မကြာမီ ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည် သွားဖို့ ပြင်နေတဲ့ ရှမ်းပြည်တောင်ပိုင်းက နမ့်စန်၊ မိုးနဲ၊ လင်းခေးမြို့ များဆီသို့ မကြာသေးခင်က ကျနော် ရောက်ရှိခဲ့ပါတယ်။ ဒီမြို့တွေဟာ ရှမ်းပြည် တောင်ပိုင်းမြို့တော် တောင်ကြီးနဲ့ မိုင် ၁၀၀ ကျော်ရုံလေးသာ ဝေးပေမယ့် ၆- နာရီကျော် ၇- နာရီနီးပါး မီနီဘတ်စ်ကား စီးရပါတယ်။ တောင်ကြီး ကနေ ဟိုပုန်းမြို့ အထိပဲ ပြည်မက ဘုရားဖူးခရီးသည်တွေ အသွားများ ကြပြီး လွိုင်လင်၊ ပင်လုံ၊ မိုင်းပွန်၊ နမ့်စန်၊ မိုးနဲ၊ လင်းခေး၊ မိုင်းပန်၊ မိုင်းတုန် ဘက်သွားသူ အတော်နည်းတယ် လို့ ကားသမား တွေက ပြောပါတယ်။
သူတို့ ပြောတဲ့ အတိုင်းပါပဲ၊ ဟိုပုန်းလွန်တာနဲ့ လမ်းက ကြမ်းတမ်း၊ ကျဉ်းမြောင်းလာပြီး တောင်တက်လမ်း သက်သက် ဖြစ်ပါတယ်။ တဖက်က တောင်နံရံ၊ တဖက်က လျှိုမြှောင် ဆိုတော့ လမ်းချော်သွားရင်တော့ မချောင်ပါဘူး။ ဒါက တောင်ကြီးကနေ လင်းခေးကို ကားနဲ့ သွားမယ် ဆိုရင် ပြောတာပါ။
|
ဒေါ်အောင်ဆန်းစုကြည် ကတော့ တောင်ကြီးကနေ ကားလမ်း အတိုင်း မလာဘဲ ရန်ကုန်ကနေ နမ့်စန်ကို လေယာဉ်နဲ့ တခါတည်း တန်းလာမယ်လို့ ယူဆရ ပါတယ်။ အဲဒီကမှ တဆင့် နမ့်စန်၊ မိုးနဲ၊ လင်းခေးမြို့တွေဆီ မော်တော်ယာဉ် တန်းနဲ့ သွားမယ် လို့ မှန်းဆရ ပါတယ်။ ဒီသုံးမြို့ဟာ ရှမ်းပြည်ထဲက မြန်မာပြည် လို့ ဒေသခံတွေက ခေါ်ကြတဲ့ တောင်ပေါ်က မြေပြန့်ဒေသ ဖြစ်ပါတယ်။
နမ့်စန်မှာ အမှတ် ၇၁ အုပ် တပ်မတော် (လေ) တပ်စခန်း အပါဝင် အစိုးရတပ်စခန်းတွေ၊ အစိုးရရုံးတွေ၊ ဝန်ထမ်းတွေနဲ့ ငြိမ်းချမ်းရေး အဖွဲ့တွေရဲ့ ရုံးခန်းတွေ အတော်များများ ရှိပါတယ်။ ပြီးတော့ ဒီမြို့ဟာ လင်းခေး-မိုင်းတုန်ဘက် သွားတဲ့ လမ်းနဲ့ ကျိုင်းတုံ-တာချီလိတ်ဘက် သွားတဲ့ လမ်းဆုံ လမ်းခွလည်း ဖြစ်တဲ့ အတွက် အချက်အချာ ကျတဲ့မြို့လို့လည်း ဆိုနိုင်ပါ တယ်။ ဒီမြို့ကို ကျော်ပြီး ဆက်သွားရင်တော့ မိုးနဲမြို့ကို ရောက်ပါတယ်။
ဒီမြို့ ၃ ခု စလုံး မြေပြန့် ဆိုပေမယ့် လင်းခေး မဝင်ခင်မှာတော့ လွိုင်လင်နဲ့ မိုင်းပွန်ကြားကလို တောင်တန်း အကွေ့ အကောက် တခုကို ဖြတ်ရပါ သေးတယ်။ အဲဒီ တောင်ကြော လွန်တာနဲ့ ခြံတံခါးကြီးရှိတဲ့ ထူးခြားတဲ့ လင်းခေးမြို့ ဝင် ဆိုင်းဘုတ်ကို တွေ့ရမှာ ဖြစ်ပါတယ်။ ဟိုဘက်ကို ကြည့်လိုက်တော့ မြင့်မားလှတဲ့ တောင်တန်းကြီး တခုက ကန့်လန့်ဖြတ်တည်ရှိနေပါတယ်။ အဲဒီ တောင်နဲ့ လင်းခေးမြို့ ကြားမှာတော့ နမ့်တိန်းချောင်း။ ဝါးနဲ့ လုပ်ထားတဲ့ ရေဒလက်တွေနဲ့ ရေတင်ပြီး စိုက်ပျိုးရေး လုပ်နေကြတာ တွေ့ရပါတယ်။ ဆေးရွက်ကြီး စိုက်ခင်းတွေကို တွေ့နေပြီး တရုတ်ဘက်ကနေ အဝယ်လိုက်နေတယ်လို့ တောင်သူ တဦးက ပြောပါတယ်။
