Ethnic Issues

ဘားအံ ဆွေးနွေးပွဲတွင် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရန် မဖြစ်နိုင်သေး

This article has been converted from Zawgyi One to Unicode

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တွေ့ဆုံမည့် ဘားအံ ဆွေးနွေးပွဲတွင် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုး မည့် အချိန်ကို တိကျစွာထုတ်ပြန်နိုင်ဦးမည် မဟုတ်သေးကြောင်းနှင့် လက်မှတ်ထိုးရန် မဖြစ်နိုင်သေးကြောင်း တိုင်းရင်းသား ခေါင်း ဆောင်များက ပြောသည်။

ကရင်ပြည်နယ် ဘားအံမြို့တွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲကို လာမည့် ဖေဖော်ဝါရီလ အတွင်း ကျင်းပရန် ရှိကြောင်း သိရသည်။

“အဓိကကတော့ ဒီမှာက အပစ်အခတ်ရပ်စဲရေး စာချုပ် မူကြမ်းအပြည့်အစုံက ဒီမှာ မရနိုင်သေးဘူး။ ပါသင့်ပါထိုက်တာ၊ ပြင်ဆင် သင့်တာတွေ လောက်ပဲရဦးမယ်။ နောက်ညီလာခံတခု ပေါ်လာဦးမယ် မဆိုနိုင်သေးပေမယ့် နောက်ထပ် ဆွေးနွေးဖို့တော့ လိုဦး မယ်။ တကယ် သဘောတူလို့ရတဲ့ အထိ ဆွေးနွေး ရဦးမယ်။ အကုန်သဘောတူမှ ဦးအောင်မင်းတို့ဆီ ပြရမယ်။ သူတို့ကို ပြမယ် ဆိုရင်လည်း သူတို့ဘက်က ဖြုတ်ဦးမှာ”ဟု တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်ရေး အဖွဲ့(NCCT) အဖွဲ့ဝင် ဦးခွန်ဥက္ကာက ပြောသည်။

ဦးခွန်ဥက္ကာသည် ကရင်ပြည်နယ် ကရင်အမျိုးသား အစည်းအရုံး(KNU)ဌာနချုပ် လောခီးလာတွင် ဇန်နဝါရီ ၂၀ ရက်က စတင် ကျင်းပနေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ညီလာခံတွင် တက်ရောက်နေသူ ဖြစ်သည်။

ယခုညီလာခံ အပြီးတွင် မတက်ရောက်နိုင်သေးသည့် တိုင်းရင်းသား အဖွဲ့များနှင့် သက်ဆိုင်ရာ တိုင်းရင်းသား အဖွဲ့များကို အသေး စိတ် လိုက်လံ ရှင်းပြရန် စီစဉ်ထားကြောင်းလည်း သိရသည်။

“တိုင်းရင်းသား အဖွဲ့တွေကို လိုက်လံ ရှင်းပြဖို့အတွက် ဆိုင်ရာ တာဝန်တွေ၊ ဥပမာ မြောက်ပိုင်းဆို မြောက်ပိုင်း၊ တောင်ပိုင်းဆို တောင်ပိုင်း လိုက်ရှင်းပြဖို့ အတွက် ခွဲပြီး လုပ်ကြမယ်။ အကုန် သဘောတူညီချက်ရပြီး ဆက်လုပ်မှာကို။ ဒီမှာလည်း ထပ်ပြီး ညှိတာတွေလည်း ရှိလာနိုင်တယ်”ဟု ဦးခွန်ဥက္ကာ က ပြောဆိုသည်။

ယခုညီလာခံတွင် အပြီးသတ်၊ အချောသတ် ဆုံးဖြတ်ချက် တစုံတရာ ထွက်လာနိုင်မည်ဟု ဆိုသော်လည်း အချိန်အနည်းငယ် ထပ်မံ ဆွေးနွေးရန် လိုသေးကြောင်း ကချင် လွတ်လပ်ရေး တပ်မတော်(KIA) ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်ကလည်း ပြော သည်။

“တိုင်းရင်းသား ခေါင်းဆောင်ပိုင်းတွေနဲ့ ဒီစာတမ်းကို အတည်ပြုဖို့တော့ တစုံတရာ အစီအစဉ် အစည်းအဝေး တခုတော့ လိုမယ် ဆိုတဲ့ အကြမ်းဖျဉ်း ယူဆချက်ကတော့ ရှိပါတယ်။ ဘယ်လောက်လုပ်မလဲ၊ ဘယ်နေရာမှာ လုပ်မလဲ ဆိုတာကိုတော့ မဆုံးဖြတ် ရသေးပါဘူး”ဟုလည်း ၎င်းက ဆိုသည်။

