Mr & Miss University Myanmar 2014 (တက္ကသိုလ်ပေါင်းစုံ မောင်၊ မယ် ပြိုင်ပွဲ – ၂၀၁၄) မှာ နောက်ဆုံး ဆန်ခါတင် စခန်းသွင်းလေ့ကျင့်တဲ့ အဆင့်အထိ ပါဝင်ခဲ့တဲ့ မောင်ကျော်ဇောဟိန်း (ခ) ကောင်းမြတ်ဟိန်း (၂၀ နှစ်) ဟာ စခန်းသွင်း လေ့ကျင့်ရာ Yangon City Golf Resort Hotel ရဲ့ ရေအနက် ၁၀ ပေရှိတဲ့ ရေကူးကန်မှာ ဇန်နဝါရီ ၂၁ ရက်နေ့ ညက ရေနစ်ပြီး ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။
တက္ကသိုလ်ပေါင်းစုံ မောင်၊ မယ် ပြိုင်ပွဲ – ၂၀၁၄ ရဲ့ တာဝန်ရှိသူ တဦးကတော့ မောင်ကျော်ဇော်ဟိန်း(ခ) ကောင်းမြတ်ဟိန်း ကွယ်လွန်သွားခြင်းနဲ့ ပတ်သက်ပြီး “ကာယကံရှင် မိသားစု တောင်းဆိုလာတဲ့ အပေါ် မူတည်ပြီး ဖြေရှင်းသွားဖို့ ရှိပါတယ်။ ရဲ စစ်ဆေးချက် အဖြေထွက်မှ ဘယ်လိုကြောင့် သေဆုံးသွားတယ် ဆိုတာ သိရမှာပါ။ ၂၄ ရက်နေ့မှာ လုပ်မယ့် လူရွေးချယ်မှု ကိုလည်း တာဝန်ရှိ လူကြီးတွေနဲ့ တိုင်ပင်ပြီး ရွှေ့ဆိုင်းပါမယ်” လို့ ဧရာဝတီကို ပြောပါတယ်။
တက္ကသိုလ်ပေါင်းစုံ မောင်၊ မယ် ပြိုင်ပွဲကို August Myanmar Media က တာဝန်ယူ ကျင်းပပြုလုပ်ပေးတာ ဖြစ်ပြီး ဆန်ခါတင် အဆင့်မှာ မောင်ကျော်ဇောဟိန်း (ခ) ကောင်းမြတ်ဟိန်း အပါအဝင် ကျား ၁၈ ဦး၊ မ ၁၈ ဦးတို့ကို ဇန်နဝါရီ ၁၇ ရက်ကနေ ၂၂ ရက်နေ့ အထိ Yangon City Golf Resort Hotel မျာ စခန်းသွင်း လေ့ကျင့်နေခဲ့တာ ဖြစ်ပါတယ်။
မောင်ကျော်ဇော်ဟိန်း (ခ) ကောင်းမြတ်ဟိန်းဟာ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ် အင်္ဂလိပ်စာ မေဂျာကျောင်းသား ဖြစ်ပြီး ပြိုင်ပွဲများစွာမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ သူဟာ ဇာတ်ကားတချို့မှာ ပါဝင် သရုပ်ဆောင်ထားတဲ့ မျက်နှာသစ် မော်ဒယ်လ် သရုပ်ဆောင် တယောက်လည်း ဖြစ်ပါတယ်။
ကွယ်လွန်သွားတဲ့ မောင်ကျော်ဇောဟိန်း (ခ) ကောင်းမြတ်ဟိန်းရဲ့ ကျန်ရှိတဲ့ ရုပ်ကလာပ်ကို ဇန်နဝါရီ ၂၅ ရက် နေ့လယ် ၂ နာရီ ရေဝေးသုဿန်မှာ သင်္ဂြိုဟ်မယ်လို့ သိရှိရပါတယ်။