တောင်ပေါ်မှာ ပေါက်တဲ့ ထင်းရှူးတွေ၊ ယူကလစ်တွေ မရှိဘဲ မန်းကျည်းပင်၊ တမာပင်နဲ့ ထနှောင်းပင်တွေကို တွေ့မိတော့ အတော် အံ့သြသွား ပါတယ်။ ဒါကြောင့် လင်းခေးကို ရှမ်းပြည်ထဲက အညာမြို့လို့ ခေါ်ကြတာ ဖြစ်မယ် ထင်ပါတယ်။
ဒီမြို့မှာ ရှမ်းတိုင်းရင်းသား အများစု နေထိုင်ပါတယ်။ အဲဒီကနေ တောင်ပြာတန်းကြီးကို ကျော်ပြီး မိုင်းပန်-မိုင်းတုန်ဘက် ထွက်လိုက်ရင် နေ့တဝက်လောက်နဲ့ ထိုင်းနယ်စပ်ကို ရောက်နိုင်ပါတယ်။ တခါ နမ့်တိန်းချောင်း အဆုံးကနေ သံလွင်မြစ်ကိုဖြတ်၊ အရင်က နာမည်ကြီးခဲ့တဲ့ ဘိန်းဘုရင် ခွန်ဆာရဲ့ နယ်မြေ ဟိုမုန်းမြို့ကနေဖြတ်ဝင်ရင် တရက်တည်းနဲ့ မယ်ဟောင်ဆောင် အထိ ရောက်သွားနိုင်ပါတယ်။
တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ ပြည်နယ်မြို့တော် တောင်ကြီးနဲ့ ရန်ကုန်က ၂ ရက်တာ ခရီးဝေးပေမယ့် ထိုင်းနိုင်ငံက မယ်ဟောင်ဆောင်နဲ့တော့ တနေ့တာ ခရီးသာရှိတဲ့ အတွက် ဒီမြို့က လူတွေ အတော်များများ ပြည်မထက် ထိုင်းနိုင်ငံဘက် သွားပြီး အလုပ်လုပ်ကြတာ ဖြစ်ပုံရပါတယ်။ ဒါက လင်းခေးမြို့မြင်ကွင်း အကြမ်းထည်ပါ။
အခု ဒေါ်အောင်ဆန်းစုကြည် သွားမှာက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ၂၀၁၅ ရွေးကောက်ပွဲ ကိစ္စဆိုတော့ ဒီမြို့ရဲ့ နိုင်ငံရေး နောက်ခံကိုပါ ပြောဖို့လိုမယ် ထင်ပါတယ်။ ခွန်ဆာရဲ့ ဌာနချုပ်ဟောင်းနဲ့ သိပ်မဝေးဘူး ဆိုကတည်းက ဒီဘက်မှာ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေရဲ့ လှုပ်ရှားမှု အားကောင်းခဲ့တယ် ဆိုတာ ရှင်းပြဖို့ လိုမယ် မထင်ပါ။
၁၉၉၀ ရွေးကောက်ပွဲတုန်းက NLD ပါတီရဲ့ အဓိက မဟာမိတ်ဖြစ်ခဲ့တဲ့ SNLD ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (ကျားခေါင်းပါတီလို့ ဒေသခံတွေက ခေါ်ကြပါတယ်) က ဒီမြို့မှာ အနိုင်ရခဲ့ ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာတော့ ကျားခေါင်း ပါတီက ဝင်မပြိုင်ဘဲ ကျားဖြူပါတီလို့ ဒေသခံတွေက ခေါ်ကြတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP က ဝင်ပြိုင် အနိုင်ရခဲ့ပါတယ်။
အခု ၂၀၁၅ မှာတော့ လက်ရှိ အနိုင်ရထားတဲ့ SNDP ၊ ၂၀၁၀ ကို သပိတ်မှောက်ခဲ့တဲ့ SNLD၊ အခု ပါတီ ဥက္ကဌ ကိုယ်တိုင် ဒီမြို့ဆီ ရောက်လာမယ့် NLD ပါတီ၊ ၂၀၁၀ တုန်းက ဒုတိယနေရာက ကပ်လိုက်နေတဲ့ ကြံ့ခိုင်းရေး ပါတီ USDP နဲ့ တတိယ နေရာကလိုက်နေတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) စသဖြင့် ပါတီ ၅ ခု စလုံး ဝင်ပြိုင်မယ်လို့ ယူဆရ ပါတယ်။ ဘာကြောင့်လဲ ဆိုရင် ဒီပါတီ ၅ ခုစလုံးရဲ့ ဆိုင်းဘုတ်တွေကို လင်းခေးမြို့မှာ တွေ့ခဲ့ရလို့ ပါ။
