ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ သမ္မတ အရည်အချင်းနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး အတွက် တခုတည်းကို ဦးတည် ပြင်ဆင်မှုများ ပြုလုပ်မည် မဟုတ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ပြောကြားသည်။
ယနေ့ ပြည်သူ့လွှတ်တော်၌ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ သမ္မတ အရည်အချင်း ဆိုင်ရာ ပုဒ်မ ပုဒ်မ ၅၉(စ) ကို ရည်ရွယ်၍ ဦးရွှေမန်းက ပြောခြင်း ဖြစ်သည်။
“သမ္မတ ဖြစ်ခွင့်ရှိရေး ပုဒ်မကိစ္စ နည်းတူ လွှတ်တော်မှာ အင်မတန် အရေးကြီးတဲ့ ကိစ္စတွေ အများကြီး ရှိပါတယ်။ အဓိကက တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ရအောင် မဆောင်ရွက်နိုင်ဘဲနဲ့ မိမိတို့နိုင်ငံ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး အတွက် များစွာအခက်အခဲ ဖြစ်မှာပါ။ အဲဒီကိစ္စတွေ အားလုံး ခြုံငုံပြီးတော့ မိမိတို့ပါတီ၊ မိမိတို့ လွှတ်တော်က သုံးသပ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက သတင်းထောက်များကို ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတ ဖြစ်ခဲ့မည် ဆိုလျှင် မိမိအနေဖြင့် ဝမ်းသာမည် ဖြစ်သော် လည်း နိုင်ငံ တိုးတက်ရေး၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ချောမွေ့ရန် အတွက် ရည်ရွယ်ပြီး ပြုပြင် ပြောင်းလဲသွားမည် ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ လေ့လာသုံးသပ်ရေး ကော်မတီက အစီရင်ခံစာကိုလွှတ်တော် အတွင်းသို့ တင်သွင်းမည့် အချိန်ကိုသာ စောင့်ကြည့် ရမည် ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
လက်ရှိတွင် လွှတ်တော် အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို ပြဌာန်းထားသော ဖွဲ့စည်းပုံ ပြဌာန်းချက် အတိုင်းသာ မလွဲမသွေ ဆောင်ရွက်ရမည် ဖြစ်ပြီး ပြဌာန်းချက်ကို ကျော်လွန် လုပ်ဆောင်နိုင်သော အနေအထားမျိုး မရှိကြောင်း သူရ ဦးရွှေမန်းက ဆိုသည်။
ထို့အပြင် မိမိတို့၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး(ကြံ့ခိုင်ရေး) ပါတီက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် လေ့ လာ သုံးသပ် ထားသော အစီရင်ခံစာ၏ မူဝါဒများနှင့် ပတ်သက်ပြီး “ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အတွက် ဟန့်တား ထားတဲ့ ပုဒ်မ ၅၉(စ) ကို ပြင်ဖို့ ပါကောင်းလည်း ပါနိုင် ပါတယ်။ ဒါပေမယ့် မူဝါဒပိုင်း အရတော့ အဲဒီပုဒ်မ တခုတည်းကို ရည်ရွယ်ပြီး ပြင်ဆင်တာမျိုး မဟုတ်ဘဲ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဦးစားပေး ပြင်သင့်တယ်။ ဒါမှလည်း တရားဥပဒေ စိုးမိုးရေး ဆိုတာ ပါဝင်လာပြီး ပြည်တွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် လူထု သဘောထား ကောက်ယူရန် ချင်းပြည်နယ် သို့ သွားရောက်စဉ် ပုဒ်မ ၅၉(စ) အပါအဝင် လက်ရှိဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်ခြင်း မရှိလျှင် လာမည့် ရွေးကောက်ပွဲသို့ ဝင်ရောက်မည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။
