၉၆၉ ဦးဆောင် ဆရာတော် ဦးဝီရသူနှင့် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးသံတမန် ကွန်ရက်မှ အစ္စလမ် ဘာသာဝင်တချို့ တွေ့ဆုံ ၍ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးဆိုင်ရာ ဆွေနွေးပွဲတရပ် ကျင်းပသည်။
ယင်းတွေ့ဆုံ ဆွေးနွေးပွဲကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ငါးကျမ်းပြန် ကျောင်းတိုက်တွင် ဇန်နဝါရီ ၂၃ ရက်က ကျင်းပခဲ့ခြင်း ဖြစ် သည်။
ဆွေးနွေးပွဲ၌ ဦးဝီရသူက မိမိအား ပြည်ပရောက် လူနည်းစု မွတ်စလင် တချို့က ဘာသာရေး လှုံ့ဆော်မှုများ၊ လူမျိုးရေး အဓိကရုဏ်း များ ပြုလုပ်ဖန်တီးနေကြောင်း စွပ်စွဲနေခြင်းများ ရှိကြောင်း၊ ထိုကဲ့သို့ ကိစ္စရပ်များတွင် ပါဝင် ပတ်သတ် ဆက်နွယ်ပြီး ပြုလုပ်ခဲ့ သည်များရှိပါက မိမိကိုယ်တိုင် သင်္ကန်းချွတ်၍ လူဝတ်လဲပေးမည်ဖြစ်ကြောင်း သတင်း မီဒီယာကို မိန့်ကြားသည်။
“လူနည်းစု မွတ်စလင်လူမျိုးတွေက ဆဲရေးတိုင်းထွာမှုတွေ၊ လူသတ်ပါတယ်ဆိုတဲ့ စွပ်စွဲမှုတွေ လုပ်နေတာ တွေ့ရတယ်။ အကယ်၍ များ သူတို့တွေပြောသလို အဲဒီလို လှုံ့ဆော်တဲ့ ကာယကံမြောက်၊ ဝစီကံမြောက် ကျူးလွန်ခဲ့တယ်ဆိုရင် ဦးပဉ္စင်းကိုယ်တိုင် လူထွက် ပေးလိုက်မယ်”ဟု ဦးဝီရသူ က မိန့်သည်။
ထို့အပြင် ၉၆၉ လှုပ်ရှားမှုများအပေါ် ဘာသာခြားများမှ လွဲမှားစွာ သံသယ ဖြစ်ပွားနေမှုများ ရှိကြောင်း၊ ၎င်းအနေဖြင့် ငြိမ်းချမ်းမှုကိုသာ အလေးထား ဟောပြောခြင်းများပြုလုပ်ကြောင်းလည်း မန္တလေး မစိုးရိမ်တိုက်သစ် ကျောင်းမှ ဆရာတော် ဦးဝီရသူက မိန့်ဆိုသည်။
“ပဲခူး၊ အုတ်ဖို၊ ကြို့ပင်ကောက်လို အရင်က ဘာသာရေး အဓိကရုဏ်းတွေ ကြီးကြီးမားမား ဖြစ်ခဲ့တဲ့နေရာတွေမှာ ဦးပဉ္စင်းတို့ ရောက် တော့ အေးအေးချမ်းချမ်း ဖြစ်နေပြီ၊ ဦးပဉ္စင်းတို့ ရောက်ခဲ့တဲ့ နေရာတွေမှာ ဘာသာရေးဆိုင်ရာ ပြဿနာမျိုးတွေ နောက် ထပ် မဖြစ်ဘူးလို့ ယုံကြည်တယ်”ဟု ဆရာတော် ဦးဝီရသူက ဆိုသည်။
ထို့အပြင် ပြဿနာရပ်များအား ဥပဒေမဲ့ တုံ့ပြန်ခြင်းများ မပြုလုပ်သင့်ကြောင်းနှင့် ထိုကဲ့သို့ ပြုမူဆောင်ရွက်ခြင်းသည် ဘာသာရေး၊
လူမျိုးရေး ပြဿနာများကို ပိုမို ကြီးထွားလာနိုင်သည်ဟုလည်း ၎င်းက မိန့်သည်။
အဓိကရုဏ်း ဖြစ်စဉ်များသည် သာမန်ရာဇဝတ်မှုများမှ ကြီးထွားလာကာ ဖြစ်ပေါ်လာရခြင်းကြောင့် ဥပဒေနှင့်အညီ ဝိုင်းဝန်း ဆောင် ရွက်သင့်ကြောင်း ဦးဝီရသူက မိန့်ကြားသည်။
ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေး သံတမန် ကွန်ရက်မှ ဒိုင်းမွန်း ဦးရွှေကြည်ကလည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေး အပြောင်းအလဲ ကာလတွင် ဘာသာရေး၊ လူမျိုးရေး ဂယက်ရိုက်ခတ်မှု ကြီးထွားသည့်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ရပ်တန့်သွားစေနိုင်ကြောင်း နှင့် ယဉ်ကျေးမှု ထိုးဖောက်မှုများကြောင့် ပြဿနာများ ဖြစ်ပွားလာရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
“ပြဿနာတွေကို ပြန်လည်ထောက်ဆကြည့်ရင် ပဋိပက္ခ ဖြစ်စဉ်တွေမှာ ဆင်းရဲသား အောက်ခြေ လူတန်းစားတွေပဲ ခံရတာများတယ်၊ ချမ်းသာပါတယ်ဆိုတဲ့လူတွေ ခရိုနီကြီးတွေက အဓိကရုဏ်းတွေဖြစ်ရင် သူတို့ဘာမှ မဖြစ်သလို အေးအေး ဆေးဆေး နေလို့ ရတယ်။ ကျနော်တို့တွေ ယဉ်ကျေးမှု ဖလှယ်ရေး Culture Exchange တွေလုပ်ကြရမယ်။ ဆရာတော့်မှာ အထောက် အထားတွေ ရှိတယ်။ ဆရာတော် ကယ်ခဲ့တဲ့ ဒုက္ခသည်ပေါင်း အများကြီးရှိတယ်။ လူမျိုးရေးမခွဲခြားဘဲ၊ ဘာသာရေးမခွဲခြားဘဲ လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်တွေ အများကြီးရှိပါတယ်”ဟု ဦးရွှေကြည်က ပြောသည်။
ဆရာတော် ဦးဝီရသူအနေဖြင့် ၉၆၉ လှုပ်ရှားမှုတွင် ဦးဆောင်ဆရာတော်တပါး ဖြစ်သည်နှင့်အညီ ဘာသာခြားလူမျိုးတို့၏ ၉၆၉ လှုပ် ရှားမှုအပေါ် လွဲမှားစွာ ထင်မြင်ယူဆချက်များအပေါ် လေ့လာသုံးသပ် သင့်ကြောင်း ဦးရွှေကြည်က ပြောကြားသွားသည်။
၉၆၉ လှုပ်ရှားမှုများကို ၂၀၁၂ ခုနှစ်အတွင်းက ရခိုင်ပြည်နယ် ၌ လူမျိုးရေး ဘာသာရေး အခြေခံသည့် ပဋိပက္ခ အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက်ပိုင်း မြန်မာပြည်အနှံ့ ပြုလုပ်လာခြင်း ဖြစ်သည်။ သို့သော် နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့က စည်းကမ်း ဥပဒေနှင့် မညီညွတ်ကြောင်း ထုတ်ပြန်ထားသည်။