ယင်းအပြင် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရေးသည် ဘားအံတွင် မဖြစ်နိုင်သေးကြောင်း၊ အစိုးရနှင့် တွေ့မည့် ဘားအံ ဆွေးနွေးပွဲတွင် လက်မှတ်ရေးထိုးမည့် အစီအစဉ်များနှင့် စာကြမ်းများကို အတည်ပြုရန် ဆွေးနွေးမည် ဖြစ်ကြောင်း ဗိုလ်ချုပ် ဂွန်မော်က ပြောသည်။

“နှစ်ပေါင်း ခြောက်ဆယ်ကျော်ကြာတဲ့ ပြဿနာ တခုက ပထမ တချက်က အယူအဆတွေ ကွဲလွဲနိုင်တယ်။ ဒုတိယ တချက် က တော့ လက်ရှိ အနေအထားတွေ ကွဲလွဲနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥပမာ အခု ကျနော်တို့က တချို့က လက်မှတ် ရေးထိုး ထား တယ်။ တချို့က လက်မှတ်ရေးထိုး မထားဘူး။ လက်မှတ်ကို ရေးထိုးမယ်လို့ အားလုံးက သဘောတူသော်လည်းပဲ ဘယ်အချိန်မှာ ရေးထိုးမလဲ၊ ဘယ်အချိန်မှာ အဆင်သင့် ဖြစ်မလဲဆိုတဲ့ အပိုင်းတွေကတော့ တဖွဲ့နဲ့တဖွဲ့ မတူညီနိုင်ပါဘူး။ အဲဒီတော့ မူ အပေါ်မှာ အခက်အခဲ ဖြစ်တာ မဟုတ်ဘဲနဲ့ လက်ရှိ အခြေအနေမှာ လက်တွေ့အကောင်အထည်ဖော်မယ့် အပိုင်းမှာ အခက်အခဲ ဖြစ်တာပဲ။ အဲဒီတော့ ဒီကိစ္စမျိုးက ညှိရပါတယ်။ ဒါကြောင့်မို့ အချိန်တွေ ယူရပါတယ်”ဟု ဗိုလ်ချူပ် ဂွန်မော်က ပြောဆိုသည်။

ယခုညီလာခံတွင် လက်ရှိ လုပ်ငန်းအဖွဲ့ NCCT အဖွဲ့ကို ဖျက်သိမ်း မသိမ်းနှင့် ထပ်မံ တိုးချဲ့ ဖွဲ့စည်းမည် မဖွဲ့စည်းမည်တို့ကို ဆုံးဖြတ် သွားရန် ရှိကြောင်း NCCT အဖွဲ့ဝင် ဖဒိုကွယ်ထူးဝင်းကလည်း ပြောသည်။

ဖဒိုကွယ်ထူးဝင်းက“NCCTလုပ်ငန်း အဖွဲ့ပါ။ အဖွဲ့တခုကို ကိုယ်စားပြု တက်ပေမယ့် တကယ်တမ်း ကိုယ်စားပြုတဲ့သူ က ကိုယ့်အဖွဲ့ကို ပြန်တင်ရတာတွေ ရှိတယ်။ NCCTအဖွဲ့ကို တိုင်းရင်းသားတွေ လက်ခံပါတယ်”ဟု ပြောသည်။

ညီလာခံ တတိယနေ့တွင် တိုင်းရင်းသား အဖွဲ့ငယ်များ တဖွဲ့ချင်းစီ စုစည်း၍ ဆွေးနွေးကာ အမြင် တခုချင်းစီကို တင်ပြ ကြရကြောင်း၊ ယင်းအပြင် လိုအပ်သည့် ပြင်ဆင်ရမည့် စကားလုံးများကို စာရင်းပြုစုထားကာ ပြင်ဆင်နိုင်ရန် စီစဉ်ထားကြောင်း ပြောကြား သော်လည်း ပြင်ဆင်ရန်စီစဉ်သည့် စကားလုံး အတိအကျနှင့် ဆွေးနွေးမှု အပြည့်စုံကို ရှင်းလင်း ပြောကြားခြင်း မရှိသကဲ့သို့ ဆွေးနွေးပွဲ ပြီးဆုံးမည့်ရက်ကိုလည်း အတိအကျ ပြောနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

လောခီးလာ ညီလာခံကို မူလက ဇန်နဝါရီ ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပရန် စီစဉ်ထားသော်လည်း အဓိက ဆွေးနွေးနေသည့် အချက်များ မပြီးပြတ်သေးသောကြောင့် ညီလာခံရက် တရက် ထပ်မံတိုးထားသည်။

Loading