လက်ရှိတွင် တပ်မတော်အနေဖြင့် စစ်မှုရေးရာ တိုက်ခိုက်မှုများတွင်သာ သတ္တိရှိရမည် မဟုတ်ဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင် ရေး အပိုင်းတွင် သတ္တိိရှိရမည် ဖြစ်ကြောင်း၊ မိမိအနေဖြင့် တပ်မတော်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ပက်သက်ပြီး ပြင်ဆင်နိုင်ရေး အပိုင်းကို တိတိကျကျ သိရှိပြီးမှ မိမိတို့ ပါတီ၏ ရှေ့ဆက်သွားရမည့် မူဝါဒများကို ချမှတ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ကြံ့ခိုင်ရေးပါတီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး အစီရင်ခံစာ၏ အချက် ၂၅ ချက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ သား၂ ဦးကို မြန်မာနိုင်ငံသား ဖြစ်ရမည် ဆိုသော အချက်နှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က “ကျမ ကလေးတွေက အခုဆိုရင် အရွယ် ရောက်နေတဲ့သူတွေ ဖြစ်နေပါပြီ။ ဒီကိစ္စက ကျမ ဆုံးဖြတ်ခွင့် မရှိတော့ပါဘူး။ အခု ဒီလို ပြောဆိုတာကိုက ဒီမိုကရေစီ စနစ်နဲ့ ဆန့်ကျင်နေတယ်”ဟု မီဒီယာများသို့ ပြောကြားခဲ့ဖူးသည်။
ထို့အပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လွှတ်တော် အတွင်း ပြင်ဆင်နိုင်ခြင်း မရှိလျှင် လူထုအင်အားဖြင့် ပြင်ဆင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည်။
နိုင်ငံတကာ ကလည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် မရှိလျှင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးသည် အဓိပ္ပာယ် ပြည့်ဝမည် မဟုတ်ကြောင်း ပြောသည်။
“တချို့ကိစ္စက အပြောပဲ ရှိပါသေးတယ်။ လက်တွေ့ ဘယ်လို ဖြစ်လာမလဲ ဆိုတာ မသိပါဘူး။ ဒါ့ကြောင့်မို့ မိမိပါတီကို မိမိပြောတာ လည်း ရှိပြီးပါပြီ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဖို့ဆိုတာ ကောင်းတဲ့အချက်တွေ ဖြစ်ဖို့ပဲ။ ဖွဲ့စည်းပုံကို ပြင်လိုက်လို့ ပြုပြင် ပြောင်လဲရေး အတွက် အရှိန်ကောင်းတွေ ရမယ်ဆိုရင် ပြင်ရမယ်။ ဒီကိစ္စတွေက ဥပဒေ နည်းလမ်းအတိုင်းပဲ ဆောင်ရွက်ရမှာ ဖြစ်လို့ ဥပဒေနည်း လမ်းအပေါ် ကျော်လာတဲ့ ကိစ္စတွေမှာ မိမိတို့ ဆွေးနွေးစရာ မရှိသေးပါဘူး”ဟု သူရ ဦးရွှေမန်းက ဧရာဝတီသို့ ပြောသည်။
အမျိုးသား ဒီမိုကရေ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော် သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး တောင်းဆိုထားမှုနှင့် ပတ်သက်ပြီး သူရ ဦးရွှေမန်းက ထောက်ခံကြောင်း ဆိုသည်။
မိမိအနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကိစ္စများ သာမက နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မည်သည့် ကိစ္စမဆို တွေ့ဆုံ ဆွေးနွေးရေး ကို အစဉ် ထောက်ခံသည့်အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အမြဲပင် တွန်းအားပေးကြောင်း၊ သမ္မတနှင့် ကာကွယ် ရေး ဦးစီးချုပ်တို့သည် အဆိုပါ သဘောထားမျိုးရှိမည်ဟု ထင်မြင်ပြီး မည်သည့် အချက်ကို ပြုပြင်ရမည့် ကိစ္စကတော့ တူညီနိုင်မှု ရှိ၊ မရှိ မသိနိုင်ကြောင်းလည်း ၎င်းက ပြောဆိုသည်။