မိုးနဲနဲ့ နမ့်စန်ဘက်က အခြေနေကို ကြည့်မယ် ဆိုရင်တော့ ၁၉၉၀ တုန်းက SNLD က ၂ နေရာ စလုံးမှာ အနိုင်ရခဲ့ ပေမယ့် အခု ၂၀၁၀ မှာတော့ SNDP က မိုးနဲမှာပဲ နိုင်ပြီး နမ့်စန်မှာတော့ USDP က အနိုင်ရ သွားပါတယ်။ ဒါက မြို့နယ်တခုမှာ တဦးစီ ရွေးရတဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် နေရာကို ပြောတာပါ။ ၂၀၁၀ မှာ ထပ်တိုးလာတဲ့ အမျိုးသားလွှတ်တော် တနေရာနဲ့ ပြည်နယ်လွှတ်တော် ၂ နေရာ အခြေနေကိုပါ ပြောရမယ် ဆိုရင် လင်းခေးနဲ့ မိုးနဲမှာ နေရာအားလုံးကို ကျားဖြူပါတီက အနိုင်ရခဲ့ပေမယ့် နမ့်စန်မှာတော့ ကျားဖြူပါတီက ပြည်နယ်အမတ် တနေရာသာ နိုင်ပြီး ကျန်နေရာတွေကို ကြံ့ခိုင်ရေးက နိုင်သွားပါတယ်။
အခု ၂၀၁၅ မှာရော ဒီ ၃ မြို့မှာ ဘယ်ပါတီက အနိုင်ရဖွယ် ရှိမလဲ။ SNDP လား။ SNLD လား ။ ဒါမှ မဟုတ် ဒီ ရှမ်းပါတီ နှစ်ခု ပူးပေါင်းပြီး ဝင်ပြိုင်မှာ လား။ နောက်တခါ NLD ကရော ဒီသုံးမြို့မှာ ဝင် ပြိုင်ဖို့ စဉ်းစားထားသလား။ အခုချိန် အထိတော့ ရှင်းရှင်းလင်းလင်း မရှိလှသေးပါဘူး။
ဒါပေမယ့် ရှင်းနေတဲ့ အချက် တခုကတော့ လက်ရှိ လွှတ်တော် ၃ ခု စလုံံးမှာ အမတ်နေရာ အများစု ယူထားတဲ့ ကြံ့ခိုင်ရေး ပါတီကတော့ ဒီသုံးမြို့နယ် အပါဝင် နေရာတိုင်းမှာ ဝင်ပြိုင်မယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။ တိုင်းရင်းသား ပါတီတွေနဲ့ရော တစည ပါတီနဲ့ပါ မဟာမိတ် ဖွဲ့မယ့်သဘော၊ အပေးယူလုပ်မယ့် သဘောလည်း မမြင်ရသေးပါဘူး။
အခု ဒီဒေသဆီ ရောက်လာတဲ့ NLD ပါတီက ဘယ်လိုလဲ။ ကြံ့ခိုင်ရေး ပါတီလိုပဲ မဲဆန္ဒနယ်အားလုံးမှာ ဝင်ပြိုင်မှာလား။ တိုင်းရင်းသား ဒေသတွေမှာ ဝင်မပြိုင်တော့ဘဲနဲ့ နိုင်ခြေရှိတဲ့ တိုင်းရင်းသားပါတီတွေကို မဟာမိတ်ဖွဲ့ပြီး အပေးအယူ လုပ်ဖို့ စိတ်ကူး ရှိသလား။ အခု သွားရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်က ရွေးကောက်ပွဲ မဲဆွယ်ရေး အတွက်မဟုတ်ဘဲ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စအဆင့်သာ ရှိသေးတဲ့ အတွက် ဒါကို ပြောဖို့ စောနေသေးတယ် လို့ ဆင်ခြေ ပေးကောင်း ပေးနိုင်ပါတယ်။
သေချာတာ ကတော့ ဒီမိုကရေစီ အရေးနဲ့ တိုင်းရင်းသား တန်းတူရေးကို တပြိုင်တည်း ဆောင်ရွက်ဖို့ လိုတယ်ဆိုတဲ့ မူကို လက်ခံတယ် ဆိုရင်တော့ ဒီလို မဟာမိတ်ဖွဲ့ရေး ကိစ္စ၊ မဲဆန္ဒနယ် တခုတည်းမှာ ဒီမိုကရေစီ လိုလားတဲ့ တိုင်းရင်း သား ပါတီ တွေနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့ ထိပ်တိုက်ဝင် မပြိုင်မိဖို့ လိုပါပြီ။ အဲဒီလို ဝင်ပြိင်မိပြီး မဲကွဲသွားရင် တော့ ကြံံ့ခိုင်ရေး ပါတီက ကြားချောင် အနိုင်ရသွားနိုင်ပါတယ်။ အဲဒီလို ဖြစ်မသွားစေဖို့ NLD နဲ့ တိုင်းရင်းသား ပါတီတွေကြား အသေချာ ဆွေးနွေးဖို့ လိုကိုလိုအပ် နေပြီ ဖြစ်ပါတယ်။ ။