၅၊ ၁၆ ရက်များ တွင် မန္တလေးမြို့ ကုသိုလ်တော်ဘုရား၌ ၃ ရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း၊ အဆိုပါ စာပေ ပွဲတော်ကို မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီးဟောင်း၏ ဇနီး Jane Heyn ဦးဆောင်မှုဖြင့် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
ဒုတိယအကြိမ် ကျင်းပမည့် ဧရာဝတီ စာပေ ပွဲတော်တွင် မန္တလေး ပန်းချီဆရာများက ပန်းချီ ပြခန်းတခု ပါဝင်ပြသမည်ဖြစ်ကြောင်း၊ စာပေပွဲတော်သို့ မန္တလေးအခြေစိုက် စာပေအနုပညာရှင် ၆ဝ ဦး၊ ရန်ကုန်မှ စာပေအနုပညာရှင် ၃ဝ ဦးနှင့် နိုင်ငံတကာ စာပေပညာရှင် ၂၆ ဦး ပါဝင်မည် ဖြစ်ကြောင်း လက်ရှိ စာပေပွဲတော် ကော်မတီအဖွဲ့ဝင်တဦးဖြစ်သူ ဒေါ်မမနိုင်က ပြောသည်။
”အစီအစဉ် အသေးစိတ်ကိုတော့ မဆွဲရသေး ဘူး။ စာရေးဆရာ၊ ကဗျာဆရာ၊ ပန်းချီဆရာ ၆ဝ ကျော် လောက်တော့ ပါမယ်ထင်တယ်။ သံအမတ်ကြီး ကတော် ဂျိမ်း ရောက်လာတဲ့အခါမှ ဘယ်စာတမ်းတွေ ပါမယ်ဆိုတာ ဆုံးဖြတ်သွားမယ်” ဟု ¤င်းက ပြော သည်။
စာပေပွဲတော်တွင် စာအုပ်ဆိုင်ပေါင်း ၁ဝ ခန်း ကျော် ပါဝင်ပြသရန် ခန့်မှန်းထားကြောင်း၊ မန္တလေး တွင် ကျင်းပမည့် ယခုနှစ် ဧရာဝတီ စာပေပွဲတော်၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တက်ရောက်ရန် ဖိတ်ကြားထား ကြောင်း သိရသည်။
ပထမဆုံးအကြိမ် ကျင်းပသည့် ဧရာဝတီ စာပေပွဲတော်ကို ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက ရန်ကုန်မြို့၊ အင်းယားလိတ် ဟိုတယ်တွင် ကျင်းပ ခဲ့ပြီး ယခုနှစ်တွင် ကျင်းပမည့် ဒုတိယအကြိမ်မြောက် ဧရာဝတီ စာပေပွဲတော်ကို မန္တလေးမြို့၌ ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။